Wednesday 24 October 2012

အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ


“အရပ်ဘက်အစိုးရဌာနများအတွင်း မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းက လုပ်သက်ရှိအရပ်သားဝန်ထမ်းတို့အား မျှော်လင့်ချက်ကင်းမဲ့စေ”

ထွန်းခိုင်ရေးသား၍ မြတ်စုမွန်၊ အိဖြူမွန်၊ ၀တ်ရည်အောင် အားဖြည့်သည်

အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံအတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်တိုးတက်ခဲ့သော်လည်း အစိုးရဌာနများအတွင်း လူမှန်၊
နေရာမှန်မရှိခြင်းကအောက်ခြေအဆင့်ပါ လိုက်လျောညီထွေပြုပြင်ပြောင်းလဲမှုဖြစ်လာစေရန် အဟန့်အတားတစ်ခုဖြစ်ကြောင်း
အစိုးရဌာနများ၌ တာဝန်ထမ်းဆောင်ခဲ့သူ အရာရှိများနှင့်ပညာရှင်တို့က သုံးသပ်သည်။

သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့လာသည့်
လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ ဌာနအတွင်းရှိ ကျွမ်းကျင်သူများအထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများ
အတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင်ကိုင်ချင်စိတ်များ ကုန်ခန်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း
အငြိမ်းစားနှင့် လက်ရှိလုပ်ကိုင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများက ပြောကြားသည်။

“အဲဒီစနစ်ကတော့ အလွန်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ တိုင်းပြည်ကို ဘယ်လိုမှ အကျိုးမရှိတဲ့ကိစ္စပဲ” ဟု ကြားဖြတ်နေရာပေး
သည့် စနစ်အပေါ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၄၅ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဒေါက်တာထွန်းလွင်
ကပြောသည်။

ဌာနဆိုင်ရာမှ အရာရှိရာထူးများ ခန့်အပ်ပါက နိုင်ငံတော် ပြန်တမ်းများမှတစ်ဆင့် ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။
ယင်းပြန်တမ်းများအရ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယလက်ထောက် ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးနေရာများတွင်
အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာယင်းတို့အနက်မှ ဆယ်ရာခိုင်နှုန်းခန့်ဖြစ်သော နေရာ ၁၉ နေရာခန့်မှာတပ်မတော်ဘက်မှ ပြောင်းရွှေ့
တာဝန်ပေးခံရသူများဖြစ်သည်။

၂၀၁၁ ခုနှစ် ပြန်တမ်းများ၏ ဖော်ပြချက်တွင်မူ ရာထူး နေရာ ၃၀ ခန့်အထိ တပ်မတော်ဘက်မှအရာရှိများ ပြောင်းလဲကာ အဆိုပါ
ရာထူးနေရာများတွင် ခန့်ထားခဲ့ကြောင်း တွေ့ရှိရသည်။ အခြားအဆင့် ရာထူးအပြောင်းအရွှေ့များ ထည့်တွက်မည်ဆိုပါက အရေအ
တွက်မှာ ယခုထက် ပိုများလာနိုင်သည်။ ပြောင်းလဲတာဝန်ပေးသည့် နေရာများမှာ ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးဌာနများ ပါဝင်သကဲ့သို့
သမ၀ါယမ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနစသည်တို့လည်း ပါဝင်သည်။

အစိုးရအဖွဲ့အတွင်းတွင် စက်တင်ဘာလက ပြည်ထောင်စုအဆင့် ၀န်ကြီးနေရာများတွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ယင်းပြောင်းလဲမှုတွင်
အရပ်ဘက် မှ ကျွမ်းကျင်သူအချို့ ပါဝင်လာ သောကြောင့် စောင့်ကြည့်လေ့ လာသူအချို့က အဆိုပါအပြောင်း အလဲကို အကောင်းမြင်ကြိုဆိုခဲ့
ကြသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းတွင် တိုင်းပြည်တွင် အံ့အားသင့်ဖွယ်ပြောင်းလဲမှုများကို လုပ်ဆောင်
ပြခဲ့သည်။ နိုင်ငံတော်သမ္မတသည် သူကိုယ်တိုင်အပြောင်းအလဲများ ကို ဦးဆောင်နေသလို သူ၏ ၀န်ထမ်းများအားလည်း အပြောင်းအလဲနောက်
လိုက်ပါလာကြရန် အကြိမ်ကြိမ် သတိပေးထားသည်။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေး ရိုးစွဲများ၊ ခေတ်နောက်ပြန်ဆွဲ
သူများကို ချန်ထားခဲ့မည်ဟု သတိပေးခဲ့သည်။ ၎င်းအပြင် လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် လက်စွဲကိုင်ထားသူများ၊
တာဝန်သိမှု၊ တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း တိုင်းပြည်ကို
ကတိပေးခဲ့သည်။

အဆိုပါ ကြားဖြတ်စနစ်အပေါ် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ် တိုင် ယခုနှစ် မေလ ၁၃ ရက်က
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်
နေပြည်တော်တွင် တွေ့ဆုံစဉ် ထောက်ပြပြောဆိုခဲ့သေးသည်။

ဒုသမ္မတက “သာမန်အားဖြင့်အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း
ကြားမှဖြတ်ဝင်လာသော ပုဂိုလ်များရှိလာပါက မူလ၀န် ထမ်းများ စိတ်ဓာတ်ကျဆင်းစေ နိုင်ကြောင်း၊ ၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း
အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း...”ပြောကြားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။ သို့သော်လည်း
ကြားဖြတ်ရွှေ့ပြောင်း နေရာပေးမှုများမှာ ရှိနေဆဲဖြစ်သည်။

တပ်မတော်ဘက်မှ ပြောင်း ရွှေ့လာသူတို့သည် စီမံအုပ်ချုပ် ရေးဘက်တွင် သက်ဆိုင်ရာဌာနများ၌ ထူးချွန်ကြသော်လည်း နှစ်ပေါင်းများစွာ
လုပ်ကိုင်လာခြင်း မဟုတ်သည့် လုပ်ငန်းများတွင် ဦးစီးရသောအခါ လုပ်ငန်းခွင်အခက်အခဲများနှင့် ကြုံတွေ့ရလျက်ရှိသည်။ ကြားဖြတ်ဝင်
ရောက်နေရာယူသူများသည် ပညာရှင်များကို တန်ဖိုးထားတတ်သူ၊ အောက်ခြေမှ ကျွမ်းကျင်ဝန်ထမ်းများ၏လုပ်ငန်းအပေါ် နားလည်မှု
ရှိသူဖြစ်ပါက ဌာနတွင်းလုပ်ငန်း များတွင် အောင်မြင်မှုများ ရရှိသော်လည်း၎င်းနှင့်ဆန့်ကျင်ဘက် ဖြစ်ပါက ၀န်ထမ်းများ လုပ်ငန်းခွင်
အတွင်း အားစိုက်မှုလျော့သွား လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။ မျှော်လင့်ချက် မရှိသော ဘ၀အတွက် ကြိုးစား
အားထုတ်မှုမရှိတော့ကြောင်း ၎င်းကပြောသည်။

“အောက်ကလူတွေက ဘယ် လိုခံစားရလဲဆိုရင် တစ်သက်လုံး မျှော်လင့်ထားတဲ့ ရာထူးရာခံအ တန်းအစားကို မရနိုင်ဘူး။ ဘာ
ကြောင့်လဲဆိုတော့ အကုန်လုံးအ ပေါ်စီးနေရာမှန်သမျှ တပ်ကသူ တွေချည်းပဲ”ဟု စိုက်ပျိုးရေးပညာ ရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။

“အဓိကကတော့ လူမှန်နေ ရာမှန် မဟုတ်တဲ့အတွက် အစိုးရ ၀န်ထမ်းတွေ အကျင့်ပျက်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ အလုပ်မလုပ်တာတို့
ဖြစ်လာတာ။ အကျိုး ဆက်က အဲဒါပဲ” ဟု အစိုးရ၀န်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအချိန်တွင် ကမ္ဘောဇဘဏ်၏
ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဦးသန်းလွင်ကပြောသည်။

“သူတို့လည်း ဒုက္ခရောက်တယ်။ တာဝန်ပေးလို့သာ လာလုပ်နေရတာ။ သူတို့လည်း မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ သူတို့
လည်း စိတ်ညစ်တာပဲ။ အောက်က ၀န်ထမ်းလည်းပဲ စိတ်ညစ်တာပဲ” ဟု ၎င်းကပြောသည်။

မိုးကျရွှေကိုယ်အချို့၏ ဌာနတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုများကလည်း အစိုးရ၀န်ထမ်းများအတွက် ဒုက္ခတစ်ရပ်ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအလေးပေးသည့် အဆိုပါစနစ်ကြောင့် ၀န်ထမ်းများမှာ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းဖြင့်ရာထူး၊ လစာတိုးမြှင့် ခံစားရမည်
မဟုတ်သောကြောင့် အထက်လူကြီးအကြိုက်များသာ လုပ်ဆောင်လာကြကြောင်း အငြိမ်းစားဝန်ထမ်းများကပြောသည်။

“ဘာမှမတတ်ဘဲ လူကြီးက ခန့်လိုက်လို့ နေရာရရင် လူကြီးငြိုငြင်မှာကို သေမလောက်ကြောက်တယ်။ လူကြီးငြိုငြင်တာဟာ သူ့
ဘ၀ရဲ့အဆုံးအဖြတ်ပဲ။ဒါကြောင့်လူကြီးမငြိုငြင်အောင် အကုန်လုပ်တယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ အစိုးရ တစ်ခုလုံးကို ဦး
ဆောင်နေသည့် နိုင်ငံတော်သမ္မတက “မိဘပြည်သူများ”ဆိုသည့် အသုံးအနှုန်းကို တန်ဖိုးထားသုံး စွဲနေချိန်တွင် အောက်ခြေ၀န်ထမ်း အချို့က
ပြည်သူလူထုအား သားသမီး၊ လက်အောက်ငယ်သားကဲ့သို့ ဆက်ဆံနေဆဲဖြစ်သည်။ ရှေးကကျင့်သုံးလာသည့် နည်းဟောင်းများကို ယခုချိန်ထိ
စွဲမြဲစွာဖက် တွယ်ထားဆဲဖြစ်သည်။ အမှန်တရားနှင့် ပြောင်းလဲတိုးတက်မှုထက် အထက်အရာရှိ၏ ငြိုငြင်မခံရရေးကို ဦးစားပေးနေဆဲဖြစ်သည်။

ဌာနအတွင်း တက်လမ်းမရှိခြင်း၊ အနာဂတ်မျှော်လင့်ချက်မဲ့ နေခြင်း၊ လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် ၀န်ထမ်းများအတွက် ဦးတည်ရာမှာ
ငွေရပေါက် ရလမ်းရှာခြင်းပင်ဖြစ်သည်။

အဂတိလိုက်စားမှုဟာအောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလိုရှိနေသေးသည်ဟု နိုင်ငံတော်သမ္မတကိုယ်တိုင် ထုတ်ဖော်ပြော
ဆိုခဲ့သည်။မိန့်ခွန်းတစ်ခုတွင် နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုကို “အမျိုးသားရေး စိန်ခေါ်မှုကြီး”ဟုပင် တင်စားသွားပြီး ဘက်စုံ
နည်းလမ်းတွေသုံးကာ အရေးယူ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဝန်ထမ်းများအတွက် လူမှန်နေရာမှန် မဖြစ်မှုများကလည်း အဂတိလိုက်စားမှုများကို အားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ အောက်ခြေ၀န်ထမ်းများ၏
လုပ်ငန်းအပေါ် တာဝန်ယူမှု၊ စွမ်း ဆောင်ရည်မြင့်မှုစသည်တို့ကို အသိအမှတ်ပြုပေးခြင်း၊ ရသင့်ရ ထိုက်သော ခံစားခွင့်များကို ထူးချွန်မှုအလိုက်
တရားမျှတစွာ ပေးခြင်းတို့သည် လက်ရှိဖြစ်နေသည့် “မလုပ်၊ မရှုပ်၊ မပြုတ်”ကိစ္စများကို ဖြေရှင်းနိုင်သည့်နည်းလမ်းကောင်း
များဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန သံလျင်လူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် (ငြိမ်း) ဦးကြီးမြင့်ကပြောသည်။

