
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော မီ ဒီယာတွေ့ဆုံပွဲတွင် The Voice Weekly ဂျာနယ်မှ မေးမြန်းခဲ့သော ပညာရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြင်ဆင်လုပ်ဆောင်မှု မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
“အမေရိကားမှာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ နိုင်ငံခြားရောက်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေပါ။ Retire ယူပြီးတဲ့ ဆရာဝန်ကြီးတွေ၊ တကယ့်တော်ပေ့ဆိုတဲ့ ဆရာဝန်ကြီးတွေ အများကြီးတွေ့ပါတယ်။ ပညာရှင်တွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့လာခဲ့ပါဆိုတော့ ကျွန်တော်တို့က အမေရိကန်နိုင်ငံသား ခံယူထားတာ။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ Dual Citizen ကျွန်တော်တို့ကို မပေးဘူး။ ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ။ ကိစ္စမရှိဘူး။ ကျွန်တော်တို့ လုပ်ပေးမယ်။ PR စနစ်နဲ့ ဒီရောက်လို့ရှိရင် နေဖို့ထိုင်ဖို့အတွက် တိုက်ခန်းဝယ်လို့ရအောင် လုပ်ပေးမယ်။ ဆေးရုံဆေးခန်း ဖွင့်လို့ရအောင် လုပ်ပေးမယ်ဆိုပြီးတော့ ဒီလိုနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
ထို့အပြင် နယူးယောက်၌ မြန်မာမိသားစုဝင်များနှင့် တွေ့ဆုံစဉ် အချိန်၌လည်း ပြည်ပနိုင်ငံသားခံယူ ထားပြီး မြန်မာနိုင်ငံသို့ ပြန်လာလိုသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသူများကိုလည်း PR စနစ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံမည်ဟု ပြောကြားခဲ့ကြောင်း Yangon Media Group မှ မေးမြန်းသော သမ္မတ၏ အမေရိကန်ခရီးစဉ် အကျိုးရလဒ်နှင့် ပတ်သက်သော မေးခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“သူတို့ဟာ အကြောင်းကြောင်းတွေကြောင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေ ရှိနေတယ်။ ပြန်လာချင်ပါတယ်။ မြန်မာနိုင်ငံမှာ ကြာကြာနေချင်တယ်။ သူတို့က နိုင်ငံသား ခံယူထားတာ။ Dual Citizen တော့ ပေးလို့မရပါဘူး။ သို့သော်လည်း လုပ်ပေးမယ်။ PR စနစ်နဲ့ နေနိုင်၊ ပြုနိုင်အောင် လုပ်ပေးမယ်။ သူတို့လည်း တော်တော်ဝမ်းသာပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များတွင် အရည်ချင်းရှိသောလူ၊ အရည်အချင်းရှိသော နိုင်ငံသားများ ပေါ်ထွန်းလာရန် လိုအပ်ပြီး ထိုသို့ပေါ်ထွန်းရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သော လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးနှင့် ကျန်းမာရေးမှာ အရေးကြီးဆုံး အချက်နှစ်ချက်ဖြစ်ပြီး ယင်းအချက် များကို မြှင့်တင်နိုင်ရန် ကြိုးစားနေသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခဲ့သူ အရေအတွက် ခြောက်သန်းနှင့်အထက် ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပြီး ထိုကဲ့သို့ ထွက်ခွာသွားခဲ့သူများထဲတွင် ပြည်ပနိုင်ငံသားခံယူခဲ့သူ အများအပြားလည်း ပါဝင်ခဲ့ပါသည်။
By Eleven Media Group
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
No comments:
Post a Comment