Monday 1 October 2012

ကျူးကျော်နေထိုင်သူများ တစ်ပတ်အတွင်း ဖယ်ရှားပေရမည်ဖြစ်ပြီး ပြန်လည်နေရာချထားပေးရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း ပြောကြား


စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူများအား မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီမှ သွားရောက် ဖယ်ရှား ရှင်းလင်းခဲ့ရာတွင် ကျူးကျော်နေထိုင်သူများနှင့် စည်ပင်ဝန်ထမ်း၊ ရဲဝန်ထမ်းများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

''ဒီလိုတရားမ၀င် ကျူးကျော်နေထိုင်နေတဲ့သူတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ မပြုလုပ်ခင်ကတည်းက သတင်းစာတွေနဲ့ သူတို့တစ်တွေကို တရားဝင် အသိပေး ပြောကြားထားပြီးသား ဖြစ်ပါတယ်။ ဒီလိုနေထိုင်နေတာကလည်း ဥပဒေမဲ့ဆန်ဆန်လုပ် ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီနေ့ဖြစ်တဲ့ ကျူးကျော်ကိစ္စဆိုရင် သူတို့ဘက်က လောလောဆယ်မှာ မဖယ်ပေးနိုင်ဘူးဆိုတော့ သူတို့ကို တစ်ပတ်အချိန်ပေးပြီး စောင့်သွားမှာပါ။ တစ်ပတ်ပြည့်တာနဲ့ အစီအစဉ်ရှိတဲ့အတိုင်း ဆက် လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မဖယ်ရှားပေးလို့ကတော့ လုံးဝမရပါဘူး။ အဲဒီနေရာတွေက တချို့ဆိုရင် ပိုင်ရှင်ရှိနေပြီး ဂရန်ပေါက်ထားပြီးသားဖြစ်တဲ့ နေရာတွေထဲမှာပါ ၀င်ရောက်နေထိုင်နေကြတာတွေ ရှိပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး မြေ ကွက်ပိုင်ရှင်တွေဆီကနေ မြို့တော်စည်ပင်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ဆီမှာ တိုင်စာတွေ အမြောက်အများ လက်ခံရရှိထားပါတယ်။ အဲဒီကျူးကျော်တွေနေထိုင်တဲ့ နေရာတွေကိုတော့ မြို့ကွက်သစ်စီမံကိန်းအနေနဲ့ ဖော်ထုတ်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ အဲဒီမြို့ကွက်သစ်မှာ လာရောက်နေထိုင်လို့ရအောင်လည်း ဖိတ်ခေါ်သွားမှာပါ''ဟု မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက ပြောကြားသွားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းသမားများကိုလည်း သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ရာ ယခုလက်ရှိ ဖယ်ရှားလိုက်သည့် ကျူးကျော်များကိုလည်း နေရာအသစ် ပြန်လည်ချ ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအား မေးမြန်းခဲ့ရာ အစီအမံရှိကြောင်း၊ သို့သော် စိစစ်မှုများစွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မြို့တော်ဝန်၏ ကားကိုတားဆီးခဲ့သူများကို အရေးယူမှု ရှိ၊ မရှိ မေးမြန်း ရာ ပုဂ္ဂလိကဆန္ဒလေးတွေကို တောင်းဆိုခဲ့ကြတာပါ။ အရေးယူဖို့ အစီအစဉ်မရှိပါဘူးဟု ပြန်လည်ဖြေကြားသွားခဲ့သည်။

ယခုလက်ရှိ ကျူးကျော်နေထိုင်ကြသည့် နေရာများမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ကွက်သစ် စီမံကိန်းဖော်ထုတ်သွားမည်ဖြစ်ကာ လမ်းတံတားများ၊ ဆေးခန်း၊ မီးသတ်၊ ကစားကွင်း၊ ဈေး၊ ကျောင်း၊ အစရှိသည်တို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်မီးပါ အလုံအလောက်ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

By Eleven Media Group

No comments:

Post a Comment