Tuesday 16 October 2012

ပြည်သူတွေအတွက် ဘယ်သူတာဝန်ယူမှာလဲ


ပုဂ္ဂလိကဘဏ်တွေနဲ့ပတ်သက်ပြီး ကောလာဟလ တွေထွက်လာလို့ အသံထွက်ခဲ့တဲ့ ဘဏ်တချို့ရဲ့ တာဝန် ရှိသူတွေက ပိတ်ရက်တွေ ဆက်သွားလို့ ဖြစ်ခဲ့ရပုံတွေ ပြောပြပြီး ဖောက်သည်များအတွက် အာမခံကြောင်း၊ တာဝန်ယူကြောင်း၊ ဟိုးအရင်လို နောက်တစ်ခါ မဖြစ်နိုင် တော့တဲ့ အကြောင်းတွေ ရှင်းပြခဲ့ပါတယ်။

မကြာမီမှာဘဲ ပြည်သူတွေ စိုးရိမ်စရာ မလိုတဲ့အ ကြောင်း၊ ဒီပုဂ္ဂလိကဘဏ်များနဲ့ပတ်သက်ပြီး ဗဟိုဘဏ် က အပြည့်အဝတာဝန်ယူတဲ့အကြောင်း ထုတ်ဖော်ပြော တာလည်း ကြားသိလိုက်ရပါတယ်။

ပုဂ္ဂလိကဘဏ်တွေနောက်မှာ ဗဟိုဘဏ်က မား မားမတ်မတ်ရပ်တည်နေကြောင်း အခုလိုမပြောခင် လွန် ခဲ့တဲ့ ရက်သတ္တပတ်များက ဒီဘဏ်တချို့ရဲ့ နိုင်ငံခြားငွေ ကြေးလဲလှယ်ရေးဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အဆင်မပြေ ပုံတွေ၊ တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေဆီက အသံ တွေ ဂျာနယ်စာမျက်နှာတချို့မှာ ပဲ့တင်ထပ်ခဲ့ပါတယ်။

နိုင်ငံခြားငွေစက္ကူနဲ့ အက်ဖ်အီးစီများကို အသစ်/ အဟောင်း/ အက္ခရာစသဖြင့် အလွန်ရွေးချယ်ပြီးမှ လက် ခံတော့လည်း ကြော်ငြာထားသလို မဟုတ်ဘဲ နည်းပါးလှ တဲ့ အရေအတွက်သာ လက်ခံလဲလှယ်ပေးတဲ့အတွက် လာရောက်လဲလှယ်သူ ပြည်သူတွေကော နိုင်ငံခြားသား တွေပါ အခက်တွေ့နေရပုံအကြောင်းတွေပါ။

အဲဒီကိစ္စအတွက်တော့ ဒီနေ့အထိ ပြည်သူတွေအ တွက် ဘယ်လိုအဆင်ပြေအောင် တာဝန်ယူလုပ်ကိုင်ပေး မယ်ဆိုတာ ဘယ်သူကမှ ရှင်းလင်းပြောတာ မတွေ့ရ သေးပါ။ ဘဏ်တချို့ကတော့ ဗဟိုဘဏ်သတ်မှတ်ဈေး နဲ့ အပြင်ဈေးကွာနေတဲ့အတွက် လူတစ်ယောက်အတွက် အလဲအလှယ်ပမာဏကို သူတို့ဘာသာပဲ ကန့်သတ်ထား တယ်လို့ တုံ့ပြန်ပါတယ်။

မကျေမနပ်ဖြစ်ရတဲ့ ကိုယ်တွေ့ကြုံသူတစ်ဦးပြော ပြတာကတော့ သားဖြစ်သူက သင်္ဘောသားအရာရှိမို့ ဒေါ်လာလေးလည်း လက်ထဲတကယ်ရှိလို့ ကားဝယ်ဖို့ MFTB မှာ ဒေါ်လာခုနစ်ထောင်သွင်း စာရင်းဖွင့်ခဲ့မိပါသတဲ့။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ကားမဝယ်ဖြစ် သေးလို့ ငွေပြန်ထုတ်တော့ FEC သာ ပြန်ထုတ်ပေးပါသ တဲ့၊ ဒီနေရာမှာလည်း FEC တစ်ဆယ်တန်တွေသာ အုပ် လိုက် ခုနစ်ထောင်ဖိုးပြည့်အောင် ထုတ်ပေးတာဖြစ်ပြီး အခြားအရွက်လည်း တောင်းဆိုခွင့် မရှိဘူးတဲ့ ။

ဒါနဲ့ပဲ အဲဒီ FEC ခုနစ်ထောင်ရင်မှာပိုက်ပါလို့ မြန်မာ ငွေပြန်ဖော်ဖို့ သူတို့သာ နိုင်ငံခြားငွေတရားဝင်လဲလှယ် ခွင့်ရှိသူတွေပါဆိုတဲ့ ဘဏ်တစ်ဘဏ်ဆီ ချီတက်သွားလိုက် တော့ အဲဒီ FEC အုပ်လိုက်တွေထဲက သူတို့ကြိုက်တဲ့အ ရွက်ပဲ ရွေးဝယ်မယ်တဲ့လေ။ MFTB အခုလေးတင် ထုတ်လာတာပါ။ အထောက်အထားတွေ ပြလည်း မရဘူး။ ထောင်မလဲ သဲကော်အသစ်ချပ်ကျွတ်အရွက် တွေမှ တရားဝင်ဈေးနဲ့ ရွေးဝယ်မယ်တဲ့လေ။

နောက်ဆုံးတော့ အဲဒီ FEC ခုနစ်ထောင်ဟာ တရား မဝင်ပါဘူးဆိုတဲ့ ပြင်ပရောင်းဝယ်ရေး ဈေးကွက်ထဲပဲ ရောက်သွားရတာပေါ့။ ဒေါ်လာတို့ ယူရိုငွေတို့ လဲလှယ် ချင်တဲ့ တခြားပြည်သူတွေ၊ နိုင်ငံခြားသားဧည့်သည်တွေ ကော ဘယ်လိုစခန်းသွားနေကြလဲ၊ ဒေါ်လာနှစ်ရာလောက် လဲလှယ်ခွင့်ရပါမယ့်အရေး တန်းစီပြီး နာရီနဲ့စောင့်ရမယ် ဆိုတော့အတော်များများ အပြင် ဈေးကွက်ထဲပဲ ရောက် ကုန်ကြတော့တာပဲ။

ဒါကြောင့် ငွေလဲလှယ်ရေးကိစ္စ ပြည်သူတွေအတွက်၊ ပြင်ပဧည့်သည်တွေအတွက် မီးခိုးမထွက်စီးပွားရေးအတွက်၊ နိုင်ငံ့ပုံရိပ်အတွက် မားမားမတ်မတ်တာဝန်ယူဖြေရှင်းပေး မယ့်သူကို စောင့်မျှော်နေဆဲပါ။

နောက် တင်ပြချင်တာက ဆက်သွယ်ရေးကဏ္ဍ ပြောရပေါင်းများလွန်းလို့ သိပ်မပြောချင်တော့ပေမယ့် ပြောစရာဖြစ်လာပြန်တော့လည်း ပြောစေချင်သူတွေ ကြောင့် ပြောရပြန်ပါဦးမယ်။

ဈေးမလျှော့နိုင်သေးတဲ့ မိုဘိုင်းဖုန်းကို အဝယ်တွေ ဆိုင်းလာတယ် ဝန်ထမ်းတွေကို အရစ်ကျရောင်းတော့ လည်း ဝန်ထမ်းတွေက အေးတိအေးစက်သာ တုံ့ပြန် တာ သိခဲ့ရပြီးပြီ။ ခုပုံစံအတိုင်းသွားနေရင် အိမ်နီးချင်း တွေကို ဘယ်လိုမှ မမီနိုင်ဘူး။ သိပ်နောက်ကျလွန်းနေပြီ လို့ မီဒီယာတွေက ထောက်ပြတဲ့အတိုင်း ဝန်ခံခြင်း သဘောပါတဲ့ စကားမျိုး ဆက်သွယ်ရေးတာဝန်ယူထား သူတွေဘက်က ပထမဆုံး ပြောတာ စကြားဖူးတာ ဘာမှ မကြာသေး ဌာနဗဟိုပြုပုံစံကနေ ပြည်သူဗဟိုပြုပုံစံ ပြောင်းမယ်ဆိုတာကတော့ အကြိမ်ကြိမ် အဖန်ဖန် ကြား ခဲ့ရပြီးပြီ။

