Wednesday, 24 October 2012
အမေရိက ကို ဘာတွေပို့ ကြမှာလဲ
မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ တွေက ဒီနေ့ အလွန် မြန်နေတယ် ခင်ဗျား။
လွန်ခဲ့တဲ့ နှစ်ပတ် လောက်တုန်းက သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ
နေစဉ် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ပြီး ဟီလာရီက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ထားတဲ့ Sanction ကို မကြာခင် ရုပ်သိမ်း ပေးမယ်လို့ ပြောခဲ့ ပါတယ်။ ဟော ... ခု အောက်တိုဘာလ ပထမအပတ် မကုန်သေး ပါဘူး။
အမေရိကန် သမ္မတက မြန်မာအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှုဥပဒေ Sanction အား ရုပ်သိမ်းတဲ့ ဥပဒေကို လက်မှတ် ရေးထိုး ပေးလိုက်ပါပြီ။ ဘာမှ မကြာခင်မှာ သွင်းကုန် ပိတ်ဆို့ထားတဲ့ Sanction ကို ပယ်ဖျက်တဲ့ ဥပဒေ ထွက်လာ ပါတော့ တယ်။ မြန်မာနိုင်ငံက ထွက်ကုန်တွေကို အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက် ရောင်းချနိုင်တဲ့ခေတ်ကို ရောက်ပါတော့မယ်။
ကဲ ... ကျွန်တော်တို့ ရွှေမြန်မာတွေမှာ အမေရိကန်ကို ရောင်း ချဖို့၊ တင်သွင်းဖို့ လက်ထဲမှာ ဘာထွက်ကုန် ပစ္စည်းတွေ ရှိကြပါသလဲ။
အမေရိကန် ပြည်ထောင်စု ကရော မြန်မာ့ ထွက်ကုန်တွေထဲက ဘယ် ထွက်ကုန်တွေကို ဝယ်ယူဖို့၊ တင်သွင်းဖို့ စိတ်ဝင်စားနေပါသလဲ။ ဒီမေးခွန်းက ဒီနေ့ကမ္ဘာ့ စီးပွားရေး လောကမှာ အလွန်စိတ်ဝင် စားနေကြတဲ့ သတင်းကြီးခင်ဗျား။ တစ်ခေတ်တစ်ချိန်အခါတုန်းက မြန်မာထွက်ကုန်တော်တော် များများကို အမေရိကန်ပြည်ထောင်စုက စိတ်ဝင်စားခဲ့ပါတယ်။ ဆန်၊ အဝတ်အထည်နှင့် ပတ္တမြားပေါ့ခင်ဗျား။
ဒါပေမဲ့ အမေရိကန်ရဲ့Sanction ဒဏ်ခံရတဲ့ ဆယ်နှစ်လောက် အချိန်အတွင်းမှာ မြန်မာ့ထွက်ကုန်နှင့် ကုန်သွယ်မှု အခြေအနေ တွေကလည်း ရှေးကနှင့် မတူတော့ပါဘူး။ ပြောင်းသွားပါပြီ။ ဒီ Sanction ကြောင့် မြန်မာနိုင်ငံက မိမိထွက်ကုန် တွေကို ခရီးဝေးတဲ့ ပြည်ပ နိုင်ငံကြီးတွေကို မရောင်းနိုင်ခဲ့ဘဲ နယ်နိမိတ်ချင်း ကပ်နေတဲ့ နိုင်ငံတွေနှင့်ပဲ ကုန်သွယ်မှုပြုခဲ့ရပါတယ်။
ခေတ်စကား နှင့်တော့ နယ်စပ် ကုန်သွယ်ရေး ပေါ့ခင်ဗျား။
အဓိက နယ်စပ် ကုန်သွယ်ရေး ပြုလုပ်ခဲ့တဲ့ တိုင်းပြည်တွေက တော့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ တို့ပါပဲ။ CLSA လို့ အတိုကောက် ခေါ်ကြတဲ့ Asian-Pacific Markets အုပ်စုက ဒီနေ့ ကမ္ဘာမှာ အလွန် နာမည်ကြီးနေတဲ့ စီးပွားရေး အုပ်စုပါ။ သူတို့ အဓိက လုပ်ကြတဲ့ စီးပွားရေး ကတော့ ကမ္ဘာ့ ကုန်သွယ်မှုမှာ ကြားခံ ပွဲစား အလုပ်နဲ့ ငွေကြေး ဝန်ဆောင်မှု (Financial Services) လုပ်ငန်းတွေပါပဲ။
ဒီ CLSA အုပ်စုရဲ့ ခန့်မှန်း တွက်ချက်မှုများ အရ ... အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံကို အဓိက ဝယ်ယူနေတဲ့ ဖောက်သည်နိုင်ငံ၊ တရုတ်ကတော့ ကျောက်မျက်နှင့် သစ်မာကို အဓိက ဝယ်ယူသော ဖောက်သည်နိုင်ငံ၊ ဂျပန်ကတော့ မြန်မာနိုင်ငံ အထည်ချုပ် စက်ရုံတွေက ထုတ်လုပ်တဲ့ အဝတ်အထည် တွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကရတဲ့ ငွေပမာဏရဲ့ ၅၇ ရာခိုင်နှုန်း က ဓာတ်ငွေ့က ရတယ်လို့ပြောပါတယ်။
နောက် ပဲမျိုးစုံက ၁၈ ရာခိုင်နှုန်း၊ သစ်မာက ၁၀ ရာခိုင်နှုန်း၊ အဝတ်အထည်က ၆ ရာခိုင်နှုန်း နဲ့ ဆန်က ၅ ရာခိုင်နှုန်း၊ နောက် ငါးနဲ့ တခြားပင်လယ် ထွက်ကုန်က ၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ကဲ ...ဒီ စီအယ်အက်(စ်)အေ အုပ်စုရဲ့ ပြုစုထားတဲ့ မြန်မာ့ ပို့ကုန်တွေ အထဲက ဘယ်ကုန်ပစ္စည်းကို ဒီနေ့ အမေရိကန် ဈေးကွက် ကို ပို့နိုင်ကြမယ်လို့ ထင်ပါသလဲ။
ပြည်ပကုန်သည် အများစု မျှော်လင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန် ပစ္စည်းကတော့ ဆန်ပါပဲ။ မြန်မာနိုင်ငံဟာ ဦးနေဝင်းရဲ့ဆိုရှယ်လစ်ခေတ် မတိုင်ခင်က ... ကမ္ဘာမှာ နံပါတ်(၁)ဆန် ပို့ကုန်အများဆုံးရှိတဲ့ နိုင်ငံဘဝကို ရောက် ခဲ့ဖူးပါတယ်။
ဒီနေ့တော့ ထိုင်းနိုင်ငံက နံပါတ်(၁) ဆန်တင်ပို့နိုင်တဲ့ တိုင်း ပြည်ဖြစ်နေပြီး ဗီယက်နမ်က နံပါတ်(၂) တိုင်းပြည် ဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ နံပါတ်(၁) ဆန်တင်ပို့ နိုင်တဲ့ ဘဝကို အချိန်တို အတွင်းမှာ ပြန်ရောက်နိုင်တယ် လို့ CLSA အုပ်စုက ခန့်မှန်းထားပါတယ်။
အဲ ...ဒါပေမဲ့ စိုက်ပျိုးရေး နည်းစနစ် တွေကို မြန်မာနိုင်ငံနှင့် ကိုက်ညီတဲ့ သိပ္ပံ နည်းစနစ်တွေကို ပြောင်းလဲပြီး စိုက်ပျိုးဖို့ လိုပါလိမ့်မယ်။
အဲ ... နောက် လယ်သမားတွေကို အရင် အစိုးရ လက်ထက် တွေကလို ပစ်ထားလို့ မရတော့ပါဘူး။ လယ် စိုက်တဲ့ အလုပ်မှာ လယ်လုပ်သား တွေရဲ့ကဏ္ဍက အဓိက အကျဆုံး ဖြစ်နေတယ်။
သူတို့ဘဝကို မြှင့်တင် ရပါမယ်။ ထိုင်းနိုင်ငံက လယ် သမားတွေလို လယ်လုပ်ကိုင်လိုစိတ် အပြည့်ရှိအောင် ပြန်ပျိုးထောင် ရမယ်။ အဲ ... ထိုင်းလယ်သမားတွေ ရရှိနေတဲ့ လွတ်လပ်မှု၊ ဘဝ အာမခံရှိမှုမျိုး ရှိအောင် နိုင်ငံတော် အစိုးရ အနေနှင့် ဖန်တီး ပေးရပါ လိမ့်မယ်။
တစ်နည်းအားဖြင့်တော့ လက်ရှိ အစိုးရရဲ့ ပါးနပ် လိမ္မာတဲ့ ဦးဆောင်မှုနှင့် ဒီနေ့ မြန်မာ့လယ်ယာကဏ္ဍကိုကြိုးစားပြီး ပြန်မြှင့်တင် ပေးဖို့လိုပါတယ်။
ကျွန်တော်တို့ မဆလခေတ်ကစပြီး ဘဝသေအောင် ပြုလုပ်ထားတဲ့ မြန်မာ့လယ်သမားတွေကိုပြန်ပြီး ဘဝရှင်သန်လာ အောင် ဒီနေ့ အစိုးရ တာဝန်ခံတွေက အသက်ပြန်သွင်း ပေးရပါလိမ့် မယ်တဲ့။ အဲ ...ဒီနေ့ အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဈေးကွက်ကို မြန်မာ့ ဆန်ဝင်တိုးဖို့ ဆိုတာကတော့ မလွယ်ပါဘူး။
မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန် ပြည်ထောင်စုမှာ ထွက်ရှိနေတဲ့ ဆန်က သူတို့ လူမျိုးစားဖို့ ရိက္ခာအတွက် လိုအပ်တာထက် အများကြီး ပိုနေပါတယ်။
အဲ ...ဒါပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ ဆန်စားစရာ မရှိ ဖြစ်နေတဲ့ နိုင်ငံတွေကို သူတို့ လှူဒါန်းချင်တဲ့ အချိန်အခါ မျိုးမှာတော့ မြန်မာ့ဆန်ကို ဝယ်ပြီး လှူတာမျိုးတော့ ဖြစ်နိုင်တာပေါ့ ခင်ဗျား။
ဒီလို ဝယ်ပြီး လှူတာမျိုးက မြန်မာ့ ဆန်ဈေးကွက်မှာ ဖဆပလခေတ်က လည်း ရှိခဲ့ဖူးပါတယ်။ နောက် ... ကျောက်မျက် ...။ ဒီနေ့ မြန်မာနိုင်ငံမှ ပြည်ပကို ပို့နေတဲ့ ကျောက်မျက်က ဘယ် ကျောက်မျက်ဖြစ်ပါသလဲ။ ကျောက်စိမ်းပေါ့ ခင်ဗျား။
ဒီကျောက်စိမ်းရဲ့အဓိကဈေးကွက်က တရုတ်နိုင်ငံမှာပဲ ရှိပါ တယ်။ အနာဂတ်မှာလည်း တရုတ် ဈေးကွက်ကိုပဲ အားထားရပါ မယ်။
အမေရိကန်က အမျိုးသမီးတွေက ကျောက်စိမ်းကို မမက်မော ကြပါဘူး။ သူတို့ မက်မောတာက စိန်၊ ပုလဲ၊ ပတ္တမြားနှင့် မြပါ။ စိန်နဲ့ မြက မြန်မာနိုင်ငံမှာ မထွက်ပါဘူး။ ပုလဲကလည်း မြန်မာနိုင်ငံမှာ များများစားစား မထွက်ပါဘူး။ ပုလဲမွေးမြူလို့ အလွန် ကောင်းတဲ့ ကမ်းရိုးတန်း ဒေသ တချို့ ရှိပေမယ့် ပုလဲမွေးတဲ့ ပညာက ဒီနေ့အထိ ဂျပန် လက်ထဲမှာပဲ ရှိပါတယ်။
ဈေးကွက်ကိုလည်း သူတို့ပဲ ကိုင်ထားပါတယ်။ ပုလဲမွေးမြူတဲ့ လုပ်ငန်းကို ဦးနေဝင်း ခေတ်က ဂျပန်နှင့် ပူးတွဲ ဆောင်ရွက် ခဲ့ကြသလို လာမယ့် ပုလဲမွေးမြူတဲ့ လုပ်ငန်း တွေမှာလည်း ဂျပန်နှင့် တွဲပြီး ဂျပန်ရဲ့လက်ဝေခံ ဘဝနှင့်ပဲ ကျွန်တော်တို့ ဆက်ရပ်တည် ရပါမယ်။
အဲ ... ပတ္တမြား။ မြန်မာနိုင်ငံထွက် မိုးကုတ်ပတ္တမြား ဆိုတာဟာ ဒီနေ့အထိ ကမ္ဘာမှာ နာမည် အကြီးဆုံး ပတ္တမြားပါ။ နံပါတ်(၁) အဆင့်မှာ အမြဲ တည်ရှိခဲ့တဲ့ ပတ္တမြားပါ။
ဒါပေမဲ့ ဦးနေဝင်းရဲ့ မဆလခေတ်၊ နောက် တပ်မတော် အစိုးရခေတ်တွေမှာ နိုင်ငံတော် အစိုးရရဲ့ မိုးကုတ်ပတ္တမြားမြေ အပေါ် ကိုင်တွယ်ခဲ့ပုံ၊ ထိန်းချုပ်ခဲ့ပုံ၊ စီမံ ခန့်ခွဲခဲ့ပုံ တွေက အကုန် မှားယွင်း နေခဲ့တဲ့ အတွက် ကျွန်တော်မျက်စိ အရှေ့မှာ အလွန် ချမ်းသာခဲ့တဲ့ မိုးကုတ်မြို့ က ဒီနေ့မြို့အို မြို့ပျက် ဘဝကို ရောက်နေပါပြီ။
မိုးကုတ်နဲ့ မန္တလေး ဆက်သွယ်ထားတဲ့လမ်းကလည်း စနစ်တကျ ပြုပြင်တာတွေ မလုပ် တာကြာခဲ့ပြီး ဖြစ်တဲ့အတွက် ဒီနေ့ လက်ပန်လှရွာနဲ့ ဝါးဖြူတောင် ရွာအကြားမှာ ရှိတဲ့ ကားလမ်း ဆိုရင် ကားလမ်း မဟုတ်တော့ပါဘူး။ တောလမ်း ... အဲ ... လှည်းသွား လမ်းကြမ်း အဆင့်ဖြစ်နေပါပြီ။ ဒီ မိုးကုတ် ကားလမ်းကို ပြုပြင်ကြပါဦး ခင်ဗျား။
အစိုးရ အာဏာပိုင်တွေနဲ့ အလွန်းသင့်တဲ့ ကုမ္ပဏီကြီးတွေကို မူရင်းသိုက် (Primary Sources) တွေမှာ မဆင်မခြင် တူးခွင့်ပေးလိုက် တဲ့အတွက် မိုးကုတ် ရတနာမြေက အဖိုးတန် ရတနာသိုက်တွေ ရှိတဲ့ တောင်တွေလည်း တောင်ကတုံး ဖြစ်ကုန်ပါပြီ။
ဒါပေမဲ့ ရတနာတွေကတော့ ရှိနေပါတယ်။ မိုးကုတ်သားတွေ စကားနှင့် ပြောရရင်တော့ မင်းမကောင်းလို့ ပုန်းနေကြတယ်လို့ ဆို ပါတယ်။ ဒီနေ့တော့ ပြည်သူတွေ အားထားနိုင်တဲ့ မင်းကောင်းလည်း ပေါ်နေပါပြီ။ ပုန်းနေတဲ့ ပတ္တမြားတွေပဲ ထွက်လာကြဖို့ လိုပါတော့ တယ်။ မှန်ပါတယ်။ မကြာခင် ပတ္တမြားတွေ ပြန်ပေါ်လာကြပါတော့မယ်။
အဲ ... ဒါပေမဲ့ ဒီရတနာတွေကို ဖော်ထုတ် ယူနိုင်တဲ့ နည်းပညာနဲ့ ရတနာသိုက်တွေ တည်ရှိတဲ့ နေရာက မိုးကုတ်သား၊ မိုးကုတ်သူ စစ်စစ်တွေပဲ သိကြပါတယ်။ ဒီနေ့ လုပ်ခွင့် ရထားတဲ့ မိုးကျရွှေကိုယ် ဧည့်သည် တွင်းပိုင်ရှင်တွေ မသိပါဘူး။ ပတ္တမြားမြေ တစ်ခုလုံးကို မိုးကုတ်သူ၊ မိုးကုတ်သား စစ်စစ်တွေရဲ့ လက်ကို ပြန်ပေးအပ် သင့်ပါ တယ်။
မိုးကုတ် ပတ္တမြားကိုသာ ပြန်ထုတ်လုပ် နိုင်ခဲ့ရင်တော့ အမေရိကန် ဈေးကွက်မှာ ရောင်းလို့ မလောက်တဲ့ မြန်မာ့ ကုန်ပစ္စည်းဖြစ်လာ ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ယူ ကြရပါဦးမယ်။ ဒေသခံတွေကို ပြန်စည်းရုံး ရပါဦးမယ်။
အဲ ... နောက်ဆုံးကျန်တဲ့ အမေရိကန် ဈေးကွက်ကို ဝင်နိုင်မယ့် ပစ္စည်းနှစ်မျိုး ကတော့ အဝတ်အထည်နဲ့ ရေနံ ဓာတ်ငွေ့ပါပဲ။ အဝတ်အထည် ပို့ကုန် လုပ်ငန်း အောင်မြင်ဖို့ ပြဿနာကတော့ ချက်ချင်း ဖြေရှင်းနိုင်တဲ့ ပြဿနာပါ။ တရုတ်နဲ့ ဗီယက်နမ်က အထည်ချုပ်လုပ်ငန်း စက်ရုံတွေကို သာဓက အဖြစ်ထားပြီး သူတို့ လုပ်သလို အတုယူပြီး လုပ်ကိုင်ရုံပါပဲ။
ဒါပေမဲ့ ဒီနေ့ အထည်ချုပ် လုပ်ငန်း လုပ်ကိုင်နေတဲ့ မိတ်ဆွေအားလုံး ညည်းတွားနေကြတဲ့ ပြဿနာ ကတော့ ဆိပ်ကမ်း အကောက်ခွန်ဌာနနဲ့ ရင်ဆိုင်နေကြရတဲ့ ပြဿနာ ပါပဲ။ မှန်ပါတယ်။ ဒီနေ့ မော်တော်ကား ပြခန်း ဖွင့်ထားတဲ့ ကုန်သည်တွေကလည်း ဒီဆိပ်ကမ်း အကောက်ခွန်ဌာန ပြဿနာကိုပဲ ညည်းတွားနေကြပါတယ်။
မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်း အကောက်ခွန်ဌာနက ဒီနေ့ချက်ချင်း အခြေခံကစပြီး ပြင်ဆင်မှုတွေ ပြုလုပ်ကြရမယ့် ဌာနဖြစ်နေပါပြီ။ ဘာတွေ ပြင်ဆင်သင့်တယ်ဆိုတာကတော့ ဒီနေ့ အစိုးရ တာဝန်ခံတွေနဲ့ အထည်ချုပ် လုပ်ငန်း လုပ်တဲ့ ကုန်သည်ကြီးတွေ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာ သင့်ပါတယ်။
ပြည်ပနိုင်ငံတွေမှာ ဒီနေ့ ကျင့်သုံး နေကြတဲ့ ဆိပ်ကမ်း အကောက်ခွန် စနစ်ကို လေ့လာသင့်၊ အတုယူသင့်ပါတယ်။ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုကို ဆိပ်ကမ်း အခွန် ဌာနရဲ့ အားနည်းချက်ကြောင့် အဟန့်အတား မဖြစ်သင့်ပါဘူး။ အဲ ... နောက်ဆုံး ကျန်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပို့ကုန်ကဏ္ဍ ...။
ဒီနေ့ အမေရိကန် ပြည်ထောင်စုက သူ့နိုင်ငံထွက်လောင်စာနှင့် သူ့ နိုင်ငံသုံးလို့လောက်အောင်၊ ပြည်ပကိုတောင် ရောင်းချနိုင်အောင် စီမံချက်တွေ အကုန်ပြုလုပ်ထားပြီးနေပါပြီ။ ဒီနေ့ အမေရိကန်မှာ ဓာတ်ငွေ့သိုက် အကြီးကြီးတွေကို အများကြီး တွေ့ထားပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိမယ့် ဓာတ်ငွေ့ဈေးကွက်က အမေရိကန်ပြည် ထောင်စုကို ဝင်လို့ မရနိုင်တော့ ပါဘူး။
အဲ ... ဒါပေမဲ့ အမေရိကန်မှာ ရေနံကုမ္ပဏီ အကြီးကြီးတွေ ရှိပါ တယ်။ သူတို့ဆီမှာ ငွေအားသာ မဟုတ်ဘူး။ ဘယ်သူ့မှာမှ မရှိတဲ့ ရေနံထုတ်လုပ်တဲ့ နည်းပညာသစ်တွေ ရှိပါတယ်။ ဒီရေနံ တူးဖော်တဲ့ ကုမ္ပဏီကြီးတွေကတော့ မြန်မာနိုင်ငံမှာလာ ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အလွန် စိတ်ဝင်စား နေပါတယ်။ သူတို့ စွမ်းဆောင် နိုင်တာတွေကို စနစ်တကျ လေ့လာပါ။ တခြားနိုင်ငံက ကုမ္ပဏီတွေ စွမ်းဆောင်နိုင်တာနဲ့ နှိုင်းယှဉ်ပါ။ မိမိ အတွက် ပိုအကျိုးရှိ ခဲ့လျှင် သူတို့ကို ဖိတ်ခေါ်ပေါ့ ခင်ဗျား။
By The Voice Weekly
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment