Wednesday, 24 October 2012

ဆန်ကြမ်းတစ်ဘူး ငါးရာနှင့် မြောက်ဖျားသားများ ဘဝ


ရေးသားသူ- အောင်ခိုင်
“နောင်မွန်းက ပူတာအိုကို ခြေ ကျင်လျှောက်လာတာ သုံးရက် ကြာတယ်”
ကချင်ပြည်နယ် နောင်မွန်းမှ ပူတာအိုသို့ ၇၄ မိုင် ခရီးကို ၃ ရက်ကြာ
ခြေလျင်ခရီးနှင်လာခဲ့ သည့် အသက်(၇၂)နှစ်အရွယ်

လီဆူးတိုင်းရင်းသားကြီး ဦးထုံဖူးရင်က တုန်ယင်နေသော အသံဖြင့်ဖွင့်ဟပြောဆိုခြင်းဖြစ်သည်။

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍မျက်စိဝေဒနာရှင်များကို အခမဲ့ဆေးကုသ ပေးမည့်သတင်းကို

ကြားသဖြင့် အခမဲ့ မျက်စိစမ်းသပ်ခွင့်ရရေး အရွယ်နှင့်မမျှခရီးရှည်နှင်လာရ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက် အစွန်ဆုံး ခရိုင်ရုံးစိုက်ရာဖြစ် သော ပူတာအိုဒေသမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှပြီး မြစ်ကြီးနားလမ်းကိုသာ

အားထား နေရသည်။ သူတို့ဒေသ၏ တစ်ခုတည်းသော ကုန်းလမ်းထွက်ပေါက်ဖြစ်သည့် မြစ်ကြီးနားလမ်းမှာ အစိုးရနှင့် ကေအိုင်အေကြား
ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်လခန့်မှစ၍ပိတ်ထားခဲ့ရသည့်အတွက် လေကြောင်းဆက်သွယ်ရေးသည်သာ

အသက်ဆက်ရာ ဖြစ်လာတော့သည်။

နောက်ဆက်တွဲ အကျိုးဆက်အဖြစ်ပူတာအိုဒေသတွင် မကြုံစဖူး ကုန်ဈေးနှုန်းများ မြင့်တက်လာရသည်ဟု ဒေသခံများက ပြောသည်။

“ထမင်းက အမြဲမစားနိုင်ဘူး။ တောထဲဝင်ပြီး ပိန်းဥတို့၊ သစ်မြစ်တို့ ရှာပြီးပြုတ်စားတယ်” ဟုမချမ်းဘောမြို့နယ်မှ ရ၀မ်တိုင်း
ရင်းသားကိုနောမင်ကပြောသည်။

ပူတာအို မြစ်ကြီးနားလမ်း ကို ပိတ်ထားခဲ့ရသည့်နောက်ပိုင်း ကုန်စည်များကိုလေယာဉ်ဖြင့်သာ သယ်ယူရခြင်း၊ ဒေသတွင်း စိုက်ပျိုးနိုင်သည့်

မြေလွတ်မြေရိုင်း နည်းပါးခြင်းတို့အပြင် ရာသီဥတု ကြောင့်လည်း ယခုကဲ့သို့ အဆိုး ၀ါးဆုံး အခြေအနေကို ကြုံတွေ့ရ ခြင်း ဖြစ်ကြောင်း

သိရသည်။

“မနှစ်က နေအရမ်းပူတယ်။ ဒီနှစ်ကျ မိုးအရမ်းများတယ်။ ထွက်နှုန်းမကောင်းဘူး” ဟု မူလာရှီးဒီ၊ ရွာသားတစ်ဦးကပြောသည်။
ခန္တီးလွင်ပြင်ဟု ထင်ရှားသော ပူတာအိုဒေသတွင် လက်ရှိ ကုန်ဈေးနှုန်းများမှာ ပြည်မထက် ငါးဆခန့်မြင့်တက်နေသည်ဟု အစိုးရ၀န်ထမ်းများက

ပြောသည်။ “ဒေသဆန်တစ်ဘူးကို ငါးရာ၊ မုန့် ညင်းဆီ တစ်ပိဿာငါးထောင်၊ ရေသန့်တစ်ဘူး တစ်ထောင်” ဟု ပညာရေးဝန်ထမ်းတစ်ဦးက

ဆိုသည်။ ပူတာအိုခရိုင်သည် မြို့နယ် ပေါင်းငါးမြို့နယ်ရှိပြီး လူဦးရေ ကိုးသောင်းနှင့်တစ်သိန်းကြားရှိသည်။

စားဝတ်နေရေး အခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ဒေသခံများ၏ စီးပွားရေး၊ ပညာရေး အစစ အရာရာ

နိမ့်ကျနေသော ပူတာအိုဒေသမှာ တကယ်တမ်းဆိုရလျှင် ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ထားရာ

ဒေသဖြစ်သည်။ ကမ္ဘာကျော် ရေခဲတောင်များ တည်ရှိခြင်း၊ ရ၀မ်၊ လီဆူး၊ ခန္တီး ရှမ်း၊ ကချင်စသော တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များကို

လေ့လာနိုင်ခြင်းတို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှုများ ရာ ဒေသဖြစ်သည်ဟု ဧည့်လမ်းညွှန်များက ပြောသည်။

“မြန်မာနိုင်ငံမှာ Nature အရ အကောင်းဆုံးက ပူတာအိုဒေသပဲ”ဟု မလိခ Lodge မှ ဧည့်လမ်းညွှန်ကိုသော မတ်စ်က ပြောသည်။

သယ်ယူပို့ဆောင်ရေး အကန့်အသတ်ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသလို ဖြစ်ပြီးကမ္ဘာလှည့်ခရီးသွားများမှာ ပူတာအိုဒေသကို

စိတ်ဝင်စားမှုတစ်နေ့တခြားမြင့်တက်လာ ရခြင်းဖြစ်သည်။

“ပူတာအိုကို လာရင် ကက(ကြည်း)ရဲ့ ခွင့်ပြုချက်လိုတယ်။ နောက်ပြီး လေကြောင်းကပဲ လာတာများတယ်”ဟု အထက်ပါ ဧည့်

လမ်းညွှန်ကဆိုသည်။

ပူတာအိုဒေသ၏ ခရီးသွား ရာသီမှာ အောက်တိုဘာလမှ မေလအထိဖြစ်ပြီး တစ်ရာသီလျှင် ကမ္ဘာလှည့်ခရီးသည် ခြောက်ရာခန့်

ဝင်ရောက်ကြောင်း သိရသည်။

အဆိုပါ ကာလများတွင် ဒေသခံများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများလာခြင်းကြောင့် စီးပွားရေးချောင်လည်မှုကို

အထိုက်အလျောက်ရကြောင်း ဧည့်လမ်းညွှန်များနှင့် ဒေသခံများက 7Day News သို့ ပြောကြသည်။

အနိမ့်ဆုံး ၁၁ ရက် တက်ရသော ရေခဲတောင် ခရီးကြမ်းများ၊ ကမ္ဘာပေါ်တွင် ဒုတိယရေစီးအကြမ်းဆုံး မေခမြစ်တွင် Raftingစီးနိုင်ခြင်းတို့ကြောင့်

ယခုခရီးသွား ရာသီတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာမည်ဟု ခန့် မှန်းထားကြသည်။ ဒေသခံများမှာ သူတို့ကို မုန့်ဖိုးများ

ရက်ရောစွာ ပေးတတ်ကြသော ကမ္ဘာလှည့် များကို စောင့်မျှော်နေကြသည်။

အောက်တိုဘာ ပထမပတ်တွင် သူတို့၏ မျှော်လင့်ချက်များ မှာေ၀၀ါးသွားခဲ့သည်။
“ကက (ကြည်း) က လုံခြုံရေးအရခွင့်ပြုချက်ပိတ်လိုက်တယ်လို့ ရန်ကုန်အေဂျင်စီတွေက အကြောင်းကြားတယ်။ ဒီက အာဏာပိုင်တွေ ကို