ဆင်းမ်ကတ်တွေ တင်ဒါအောင်တော့ တစ်ကတ်မှ ကျပ်နှစ်ရာ့ငါးဆယ်ဆိုတာလည်း ကြားထားတာ ကြာ ပေါ့။ ဒီကြားထဲ ၂ဝ၁၃ ဆီးဂိမ်းမတိုင်ခင်တော့ ငါး ထောင်တန်ဖုန်းလုပ်ပေးနိုင်တော့မယ်ထင်ရဲ့လို့ ပြောတဲ့ သူကလည်း ထပ်ပြော ဥပဒေထွက်ပြီးတာနဲ့ အော်ပရေတာ လေးဦးတော့ အပြိုင်ပေါ်လာရင် ဈေးကျမှာပါလို့ နှစ်သိမ့် သူက နှစ်သိမ့် ဆင်းမ်းကတ်ကို အလကားတောင် ပေးပစ် ရမှာပါလို့ ပြောမိတဲ့သူက ဒုတိယဝန်ကြီးဖြစ်လိုဖြစ်နဲ့ မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်းမသုံးနိုင်သေးတဲ့ ၉၂ ဒသမ၅ ရာခိုင်နှုန်းဝန်းကျင်သော ပြည်သူတွေရဲ့ အကောင်းမြင် မျှော်လင့်ချက်တွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပြန်ပါမှ ---၊

ကျေးလက်ပြည်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေက တာဝန်ခံရင် ဆင်းမ်းကတ်တစ်ကတ် ကျပ်နှစ် သိန်းနှုန်းနဲ့ပဲ အရစ်ကျရောင်းပေးမယ်လို့ ဆိုလိုက်တော့ အမှန်တကယ်တန်ဖိုးနည်းတဲ့ ဖုန်းမျှော်လင့်ချက်တွေဟာ မုတ်သုံလေနဲ့အတူ တစ်ရာသီတော့ ဆုတ်ခွာသွားရပြန်ပါ တော့တယ်။

စကတည်းက ယဉ်သကို ဖြစ်ခဲ့တဲ့ မိုဘိုင်းဖုန်း သန်း ၃ဝ ငါးနှစ်စီမံကိန်းကြီးမှာ ပုဂ္ဂလိကဘက်က ကျပ်ဘီလီယံငါးရာ ရင်းနှီးမြှုပ်နှံမယ် ပြောခဲ့တယ်။ ပထမနှစ်မှာတင် အပြောင်းအလဲက ဖြစ်ခဲ့ရပြီ။ ဒီတော့ ဘီလီယံငါးရာ ရည်မှန်းတဲ့အထဲက ဘယ်လောက်ရင်းနှီး မြှုပ်နှံဖြစ်ခဲ့ကြလဲ။ ခုချိန်ထိ ပွင့်လင်းမြင်သာမှုမရှိပါ။

သေချာတာကတော့ အများမှန်းဆသလိုပဲ တစ်ကတ် ၂ သိန်း/ ၂ သိန်းခွဲနဲ့ ရောင်းတဲ့ဖုန်းဟာ ၄ သန်းမကုန် နိုင်ဘဲ ၁ သန်းကျော်သာ ကုန်ပါသေးတယ်။ အနည်းဆုံး ကျပ်ဘီလီယံနှစ်ရာကျော်တော့ ပြန်ရပြီးပြီ။ ပြောခ/ အင်တာနက်လျှောက်ခ/သုံးစွဲခတွေလည်း ဘီလီယံချီရပြီး ပြီ၊ ဘယ်လောက်ထိ အမှန်တကယ် ရင်းနှီးဖြစ်တယ် မထုတ်ပြန်တော့ အရင်းကျေလား၊ မကျေလား အမြတ်ကို ချက်ချင်းမျှော်လင့်နေပြန်တာလား ရေရေရာရာ မသိရ ပါ။ အရင်းကို မပေါ်နိုင်သေးလို့ ဟုတ်တိပတ်တိမလျှော့ နိုင်သေးတာဆိုရင်လည်း ဒီမိုကရေစီခေတ်မှာ ပွင့်ပွင့် လင်းလင်းပြောရောင်းပေါ့။

အခုတော့ ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ အင်မတန်အကျပ် ရိုက်နေတဲ့ လယ်သမားတွေကိုလည်း ၂ ဒသမ ၇၅ G အဆင့်သာရှိတဲ့ ဆင်းမ်ကတ်ကို ၂ သိန်းနဲ့ပဲ အရစ်ကျ ရောင်းဦးမယ်ဆိုတော့ ထုံးစံအတိုင်း နက်ဝပ်တည်ဆောက် စရိတ်ကိုပါ မျှခံရဦးမယ့် သဘောရပ်ကွက်ဥက္ကဋ္ဌက ထောက်ခံပေးရင် ပထမအရစ် ၄ သောင်းသွင်းနိုင်ရင် ဖုန်းစသုံးခွင့်ရပြီး၊ နောက်တစ်လတစ်သောင်းဆိုတော့ မရှိရှာတဲ့သူများလည်း ကြိတ်မှိတ်ယူချင်ယူကြဦးမှာပါပဲ၊ ဆင်းမ်ကတ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ကျေးလက်ဖွံ့ဖြိုး ရေးရန်ပုံငွေဆိုတော့ ၂ သိန်း ဖုန်းတစ်လုံးအတွက် ကျပ် လေးထောင်ကြီးများတောင် လျှော့ပေးတာပေါ့။

တွက်ကြည့်တော့ ၁၇ လတိတိ အရစ်ကျသွင်းပြီးမှ တရားဝင်ပိုင်ဆိုင်ခွင့်ရမယ့် ဖုန်းကတ်တစ်ကတ်အတွက် ရန်ပုံငွေလေးထောင်ရမှာဆိုတော့ ဖုန်းအလုံးတစ်ရာလောက် အရစ်ကျဝယ်မယ့် ရွာတစ်ရွာအတွက် တစ်နှစ်ခွဲနီးပါးအ ကြာ ဘာပြဿနာ ဘာအပြောင်းအလဲမှမရှိရင်တော့ ရန် ပုံငွေ ၄ သိန်းကြီးများတောင် ရမှာပေါ့။ ဖွံ့ဖြိုးရေးရန်ပုံ ငွေလည်းဆိုရဲ့ ကြီးကြပ်မှုစရိတ်လို့လည်း ပြောရဲ့ ရပ်/ ကျေးက တာဝန်ယူ မြို့နယ်က ကြီးကြပ်ဆိုတော့ ဒီရန် ပုံငွေလေး အပွန်းအရှမရှိဖို့ ဂရုစိုက်နိုင်ကောင်းပါရဲ့။

ဖွံ့ဖြိုးရေးသက်သက်အတွက် သုံးနိုင်တယ်ထား၊ ဖုန်းတစ်ရာဝယ်မှ တစ်လပျမ်းမျှ ၃ သောင်းကျော်လောက် ပဲရမှာဆိုတော့ အဲဒီလောက်နဲ့ ရွာတစ်ရွာရဲ့ ဖွံ့ဖြိုးရေးကို ဘယ်လောက်ထောက်ကူနိုင်မှာလဲ၊ များများဖွံ့ဖြိုးချင်ရင် ဒီအရစ်ကျ ၂ သိန်းဖုန်းများများဝယ်ဆိုတဲ့ သဘော ဖြစ် မနေပေဘူးလား၊ ပြီးတော့ ဒါတွေအားလုံးကို ကျေးရွာ အုပ်ချုပ်ရေးမှူးကပဲ အဓိက - တာဝန်ယူရမှာဆိုတော့ အများကြီးကို သူအာမခံရဲပါ့မလား၊ သူ အာမ- မခံချင် တဲ့ တကယ့်မရှိဆင်းရဲသားတွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ။

ယူမယ့်သူတွေအတွက် စည်းကမ်းတွေထဲက တချို့ စည်းကမ်းချက်တွေထဲက တချို့ကို နားလည်လွယ်အောင် ပြန်ပြောရရင်လည်း အဲဒီ ၁၇ လ အတွင်း ဆက်သွယ် ရေးက ဆင်းမ်ကတ်ဈေး ထပ်လျှော့ရင်တော့ လျှော့တဲ့ ဈေးအတိုင်းရမယ်။ ဒါပေမဲ့ အရစ်ကျသွင်းထားတဲ့ ငွေက လျှော့တဲ့ဈေးထက် ပိုနေရင်တော့ ပိုငွေပြန်မပေးဘူးတာမျိုး ပါပါတယ်။

အလကားမပေးနိုင်သေးလည်းနေ ငါးထောင်နဲ့ မပေးနိုင်သေးလည်း ထားဦး၊ ငါးသောင်းလောက်နဲ့ ဆိုရင်တောင် အတော်လေးဝမ်းသာအားရဖြစ်မယ့်အစား အရပ်စကားနဲ့ပြောရရင် ၂ သိန်းကို ပါးပါးလေးပဲ လျှော့ နိုင်ဦးမယ်ဆိုတော့လည်း ဘယ်လိုပြောရမှန်းတောင် မသိ ဒါတောင် ဒါ အကျိုးအမြတ်ကို မဓာနမထားတဲ့ အစီအစဉ် တဲ့၊ ပြည်သူတွေရဲ့ တုံ့ပြန်သံစစ်စစ်ကိုသာ နားဆင်ကြည့် လိုက်ပါဦးမယ်။

ပြောလက်စနဲ့တော့ ဒီဘာသာရပ်နဲ့ပတ်သက်ရာ ဆက်ပြောလိုက်ဦးမယ် အနာဂတ်မှာ မိုဘိုင်းဖုန်း/ လိုင်း ဖုန်း/အင်တာနက်ဝန်ဆောင်မှုတွေအတွက် အော်ပရေတာ ၄ ဦးပဲ ရွေးချယ်လုပ်ဆောင်စေမယ်ဆိုတဲ့ကိစ္စ။

နားမလည်နိုင်တာက အိမ်နီးချင်းတွေကို အမီလိုက် နိုင်ဖို့ အတော်လုပ်ရဦးမယ်လည်း ဆိုသေးတယ်။ ဘာလို့ ဘာလုပ်လုပ် ဒီ ၄ ဦးကပဲ လုပ်ခွင့်ရှိမယ်လို့ ကြိုတင် ကန့်သတ်ထားချင်ရတာလဲ။ အထူးသဖြင့် နိုင်ငံတကာမှာISP (Internet Service Provider) ဆိုရင် မိုဘိုင်းဖုန်း အော်ပရေတာ လုပ်သူကသာလျှင် လုပ်ရမယ်လို့ ကန့်သတ် ထားတာမျိုး သိပ်မတွေ့ဖူးပါ။

ဆက်သွယ်ရေးတိုးတက်မှု အလျင်မြန်ဆုံးဖြစ်တဲ့ ကွန်မြူနစ်ဗီယက်နမ်ကိုပဲ ကြည့်၊ မိုဘိုင်းအော်ပရေတာနဲ့ လိုင်းဖုန်းအော်ပရေတာက ၇ ဦးစီ၊ ဒါပေမဲ့ ISP ကျတော့ ၆၅ ဦးထိ လိုင်စင်ချပေးလုပ်ကိုင်စေပါသတဲ့၊ ထိုနည်းတူ စွာပဲ အခြားနိုင်ငံတွေကို လေ့လာကြည့်လျှင်လည်း ISP အရေအတွက်ဟာ မိုဘိုင်းဖုန်းနဲ့ လိုင်းဖုန်းအော်ပရေတာ အရေအတွက်ထက်ကို သိသိသာသာ ပိုများတာကို အလွယ် တကူတွေ့နိုင်ပါတယ်။ နောက်ပြီး ISP လုပ်သူတိုင်းဟာ မိုဘိုင်းဖုန်းအော်ပရေတာမဟုတ်ပါဘူး။ မိုဘိုင်းဖုန်းအော် ပရေတာတိုင်းလည်း လိုင်းဖုန်းနှဲှု့ဏ လုပ်ချင်မှ လုပ် တယ်။ ISP ချည်း သီးသန့်လုပ်တဲ့သူလည်း တော်တော် များတယ်။ ကုမ္ပဏီအလိုက် လိုင်စင်လျှောက်ပြီး အားသန် ရာ လုပ်ကြတာပါ။

ဖုန်းနဲ့ အင်တာနက် သုံးတယ်ဆိုတာ ပုဂ္ဂိုလ်တစ်ဦး ချင်းလောက်ပဲ ကောင်းပါတယ်။ တကယ်တမ်းအလုပ်မှာ သုံးဖို့တော့ ISP တွေက ပေးတဲ့ အင်တာနက်ဝန်ဆောင်မှု ကသာ ပိုအဆင်ပြေတာပါ။ ဖုန်းတွေပေါလာဖို့ အော်ပ ရေတာ ၄/၅ ဦးလောက်ဆို အဆင်ပြေနိုင်ပေမယ့် အင်တာ နက်ပျံ့နှံ့သုံးစွဲနိုင်ဖို့ကတော့ ISP ၄ ဦးတည်းနဲ့ လုံလောက် ပါ့မလားလို့ သူများနိုင်ငံတွေက စာရင်းအင်းတွေ ကြည့် ရင်း တွေးမိပါတယ်။

သူများနိုင်ငံမှာ လွယ်လွယ်ရတဲ့ အဲဒီဝန်ဆောင်မှုမျိုး ကို မြန်မာပြည်မှာ ဖုန်းအော်ပရေတာ ၄ ဦးကသာလျှင် ပေးခွင့်ရှိတယ်ဆိုရင်ဖြင့် အင်တာနက်ပျံ့နှံ့မှုဟာ အနာဂတ် မှာလည်း အိမ်နီးချင်းတွေနောက် အမြဲနောက်ကျနေမှာ မြင်ယောင်နေမိကြောင်းပါ၊ အဲဒီ အော်ပရေတာ ၄ ဦးကမှ တစ်ဆင့် ISP သက်သက်လုပ်လိုသူတွေကို ထပ်ဆင့်ကန် ထရိုက်ပြန်ချပေးရင်တော့ အဆင့်တွေတိုးလို့ Transiction Cost တွေ မလိုအပ်ဘဲမြင့်တက်မြဲ မြင့်တက်ပြီး ဈေးတွေ က တော်တော်နဲ့ သက်သာလာနိုင်ဖွယ်မမြင်ပါ။

ဆက်သွယ်ရေးကိစ္စ လွှတ်တော်မှာ တင်ပြလာလို့ အမတ်မင်းများ ပြည်သူများဘက်က တာဝန်ယူဆွေးနွေး ရင် ထောက်ကူနိုင်နိုး စဉ်းစားမိသမျှ ဥာဏ်တစ်ထွာတစ် မိုက်နဲ့ ထပ်မံတင်ပြလိုက်ရကြောင်းပါ။

ဒီလို ဒီလိုကိစ္စတွေအပြင် အခြားအခြားသော ပြည် သူတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက်လည်း သက်ဆိုင်ရာ ကိစ္စအလိုက် တာဝန်ယူဖြေရှင်းပေးမယ့် ပြည်သူ့ဘက်တော်သားတွေ နယ်ပယ်စုံမှာ အများကြီး လိုအပ်နေသေးတာ ခံစားမိရင်း မချင့်မရဲသာ ဖြစ်နေကြ ရပါတယ်ဗျာ။

မင်းမြတ်စံ

By Messenger News Journal

No comments:

Post a Comment