Thursday 1 November 2012

ဆီးရီးယားလေတပ်အကြီးအကဲအား တော်လှန်ရေးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်


ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည်
လေတပ် စစ်ဦးစီးအား လုပ်ကြံ သတ်ဖြတ်လိုက်ကြောင်း အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယား အစိုးရက ဒမတ်စကက်တွင် လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာသွားခြင်း ဖြစ်သည်။ မြို့တော် ဒမတ်စကက်တွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမို အားကောင်းလာပြီးနောက် ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ရာ နေရာများကို ဗုံးကြဲတိုက်ခိုက်မှုတွင် အဓိက ပါဝင်လှုပ်ရှားခဲ့သော လေတပ် စစ်ဦးစီး လုပ်ကြံခံရသည့် သတင်းပါ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆီးရီးယားတွင် ပဋိပက္ခများသည် လပေါင်း(၂၀)ကြာ ပြင်းထန်လာပြီးနောက် ယခုတိုင် မပြီးဆုံးသေးချေ။

ဆီးရီးယားတွင် အင်အားစု နှစ်ခုကြား တိုက်ခိုက်မှုများသည် ဘာသာရေး ရုံးပိတ်ရက်များ အပြီးတွင် တစ်ကျော့ပြန် ပြင်းထန်လာသည်။ အပစ်အခတ် ရပ်စဲရန် သဘောတူညီမှုမှာလည်း ပျက်ပြယ်သွားပြီး ယင်းကိစ္စအတွက် တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချနေဆဲ ဖြစ်သည်။ ထိုအတောအတွင်း အစိုးရ ရုပ်မြင်သံကြား ဌာနက ဗိုလ်ချုပ် အက်ဘ်ဒူလာ မာမွတ် အယ်လ်ခါလီဒီ အသတ်ခံရသည့် သတင်းအား ကြေညာခဲ့ခြင်း ဖြစ်သည်။ တနင်္လာနေ့က ဒမတ်စကက်ရှိ ရက်ခ်အယ်လ်ဒင်းတွင် လက်နက်ကိုင် အကြမ်းဖက်
သမားများက ဗိုလ်ချုပ်ကို လုပ်ကြံသွားကြောင်း ရုပ်မြင်သံကြား ဌာနက
ကြေညာသည်။

သို့သော်လည်း မည်သို့မည်ပုံ သတ်ဖြတ်ခြင်း ခံရကြောင်း မဖော်ပြခဲ့သလို နာမည်မတပ်ဘဲ နိုင်ငံ၏ လေကြောင်းပျံသန်းမှုဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးဟု ပြောဆိုသွားသည်။ နောက်ပိုင်းတွင်မူ အစိုးရ ထိပ်တန်း လုံခြုံရေး တာဝန်ခံ တစ်ဦးက အသတ်ခံရသူမှာ လေတပ်စစ်ဦးစီးဟု ထုတ်ဖော်
ပြောဆိုလာခဲ့သည်။ ဆီးရီးယားတွင် သမ္မတ ဘာရှာ အာဆက်ဒ်ကို ပုန်ကန်သော လှုပ်ရှားမှုများသည် (၂၀၁၁)ခုနှစ်၊ မတ်လကတည်းက
ပေါ်ပေါက်လာပြီး ယခုတိုင် ဆိုးဆိုးရွားရွား ပြင်းထန်နေဆဲဖြစ်သည်။

Source: NY Times

By Planet Myanmar Network

No comments:

Post a Comment