Monday 1 October 2012

‎"မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ NLD ရပ်ကျေးရုံးမှ အလံ ခိုးယူခံရ"


မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ NLD ရပ်ကျေးရုံးတွင် စိုက်ထူထားသော အလံတိုင်မှ NLD အလံသည် (၃၀.၉.၂၀၁၂) ညနေပိုင်းတွင် ဖြုတ်ခိုးခံခဲ့ရကြောင်း သတင်းရရှိပါသည်။

အလံအား ဖြုတ်ယူသွားသူမှာ မြို့သစ်ရပ်ကွက် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး အရက်သေစာ အမြဲသောက်စားလျက် ရှိသူဖြစ်ကြောင်း၊ ပါတီဝင်ဖြစ်သော်လည်း ပါတီ၏လုပ်ဆောင်မှုများအပေါ်တွင် အမြင်မကြည်သူတစ်ယောက်ဖြစ်ကြောင်း ထိုလူမှာ အလံအား တက်ဖြုတ်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့သူ ငါးဦးခန့်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး မြို့သစ်ရပ်ကွက်၊ NLD ရပ်ကျေးရုံး၏ ဥက္ကဋ္ဌ ဒေါ်စန်းစန်းလွင် မှ အမှုဖွင့်ခြင်း မပြုတော့ပဲ နောင်တွင် ထိုသို့ မပြုလုပ်ရန် သတိပေးခြင်းသာ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယနေ့ (၁.၁၀.၂၀၁၂) ထိ အဆိုပါ မြို့သစ်ရပ်ကွက်၊ NLD ရပ်ကျေးရုံးတွင် အလံ အား ပြန်လည် လွှင့်တင်ထားခြင်း မရှိသေးကြောင်း မြို့သစ်ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။

"ရုံးက ဖွင့်သာဖွင့်ထားတယ်၊ ဖွင့်ပွဲနေ့ပြီးတော့ ဒီအတိုင်း အမြဲတမ်း ပိတ်ထားတာပဲ၊ လူစောင့်လည်း မရှိဘူး၊ အမြဲတမ်းသော့ခတ်ထားတာ၊ ဒါကြောင့် အဲဒီလိုဖြစ်တာ" ဟု ရပ်ကွက်သူတစ်ဦးက သလ္လာဝတီတိုင်းမ်၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

By ThanLarWaddy Times

No comments:

Post a Comment