အစိုးရ၀န်ထမ်း အရေအတွက်သည် နှစ်သန်းခန့်ရှိပြီး အဆိုပါအရေအတွက်မှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်း
ခန့်ဖြစ်သည်။ ၀န်ထမ်းများလစာတိုးပေးရေး ဆွေးနွေးမှုများကြောင့်ကုန်ဈေးနှုန်းများ ရုတ်တရက်တက်လာလေ့ရှိသဖြင့် အစိုးရသစ်အနေ
ဖြင့် လစာတိုးမြှင့်ပေးလိုက်သောကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို အစိုးရ၀န်ထမ်းမဟုတ်သော ကျန် ၅၈ သန်း
သော ပြည်သူများ ကြုံတွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကတာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများတွင် ဖြစ်ပေါ်နေသည့် နေရာနှင့် အပိုဝင်ငွေရမှ လုပ်ချင်ကိုင်ချင်ဖြစ်နေသည့် စိတ်ဓာတ်များကို ပြုပြင်ရမည်ဖြစ် ကြောင်း၊
အဆိုပါပြဿနာ ဖြေရှင်းနိုင်ရန်အတွက် ၀န်ထမ်းများအား လစာတိုးပေးခြင်းအပြင် စိတ်ဓာတ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း
ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့စွမ်းအားအရင်းအ မြစ် တိုးတက်ရေးအတွက် ဟော ပြောပို့ချပွဲများ လုပ်ဆောင်နေသူ
ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

“တာဝန်ကျေရမယ်ဆိုတဲ့ စိတ်၊ အများအတွက် ဆောင်ရွက်ရမယ်ဆိုတဲ့စိတ်တွေ ၀န်ထမ်းတွေမှာ ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီတော့
အစိုးရအနေနဲ့ရော မီဒီယာကရော ပြောပေးဖို့လိုလာပြီ။ နိုင်ငံ့ဝန်ထမ်းဆိုတာ အခွင့်အရေးလိုချင်လို့လုပ်တာ မဟုတ်ဘူး။ Servant
ဆိုတဲ့စကားအတိုင်း အလုပ်အကျွေးပြုတယ်ဆိုတာကို ၀န် ထမ်းတွေကို လေ့ကျင့်သင်ကြား ထားဖို့ လိုအပ်တယ်”ဟု ဒေါက်
တာအောင်ထွန်းသက်က ဆက်ပြောသည်။

အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေရသော ၀န်ထမ်းများသည် အများပြည်သူအား ၀န်ဆောင်မှုပေးနေသည်ဆိုသည့် အသိ
ကာလကြာမြင့်စွာပျောက် ဆုံးနေခဲ့ခြင်းများသည် အစိုးရ ယန္တရား ဟန်ချက်ညီညီ လည်ပတ်ရေးအတွက် အနှောင့်အယှက် တစ်မျိုးလည်း
ဖြစ်ပေသည်။ နှစ် ပေါင်းများစွာ ကျဆင်းနေသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပြန်လည်တိုးတက် ကောင်းမွန်လာရေးအတွက်
လူမှန်နေရာမှန်ဖြစ်ရေးသည် အသက်တမျှအရေးပါလှသည်။

ဝေဖန်သူများအနေဖြင့် ၀န်ထမ်းများအား ပြစ်တင်နေမှုများ သာများပြားပြီး ၀န်ထမ်းများ ကြုံ တွေ့နေရသည့် အခက်အခဲများ ကိုမူ
ဂရုမပြုကြကြောင်း အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ ပြီး အနားယူခဲ့သူ အသက် ၄၀ နှစ်
အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောသည်။

“၀န်ထမ်းတွေ ဆက်ဆံရေး မကောင်းတာ၊ ပိုက်ဆံယူတာပဲ လူတွေက ပြောကြတယ်။ ဘာ ကြောင့် ဒီလိုဖြစ်တာလဲဆိုတာ တော့ ဘယ်သူမှ
စိတ်မ၀င်စားကြဘူး” ဟု ၎င်းကပြောသည်။

တိုင်းပြည်တွင် လူမှန်နေရာ မှန် မဟုတ်ခဲ့သောကြောင့် နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်အထိနာခဲ့သည်ဟု ဒေါက်တာထွန်းဝင်းကပြောသည်။
လူမှန်နေရာမှန်မရှိပါကနောင်နှစ် ၅၀၊ ၁၀၀ ကြာလျှင်လည်း ယခုလိုပင်ဆက်ဖြစ်နေဦးမည်ဟု ၎င်းကဆက်လက်သုံးသပ်ခဲ့သည်။

By 7Day News Journal

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment