Monday 1 October 2012

နိုင်ငံကြီးထဲ က နိုင်ငံငယ်လေး (သို့မဟုတ်) လက်ရှိ မြန်မာ့ တပ်မတော်


“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေး ပြဿနာက တိုင်းပြည်ရဲ့ လက်နက်ကိုင် တပ်တွေ အတွက်ရဲ့ အသုံး စရိတ်ကနေ စတာပဲ” လို့ သြစတြေးလျ နိုင်ငံ မက်ကွာရီ တက္ကသိုလ်က မြန်မာ့ အရေး
ကျွမ်းကျင်သူ စီးပွားရေး ပညာရှင် ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။ သူက “အဲဒါကြောင့် အစိုးရရဲ့ ဘတ်ဂျက်ဆိုင်ရာ မူဝါဒ၊ ငွေကြေး မူဝါဒ၊ ငွေကြေး လဲလှယ်နှုန်း မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒ အပြင် အရာကိစ္စ တိုင်းမှာ တလွဲတွေ ဖြစ်ကုန်စေတယ်” လို့ ဆိုပါတယ်။

အလွန်မှန်တဲ့ မှတ်ချက်ပါ။ တပ်မတော် အနေနဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်မှာ ပိုမို လက်တွေ့ကျမှုတွေနဲ့ ပူးပေါင်း ပါဝင် ပြင်ဆင်ပေး သင့်နေပါပြီ။ ဥပမာ ဦးပိုင် ကိစ္စလို ဟာမျိုးတွေပေါ့။ စစ်တပ် စီးပွားရေး ကိုယ်ပိုင်မလုပ်ဆောင်သင့်ပါ။ နိုင်ငံတကာ ထုံးတမ်း စဉ်လာအတိုင်း ဘက်ဂျက် ကနေ ရယူသုံးစွဲပြီးလိုအပ်တဲ့ အခက်အခဲများကိုလည်း လွှတ်တော်တွေ ကနေတဆင့် တင်ပြ တောင်းခံ ဆောင်ရွက် သင့်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် လက်ဖြန့်တောင်းနေရတယ် လို့ ယူဆနိုင်သော်လည်း တိုင်းပြည် တည်တံ့ ခိုင်မြဲရေး အတွက် အသက်ပေး ဆောင်ရွက်နေသော လက်နက်ကိုင် အဖွဲ့အစည်း တရပ် အနေဖြင့် အင်မတန် ဂုဏ်သိက္ခာ ရှိပါတယ်။ အဲလိုက ပိုကောင်းလိမ့်မယ်လို့ယူဆမိပါတယ်ဗျာ။ စီးပွားရေး ကိုယ်တိုင် ၀င်လုပ်တော့ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့၇တော့ တာပေါ့။

ဥပမာ ပြောရရင် လယ်ယာမြေ ကိစ္စ တို့ ကြေးနီ စီမံကိန်း ကိစ္စ တို့ ပေါ့။ ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး မူဝါဒ တို့ဘာတို့ပေါ့ဗျာ။ မလိုပါဘူးလေ။ ပရော်ဖက်ရှင်နယ် ပီသတဲ့ တပ်မတော် တရပ်ကို မွေးထုတ် သင့်ပါပြီ။ လိုအပ်ရင် လူသစ်ကိုလည်း စစ်မှုမထမ်း မနေရ စနစ် ပြဌာန်းပြီးတော့ စစ်ပညာ သင်ပေးလိုက်ကာ တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် စေသင့်ပါပြီ။ ကိုယ့်လူကို စု ၊ ကိုယ့်စီးပွားရေး ကိုယ်လုပ် ဆိုတာဟာ နိုင်ငံကြီး တခုထဲမှာ နိုင်ငံငယ်တခု ထပ်တည်ဆောက် သလို ဖြစ်နေပါပြီ။ ရေ၇ှည်မှာ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ အာဏာ လွန်ဆွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူး သဖြင့်တော့ ဦးစီး ပဲ့ကိုင်သူများ ကွယ်လွန်သွား ခဲ့ရင်ပေါ့။ မှန်ကန်တဲ့ စနစ်တခုနဲ့တပ်မတော် တည်ဆောက် ပေးခဲ့သင့်ပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်တွေ အကြောင်း အမျိုးမျိုးကြောင့် မရှိတော့ရင် အမြော်အမြင်နဲတဲ့ ခေါင်းဆောင်သာ တက်လာပါက မြန်မာပြည် အနာဂတ်ဟာ မတွေးဝံ့ စရာပါ။ စစ်တပ် ခေါင်းဆောင်ကြီးများ အချိန်မလွန်ခင် ဆင်ခြင်ဆ၀ါး နိုင်ပါစေလေ။

By ရွှေဟင်္သာသတင်းဋ္ဌာန

No comments:

Post a Comment