Thursday 1 November 2012

မြန်မာနိုင်ငံကို ထွန်းတောက်လာမည့် အာရှကြယ် တစ်ပွင့် အဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်က ဟောကိန်း ထုတ် ပြောကြား


အာရှ ဖွံ့ဖြိုးရေးဘဏ် အကြီးအကဲ Stephen Groff နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်
၂၅ နှစ်တာမျှ အထောက်အပံ့ ရပ်ဆိုင်းထားခဲ့သော မြန်မာနိုင်ငံသို့ ပြန်လည် ထောက်ပံ့ရေး ပြုလုပ်ပေးနိုင်မည့် ယာယီ နည်းလမ်းတစ်ရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်က အောက်တိုဘာ ၂၆ ရက်တွင် ချမှတ်ပေးခဲ့သည်။ အာရှ ဖွံ့ဖြိုးရေးဘဏ် ၏
ဆုံးဖြတ်ချက်သည် လာမည့် သီတင်းပတ်အတွင်း အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်ရန် ရှိသည့် ကမ္ဘာ့ဘဏ်ထက် ဦးစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံအပေါ် ပြန်လည် ထောက်ပံ့ရေးနှင့် စပ်လျဉ်းသည့်  အဆိုပါ ဘဏ်ကြီးနှစ်ရပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ ယခင် ကာလများထက် များစွာ ထူးခြားသည့် အသွင်ကို ထင်ဟပ်ပေါ်လွင် စေခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ယာယီနည်းလမ်းမှာ စီမံကိန်းများနှင့် ဘဏ္ဍာရေးငွေ ခွဲဝေမှုဆိုင်ရာ အခြေခံ အချက် အလက်များ ချမှတ်ရေးကို ရည်ရွယ်သည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် အရှေ့အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Stephen Groff က ပြောကြားခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ဆောင်ရွက်ပေးမည့် နယ်ပယ်များကို သတ်မှတ် ပေး မည် ဖြစ်ကြောင်း၊ နောက်ထပ် တစ်ဆင့် မကူးပြောင်းမီ ကြိုတင် လုပ်ဆောင်ရမည့် ကိစ္စရပ် ဖြစ်သည့် အလျောက် အထူးအရေးပါ လှကြောင်းလည်း Groff က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ရေး၊ စီးပွားရေး အခြေခံ အဆောက် အအုံနှင့် လူမှုဝန်ဆောင်မှုများ အပါအဝင် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအစရှိသည့် စီးပွားရေး စီမံကိန်းများတွင် ဘဏ္ဍာငွေ ထောက်ပံ့ခြင်း၊ သင်ကြားခြင်း၊ လေ့ကျင့်ခြင်း စသည့် အဓိကနယ်ပယ် ၃ ရပ်ကို အဆိုပါ ယာယီနည်းလမ်းဖြင့် ချမှတ်ပေးရန် ရည်ရွယ်သည်။

ဇန်နဝါရီလအတွင်း အသေးစိတ် အချက်အလက်များ ထုတ်ဖော်တင်ပြမည့် ဘဏ်အဖွဲ့အစည်းကြီး ၂ ရပ် က လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ ထောက်ပံ့မည့် ရန်ပုံငွေမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂ဝဝ ကျော်ရှိမည် ဖြစ်ပြီး ယင်းအနက် အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပံ့ငွေမှာ ဒေါ်လာသန်းပေါင်း ၅၅ဝ မှ ၆ဝဝ ခန့်အထိရှိနိုင်မည် ဖြစ်သည်။

သို့ရာတွင် အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ကမ္ဘာ့ဘဏ်တို့သို့ ပေးဆပ်ရန် ကျန်ရှိသော လက်ကျန်ကြွေးမြီ ဒေါ်လာသန်း ၉ဝဝ ကို မြန်မာနိုင်ငံ က ပေးဆပ်မှုမရှိမချင်း အဆိုပါ ဘဏ်နှစ်ရပ်စလုံးက အထူးချေးငွေ နှင့် အထောက်အပံ့များ ကို ပေးအပ် နိုင်မည် မဟုတ်ပေ။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယခုလ အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ၏ တွေ့ဆုံဆွေးနွေး ပွဲတွင် ဂျပန်အစိုးရက မြန်မာနိုင်ငံ အား ကာလတိုချေးငွေဒေါ်လာသန်း ၉ဝဝ ထောက်ပံ့ မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည် ဖြစ်ရာ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့သို့ ပေးဆပ်ရန် ကျန်ရှိသည့် လက်ကျန်ကြွေးမြီများကို မြန်မာနိုင်ငံက ဇန်နဝါရီလအတွင်း ပေးချေနိုင်လိမ့်မည်ဟု မျှော်လင့် ရပေ သည်။

Stephen Groff က ဘဏ်ကြီး နှစ်ရပ်ပူးပေါင်းကာ အထောက်အပံ့ ပေးရမည့် အလားအလာရှိ နယ်ပယ်များ အတွက် မူဝါဒများ တွဲဖက်ချမှတ်ရေး ဆွဲပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် အကူအညီ ပေးလိုသူများ များပြားလျက် ရှိသည်ဖြစ်ရာ နယ်ပယ် တစ်ခုတည်းတွင် အထပ်ထပ် အကူအညီပေးခြင်း မျိုး မဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ်၏ စစ် တမ်းများအရ မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးမှုနှုန်းထား သည် ၂ဝ၁၃ ခုနှစ်တွင် ၆.၃%၊ ၂ဝ၁၄ ခုနှစ်တွင် ၆.၅ % အထိ တိုးပွားလာမည်ဟု ခန့်မှန်း ထားသည်။ ယခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းထားမှာ ၅.၅%  သာဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် က မြန်မာနိုင်ငံသည် အာရှဒေသ ၏ ထွန်းတောက်လာမည့် ကြယ်ပွင့် များအနက်မှ တစ်ပွင့်ဖြစ်လာမည်ဟု ဟောကိန်း ထုတ်ပြောကြားခဲ့သည်။

Ref: ADB Vote Paves Way for Myanmar Funding by Gwen Robinson, BBC News

By Myanmar Independent News journal

Photo - အာရှ ဖွံ့ဖြိုးရေးဘဏ် အကြီးအကဲ Stephen Groff နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်

No comments:

Post a Comment