Monday 1 October 2012

ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ ကျေးရွာများ တိုက်ခိုက်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazaar ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ နေရာများအား ဆူပူအုံကြွသူ အစွန်းရောက် မွတ်စလင်များက Facebook တွင် တွေ့ရသော
ဓာတ်ပုံတစ်ပုံကို အကြောင်းပြု၍ ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆူပူအုံကြွမှုသည် အစ္စလာမ်ဘာသာ ကိုရမ်ကျမ်းစာကို နှိမ့်ချစော်ကားထားသည်ဟု မွတ်စလင်များက စွပ်ဆွဲထားသည့် ဓာတ်ပုံ တစ်ပုံအား ယခုအဖြစ်အပျက် ဖြစ်ပွားရာဒေသမှ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက Facebook ပေါ်သို့ တင်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Joinul Bari ၏ အဆိုအရ သိရပြီး ယင်းအဖြစ်အပျက်သည် စနေနေ့ (စက်တင်ဘာ ၂၉ ရက်) ညပိုင်း ကတည်းက စတင်၍ ယနေ့ (စက်တင်ဘာ ၃၀ ရက်) မနက် အစောပိုင်းအထိ ဖြစ်ပွားခဲ့ကာ အစိုးရက လုံခြုံရေး တပ်ဖွဲ့များ တိုးမြှင့် ချထားကာ အခင်းဖြစ်နေရာတွင် လူအများ စုဝေးခြင်း မပြုရန် တားမြစ်လိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် အခြေအနေကို ထိန်းသိမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း Cox’s Bazaar ပြည်နယ်၏ ကမ်းရိုးတန်း ခရိုင် ရဲတပ်ဖွဲ့မှူး Nojibul Islam က ဆိုသည်။

အဆိုပါ ဖြစ်ရပ်တွင် မွတ်စလင် လူမျိုး ၂၅၀၀၀ ခန့်သည် Ramu ခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ ရွာငယ်များအတွင်း အလုံးအရင်းဖြင့် ဝင်ရောက်ကာ သက်တမ်း ရာကျော်ရှိသည့် ဘုရား၊ ကျောင်းကန်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပြီး အနည်းဆုံး လူ ၂၀ ခန့် ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

မီးများ တောက်လောင်လာသည့်အခါ ဆူပူသူ လူအုပ်ကြီးသည် “ကြီးမြတ်သော အလ္လာရှင်မြတ်” ဟု ကြွေးကြော်၍ ရွာများအတွင်း ဝင်ရောက်ကာ လမ်းတလျှောက် မြင်မြင်ရာကို ဖျက်ဆီး ပစ်ခဲ့ကြကြောင်း၊ သက်တမ်း နှစ်ပေါင်း ၃၀၀ ရှိသည့် ကျောင်း ၂ ကျောင်း အပါအဝင် သစ်သား ဘုန်းကြီးကျောင်း ၁၁ ကျောင်းကို ဖျက်ဆီး လုယက်မှု ပြုလုပ်ခဲ့ကြပြီး ဈေးဆိုင်များကိုလည်း အလားတူ တိုက်ခိုက် ခဲ့ကြကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပြခဲ့သည်။ ဗုဒ္ဓဘာသာ ရွာပေါင်း ၁၅ ရွာကို တိုက်ခိုက်ခဲ့ပြီး အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မီးလောင်ကျွမ်းထားသည့် ကိုရမ် ကျမ်းစာအုပ် တစ်အုပ်၏ ဓာတ်ပုံ Facebook ပေါ် ရောက်ရှိလာရမှ အစပြုခဲ့ခြင်း ဖြစ်ပြီး ဆူပူသောင်းကျန်းသူများက ယင်းဓာတ်ပုံကို ထိုဒေသနေ ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦးက တင်သည်ဟု စွပ်ဆွဲခဲ့ကြသော်လည်း ယင်းလူငယ် အမှန်တကယ် ထိုဓာတ်ပုံကို တင်ခဲ့ခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် နာမည်ကျော် သတင်းစာ Daily Star ကတော့ အဆိုပါ ဗုဒ္ဓဘာသာဝင် လူငယ်က ယင်းဓာတ်ပုံကို ၎င်းက တင်ခြင်း မဟုတ်ဘဲ Facebook ပေါ်မှ အခြား တစ်စုံတစ်ဦးက ၎င်းကို မှားယွင်း၍ tag ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သူဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ Daily Star ၏ အဆိုအရ ယခု အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီး မကြာမီတွင်ပင် အဆိုပါ လူငယ်၏ Facebook account ပိတ်သွားပြီး ရဲတပ်ဖွဲ့က ယင်းလူငယ်နှင့် ၎င်း၏ မိခင်တို့အား ဘေးကင်းရာသို့ စောင့်ရှောက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Joinul Bari ကမူ ယင်းလူငယ်၏ မိဘများအား အာဏာပိုင်တို့က ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။

လူဦးရေ သန်း ၁၅၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်စလင် ဘာသာဝင် ၉၀ ရာခိုင်နှုန်း နေထိုင်ပြီး ဗုဒ္ဓဘာသာဝင် ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၁ ရာခိုင်နှုန်းအောက်သာ ရှိကာ ကျန်လူဦးရောမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် ဗုဒ္ဓဘာသာ လူများစုဖြစ်သော မြန်မာနိုင်ငံနှင့် နယ်နိမိတ်နှင့် နီးစပ်သော ဒေသများတွင် နေထိုင်ကြသည်။

Written by မီးမောင်

By Shwelone.com (ရွှေလုံး)

No comments:

Post a Comment