Thursday, 1 November 2012

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား


ယခုတလော သတင်းစာတွေ ဂျာနယ်တွေထဲမှာ နိုင်ငံတော်အစိုးရ ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန အနေဖြင့် ကျေးလက်နေ ပြည်သူများအား မိုဘိုင်းဖုန်းများ
အသုံးပြုနိုင်ရန် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်နေကြောင်းများ ဖတ်ရှုကြားသိရပါတယ်။ ကျွန် တော်တို့ နိုင်ငံတော် အစိုးရရဲ့ ဦးစားပေးဆောင်ရွက်မယ့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အစီအစဉ် အတွက်ဆိုတော့ မင်္ဂလာသတင်း ပေါ့။ ကြိုလည်း ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမဲ့ ယခင့် ယခင်က လည်း ပြောတော့ တော်တော် ပြောလိုက်ကြတာပဲ။ အလျင်အမြန် စဉ်းစားပြီး မြန်မြန်ပြောချ၊ တက် သုတ်ရိုက်လုပ်၊ နောက်တော့လည်း ဘာမှမဟုတ်ဆိုတာမျိုးလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ကြက်ဆူပင် ကိစ္စ မျိုးလိုပေါ့။
မိုဘိုင်းတယ်လီဖုန်း အသုံးပြု ခြင်းဖြင့် လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုး တိုးတက်လာအောင် တိုက်ရိုက် အထောက်အကူ ပြုသွားနိုင်မယ် လို့ မျှော်လင့်ကြောင်း ဖတ်ရတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အမြင်လေးတွေကိုလည်း ပြောပြ ချင်စိတ် ဖြစ်လာတယ်။ အမေရိကန် ပြည်ထောင်စုလောက် မိုဘိုင်း တယ်လီဖုန်း သုံးနိုင်တာရှိပါ့မလား။ အပြိုင်အဆိုင်ဆိုတော့ သူ့ထက်ငါ ကောင်းအောင် ဝန်ဆောင်မှုတွေ ပေးကြတယ်။ အခက်အခဲမရှိ တစ် ယောက်နဲ့ တစ်ယောက် ချက်ချင်း ဆက်သွယ်လို့ရတယ်။ ဒါတောင် ၂ဝဝ၉ ခုနှစ်ကတည်းက စပြီး အမေရိကန် စီးပွားရေးကျဆင်းနေ တာ။ အခုထိတောင် ကောင်းကောင်း မတက်သေးဘူး။
မိုဘိုင်းတယ်လီဖုန်း စီမံချက်ကို ရေးဆွဲတဲ့အခါ အကျိုးအမြတ်ကို မကြည့်ဘဲ ပြည်သူလူထုရဲ့ ဆက် သွယ်မှု လွယ်ကူအဆင်ပြေချော မွေ့အောင် ဆောင်ရွက်ပေးသည့် အစီအစဉ် ဖြစ်တယ်လို့ ဖော်ပြ တော့ ငါတို့နိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေမသိဘဲ မသိတာလား မသိကျိုးကျွံ ပြုတာလားဆိုတာ ကျွန်တော်တော့ အဖြေမရှိသလိုပါ ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်း နိုင်ငံက လူတစ်ယောက် ကျေးလက် နေနေ၊ မြို့ပြနေနေ၊ ဘယ်မှာပဲ နေနေ မိုဘိုင်းဖုန်းတစ်လုံး ကိုင်နိုင် ဖို့ ဘတ်ငွေ ၁ဝဝ၊ မြန်မာငွေ ၃၁ဝဝ ပဲကျတယ်။ အခုတော့ အခုထွက်မယ့် မိုဘိုင်းတယ်လီဖုန်း ဟာ အကြွေးရောင်းပေးတာက လွဲလို့ ကျပ်ငွေနှစ်သိန်းတဲ့။ ဒီတော့ အိမ်နီးချင်းနိုင်ငံထက် ကျွန်တော်တို့ ဖုန်းက ၆၄ ဆ ပိုများနေတယ်။ ဒါတောင် ထိုင်းတစ်ယောက်ရဲ့ ဝင် ငွေဟာ မြန်မာတစ်ယောက်ဝင်ငွေ ထက် အခြေခံကျကျကိုက သာနေ ပါသေးတယ်။ ဒီတော့ ဝင်ငွေ ကောင်းတဲ့ သူက ဈေးပေါပေါနဲ့ရ။ ဝင်ငွေမကောင်းတဲ့သူ ကျတော့ ဈေးကြီးကြီးနဲ့ဝယ်ရ။ ဘယ်လိုစဉ်း စားပြီးတော့ အကျိုးအမြတ်မကြည့် ဘဲ လုပ်တာပါလို့ ပြောရတာလဲ။နောက်ပြီး မိုဘိုင်း တယ်လီဖုန်းတွေ ဖြန့်လိုက်ရုံနဲ့ ကျေးလက်နှင့် မြို့ပြ ဆင်းရဲချမ်းသာ ကွာဟမှု ချက်ချင်း ဘယ်လိုများ နည်းပါးသွားမှာလဲ။ အံ့သြစရာ အကောင်းဆုံးကတော့ မြန်မာနိုင်ငံအတွင်း လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းကို မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်းခြုံ နိုင်ပြီ ဖြစ်ပါသည်ဆိုတဲ့ သတင်းပါပဲ။ ကျွန်တော် GSM ဖုန်းကိုင် တာ ကြာပါပြီ။ ယခုလက်ရှိ အနေ အထားမှာကို ပုသိမ်သွားတဲ့လမ်းနဲ့ ထန်းတပင်သွားတဲ့ လမ်းဆုံကျော် ပြီဆိုတာနဲ့ လိုင်းမမိတော့ဘူး။ ပန်းတနော်နား ဖြတ်တဲ့အခါ ပြန် မိတယ်။ နောက်ထပ်ကတော့ ပုသိမ်ရောက်မှပဲ GSM ဖုန်းနဲ့ ဆက်လို့ ရတော့တာပါပဲ။ ဟိုးဘက်မှာတော့ ငွေဆောင်နဲ့ ချောင်းသာတို့မှာ ပြန်ဆက်လို့ ရဦးမယ်လေ။ ရန်ကုန်-မြစ်ကြီးနားလမ်း တစ်လျှောက်လုံးကိုလည်း ကြည့်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ တစ်လျှောက် နေရာတော်တော် များများ ဆက်လို့ရပါတယ်။ ဒါပေမဲ့ ၈၅ ရာခိုင်နှုန်းသာ လွှမ်းခြုံနေရိုးမှန်ရင် အမြန်လမ်းမနှင့် ယခင်လမ်းဟောင်းကြား အလယ်ကောင် တည့်တည့်မှာရှိတဲ့ ဖဒိုမြို့၊ ကျေးရွာ မဟုတ်ဘူးနော်၊ အဲဒီမြို့မှာ ဘာ GSM မှ မရဘူး။
မန္တလေး ဟိုးဘက်ကို ကြည့်ပါဦး။ စစ်ကိုင်းတို့၊ ရထောင်တို့၊ ရွှေဘိုတို့မှာ ရပါရဲ့။ အဲဒါကျော် ပြီးတာနဲ့ မြို့အတော်များများ ရှိတဲ့ လမ်းတစ်လျှောက် မိုဘိုင်းဖုန်း သုံး လို့ မရလိုက်တာ မိုးညှင်းရောက် ရော။ မိုးညှင်းမှာ ရပြီး တစ်ခါထပ် ပြီး မြို့တွေကိုဖြတ်၊ မိုးကောင်း ရောက်တော့မှ ပြန်ရတာ။ မြစ်ကြီးနားလည်း ရပါတယ်။ ဒါကျွန်တော် တကယ်သွားဖူးတဲ့ နေရာတွေကိုပဲ ပြောတာနော်။ ပြောမယ်ဆိုရင် တော့ အများကြီးပါ။ တကယ်တမ်း ဖုန်းဆက်ပြန်တော့လည်း စကား ပြောရဖို့အရေး အခေါက်ခေါက် ခေါ်ရတယ်။ အရေးထဲရပြန်တော့ လည်း Network  က Busy တဲ့။ ဆက်လို့မရတာနဲ့ အတူတူပါပဲ။
စရိတ်စကကိုလည်း ကြည့်ပါဦး။ စစချင်း လေးသောင်းတည်း ပေးရတယ်ဆိုပေမယ့် တကယ်ပေးရမှာ နှစ်သိန်း၊ မြို့ပြက လူတချို့ အတွက် လေးသောင်းဆိုတာ မများဘူး လို့ ထင်ရပေမယ့် ကျေးလက်နေ ပြည်သူအများ အတွက်ကတော့ အတော်လေးများပါတယ်။ နှစ်သိန်းဆိုတော့ ပိုလို့တောင် ဆိုးသေးတာပေါ့။ ဒီလိုနှစ်သိန်းနဲ့ ပေးတယ်။ အကြွေးစနစ်နဲ့ ပေးတယ် ဆိုလို့ သက်သာတယ်ဆိုတာ ယခင်က ကျွန်တော်တို့ နိုင်ငံရဲ့ မိုဘိုင်း တယ်လီဖုန်းဈေးနဲ့ နှိုင်းယှဉ် ပြီး ပြောနေတာ။ ဒါကတော့ မဟုတ်မတရား ဈေးတင်ထားခဲ့တဲ့ ဥစ္စာ။ ဒါနဲ့ နှိုင်းယှဉ်လို့တော့ ဘယ်ဖြစ်မလဲ။ ကိုယ့်ဝန်းကျင်နိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရမှာပေါ့။ အဲဒီ Initial Investment မှာ ဟန်းဆက်ဖိုး မပါ သေးဘူး နော်။ တူတူတန်တန် အနိမ့်ဆုံး ဟန်းဆက်တောင် သုံးသောင်းနဲ့ လေးသောင်းကြားမှာ ရှိတယ်။ ကျွန်တော် GSM ကိုင်တဲ့ အတွေ့အကြုံပြောရဦးမယ်။ ၂ဝ၁၁ ခုနှစ်အတွင်း တယ်လီဖုန်း ဆက်ခ တစ်သိန်းသွင်းခဲ့ရတယ်။ ဒါတောင် ၂ဝ၁ဝ ဒီဇင်ဘာ ၁၉ ရက်နေ့ကပဲ ငါးသောင်း သွင်းထားသေးတာ။ ကျွန်တော်က ဒီဖုန်းတစ်လုံးတည်း သုံးတာ မဟုတ်ဘူးနော်။ တခြား မိုဘိုင်းဖုန်းတွေရှိသလို လိုင်းဖုန်းတွေလည်း ရှိသေးတယ်။ အဲဒီတော့ ကျေးလက်နေ ပြည်သူတစ်ဦး လက်ထဲ မိုဘိုင်းဖုန်း ရောက်ပြီးတာ နဲ့ နောက် ဆက်တွဲ စရိတ်စက ဘယ်လောက် တက်လာမလဲ ဆို တာ စဉ်းစားလို့ရတယ်။ ဒီလိုဆို တစ်လကို တစ်သောင်းသွင်းဖို့ နေနေသာသာ ဌာနက ယာယီ ဖြတ်တောက်ခြင်း မခံရအောင် ထိန်းသိမ်းဖို့တောင် လွယ်ပါ့မလား။ ဆက်သွယ်ရေး ဌာနကလည်း ကျွန်တော် ဆယ်သိန်းပေးပြီး ရယူထား တဲ့ဖုန်း ငွေသွင်းတာ နည်းနည်း လေးနောက်ကျ တာနဲ့ ဖြတ်ထည့် လိုက်ရော။ အချိန်မဆိုင်းဘူး။ ငွေသွင်းပြီးတဲ့ အခါကျတော့ ချက် ချင်းမရဘူး။ နှစ်ရက်လောက် ကတော့ ပိတ်ထားဆဲပဲ။ အဲဒီတော့ ကျေးလက်နေ ပြည်သူ တွေ ဌာနက ယာယီပိတ်ထားတဲ့ ဖုန်းကိုပဲ တစ်လ တစ်သောင်း မှန်မှန်သွင်း ဖုန်းကတော့ ဆက်လို့မရဘူးပေါ့။ ကျွန် တော့် မိတ်ဆွေတစ်ယောက် ပြော ပြချက်ကတော့ စင်ကာပူကို မထွက်ခင်လေးမှာပဲ သုံးသောင်း သွင်းခဲ့တယ်။ ဖုန်းကိုလည်း ပိတ်ထားခဲ့တယ်။ စင်ကာပူက ပြန်လာ ပြီး မကြာခင်မှာပဲ ငွေသွင်းဖို့ Message ရောက်လာ တယ်။ ဒါနဲ့ သုံးသောင်း သွင်းလိုက်ပြန်ရော။ နှစ်ပတ်တောင် မခံဘူး။ ငွေသွင်းဖို့ Message ထပ်ရောက်လာပြန်တယ်။ ဒီလို တယ်လီဖုန်းဆက်ခ မျိုးနဲ့သာ ကျေးလက်နေ ပြည်သူ တွေ တယ်လီဖုန်း ကိုင်ကြမယ်ဆိုရင် ဆင်းရဲမှု လျော့ မလျော့တော့ မသိဘူး။ မွဲဆေး ဖော်စားသလို ဖြစ် နေမှာတော့ အသေအချာပဲ။ တချို့ ကတော့ ပြောမယ်။ Prepaid card သုံးနေပြီလေလို့။ လူကိုယ်တိုင် သွားသာ မသွင်းရတာ၊ ကုန်ကျမှု ကတော့ အတူတူပါပဲ။
မိုဘိုင်းဖုန်းရရင် ကျေးလက် နေ ပြည်သူတစ်ဦး အခုနပြောတဲ့ စရိတ်လောက်နဲ့ ပြီးရောတဲ့လား။ မပြီးသေးပါဘူး။ လျှပ်စစ်မီးမရှိတဲ့ ကျေးရွာတွေမှာ နေနေကြတဲ့ ပြည် သူတွေ တယ်လီဖုန်း Charging   သွင်းဖို့ ခက်ပြီပေါ့။ ကျေးရွာတွေ မှာ အိမ်တစ်အိမ် လေးဆယ်  Watt  တစ်ပွင့် သုံးရင်တောင် တစ်လ သုံးထောင်ကျပ်လောက် ကျတယ်။ Plug  ခေါင်းထပ်ထည့်ရင် ဘယ်လို ဖြစ်မလဲ။ နောက်ဆက်တွဲ ပြဿနာ ကတော့ ပိုကြီးပါလိမ့်မယ်။ ကျေးရွာမှာ မောင်းတဲ့ မီးစက်နဲ့ သုံးလို့ ကတော့ Charger  တွေ မကြာ ခဏ လောင်ပြီလို့သာ အောက်မေ့တော့။ စနစ်တကျ မရှိ။ Voltage တွေကို ကောင်းကောင်းထိန်းညှိတဲ့ စက်မရှိ၊ လျှပ်စစ်ပညာရှင်မရှိ၊ ပိုက်ဆံ ရှိလို့ စက်ဝယ်နိုင်ရင် မီးမောင်းပြီး ရောင်းစားကြတာပဲ။ ဒီတော့ တယ်လီဖုန်းရောင်းတဲ့ ဆိုင်တွေ၊ Safe Guard ရောင်းတဲ့ဆိုင်တွေ ကောင်းစားကြဦးမှာပေါ့။ ဒါတောင် တချို့ ဆို တယ်လီဖုန်းလောင်ပြီးမှ Safe Guard ခံရကောင်းမှန်းသိမှာ။
ဒါက အခြေခံကျကျ အရေး ကြီးတာတွေကို ကျွန်တော်ပြောတာ။ စစ်စစ်ပေါက်ပေါက်တော့ လိုက်မပြောချင်တော့ပါဘူး။ မိုးလေဝသ ကိစ္စဆိုတာကတော့ မိုဘိုင်း ဖုန်းထက် ဈေးပေါပေါလေးနဲ့ ရတဲ့ ရေဒီယိုပဲ အကောင်းဆုံးပါ။ မိုးလေဝသနဲ့ ဇလဗေဒဌာနက တာဝန်ရှိရှိ နဲ့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးမယ် ဆိုရင် လုံလောက်ပါတယ်။ နောက် ဆုံး ကျွန်တော် ပြောချင်တာက တကယ်တမ်း ဆင်းရဲနွမ်းပါးမှု လျှော့ချချင်တယ်ဆိုရင် မိုဘိုင်း တယ်လီဖုန်းကို အိမ်နီးချင်း ထိုင်း နိုင်ငံလို ဘတ် ၁ဝဝ (မြန်မာငွေ ကျပ် ၃၁ဝဝ)နှင့် မရောင်းရင်တောင် ဟိုတလောက ပြောနေကြတဲ့ ဆွေး နွေးနေကြတဲ့ ကျပ် ၅ဝဝဝ တန် ဆင်းမ်ကတ်ကို ခွင့်ပြုလိုက်ပါ။ ပြည်သူကို တကယ်ချစ်တဲ့ အနေ နဲ့ပေါ့။
ဝမ်းသာရမှာလား …ဝမ်းနည်းရမှာလား…။
သိန်းလွင် (ဒဿနိကဗေဒ)

By Popular Myanmar News Journal

Photo - Google

1 comment:

  1. ဟဲဟဲ....သူတို့သူဌေးဖြစ်နောက်ကျမှာစိုးလို့-ဘာမှ
    မသိ့နားမလယ်တဲ့သူတွေကို စကားလုံးလှလှလေးတွေ
    သုံးပြီးညာမလို့။

    ReplyDelete