မေးတော့ သူတို့လည်း မသိကြဘူး”ဟု ကိုသောမတ်စ်က ပြောသည်။ မူလကပင် စားဝတ်နေရေးကျပ်တည်းနေကြသော

ဒေသခံတိုင်းရင်းသားများမှာ ယခုခရီးသွားရာသီတွင် ဧည့်သည် မ၀င်ရောက်ပါက ယခုထက် ပိုမိုဆိုးဝါးလာမည်ဖြစ်သည်။

“ဧည့်သည်များရင် အိမ်ငှားထားလို့ရတယ်။ အထမ်းလိုက်နိုင်တယ်။ ဒါကြောင့် သူတို့ကို မျှော်တာ” ဟု မူလာရှီးဒီရွာသားတစ်ဦးက ဆိုသည်။
ကျေးလက်နေ အခြေခံလူတန်းစားတစ်ဦး၏ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ တစ်သိန်းဝန်းကျင်သာရှိသော ပူတာအိုဒေသဖွံ့ဖြိုးရန်

လိုအပ်ချက်များစွာရှိနေသည်။ မြစ်ကြီးနားလမ်း ပြန်ဖွင့်ပါက ကုန်ဈေးနှုန်းများ ကျဆင်းနိုင်ပြီး ခရီးသွားများဝင်ရောက်လာပါက အ

လုပ်အကိုင်များ ပေါများလာမည်ဟု ဒေသခံများက ပြောကြသည်။

လက်ရှိ အခြေအနေတွင်မူအလုပ်အကိုင်ရှားပါးခြင်းနှင့် မြင့် မားသော ကုန်ဈေးနှုန်းများကြောင့် ဒေသခံတိုင်းရင်းသားများမှာ ၎င်းတို့ နေရပ်များကို

စွန့်ခွာမှုများ ပြားလာကြပြီး မျိုးနွယ်စုကွယ် ပျောက်လာနိုင်သည်အရေး ရင်ဆိုင်နေရသည်။

“လုပ်စရာ၊ စား စရာမရှိတော့ရေကြည်ရာ မြက်နုရာ ထွက်သွားကြတယ်။ ကြာရင် လူမျိုးပျောက် သွားနိုင်တယ်”ဟု လူမှုရေးလုပ်

ငန်းဆောင်ရွက်သူ ပူတာအိုမြို့မမေ့နိုင် စားသောက်ဆိုင်မှ ကို အောင်ဇော်မိုးကဆိုသည်။ သဘာဝသယံဇာတများ ပေါများရာ ကချင်ပြည်နယ်၏

မြောက် ဖက်အစွန်ဆုံး ပူတာအိုဒေသတွင် လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အခြေခံလူတန်းစားများ ဖြစ်ကြသည်။ အလုပ်အကိုင်ရှားပါးခြင်း၊

လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးမှုတို့ကြောင့် ဒေသခံအများစု၏ တစ်နေ့ဝင်ငွေမှာ သုံးရာကျပ်ခန့်သာရှိသည်။

“ဒီမှာက အရမ်းဆင်းရဲကြ ပါတယ်။ လူတစ်ယောက်ဝင်ငွေ က တစ်နှစ်လုံးမှ တစ်သိန်းလောက် ပဲဝင်တယ်ဆိုတာမှန်တယ်”ဟု အ

မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူတာအိုခရိုင် တာဝန်ခံ ဦးယောစီကပြောသည်။

ဝင်ငွေနည်းပါးပြီး ကုန်ဈေးနှုန်းများက မြင့်တက်လာသဖြင့် ရောင်းရန်ကုန်စည်ရှိသည့်တိုင် ၀ယ်နိုင်သူရှားပါးနေသည်။ “ရောင်း
စရာဆန်ရှိတောင် ၀ယ်တဲ့သူကမှ မရှိတာ”ဟု ဒုတ္တန်ရပ်ကွက်မှ ကုန် စုံဆိုင်ရှင်တစ်ဦးကဆိုသည်။ပူတာအိုဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုများမှာ

ရိုးသားပြီး ချစ်ခင်ဖွယ်ဓလေ့ကို ပိုင်ဆိုင်ကြ သည်။ သို့ရာတွင် ယခုကဲ့သို့ အခြေအနေ၌ စားစရာကုန်ပစ္စည်းများ မကြာခဏဆိုသလို ပျောက်

ဆုံးလျက်ရှိသည်။ “ညဖက်ဆို စားစရာကိုပဲ ရွေးဦးတဲ့ ကလေးတွေအများကြီးရှိတယ်”ဟု ကိုအောင်ဇော်မိုးကဆိုသည်။

လက်ရှိ အခက်အခဲများ ပြေလည်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမှာ အဓိကဖြစ်ကြောင်း 7Day News က တွေ့ဆုံမေးမြန်းခဲ့သော

ဒေသခံနှင့် ၀န်ထမ်း ၂၅ ဦးတွင် ကိုးဆယ်ရာခိုင်နှုန်းက ဖြေကြားခဲ့သည်။

“ဒေသဖွံ့ဖြိုးဖို့က လမ်းပန်း ဆက်သွယ်ရေးက အဓိကကျတယ်” ဟု ပူတာအိုခရိုင်ဆေးရုံ မှ ဒုတိယဆေးရုံအုပ်ကြီးနှင့် အရိုး အကြော

အထူးကုဆရာဝန်ကြီး ဒေါက်တာလဘမ်ဂွန်ဂျက်က ဆိုသည်။ ထို့ပြင် အခြားသော နည်းလမ်းများဖြင့် စားဝတ်နေရေးအခက်အခဲကို

ဖြေရှင်းသင့်ကြောင်း နိုင်ငံရေး ပါတီများက သုံးသပ်ကြသည်။

“စိုက်ပျိုးရေးနည်း ပညာတွေ၊ စပါးမျိုးကောင်းတွေနဲ့ အထွက် တိုးအောင် လုပ်နိုင်ရင် အဆင်ပြေ နိုင်တယ်” ဟု ပူတာအိုခရိုင် ပြည်

ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ခံဦးဖုန်ရီမင်က ဒေသတွင်း စပါးအထွက်နည်းခြင်းကို သုံးသပ်ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်း ကောင်းမွန်ခဲ့ပြီး အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော မြစ်ကြီးနားလမ်း မပိတ်မီနှစ်များနှင့် နှိုင်း
ယှဉ်ပါက ယခုနှစ်သည် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ “၂၀၀၄ တုန်းက တစ်ထောင်
ဖိုးဆန် ၁၂ ခွက် (ဘူး) ရတယ်။ အဲဒီအခြေအနေတွေ ပြန်ရောက်နိုင်ပါမလား” ဟု ဒုတ္တန်ရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။

ယင်းဒေသတွင် နေ၀င်လာသည်နှင့် ရာသီဥတုမှာ အေးမြလာသည်။ မျက်စိစမ်းသပ်မှုခံယူပြီးပြီဖြစ်သော လီဆူးတိုင်းရင်းသားကြီး ထုံဖူးရင်

တစ်ယောက် ၇၂ နာရီ ကြာမြင့်မည်ဖြစ်သော ခြေကျင်အိမ်အပြန်လမ်းခရီးကို စတင်လိုက်သည်။ ရှည်လျားလှသော သူ့ခြေလျင်ခရီးကို

တအံ့တသြမေးမြန်းနေသော သတင်းထောက်အား ထုံဖူးရင်က ရယ်မောလျက် ယခုကဲ့သို့ပြောလိုက်သည်။

“ငါတို့အတွက်တော့ ရိုးနေပြီ။ မွေးကတည်းက လျှောက်နေရတာ”

By 7Day News Journal

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment