Tuesday 16 October 2012

ပယ်ဖျက်သင့်သည့်စနစ်ဟောင်း၊ ခေတ်ဟောင်းမှ ဥပဒေများ


တစ်ရက် The Voice Weekly မှ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးနှင့် ကျွန်တော် မီဒီယာနှင့် သက်ဆိုင်သော မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်သည့် ဥပဒေများအကြောင်း ဆွေးနွေးရန်အကြောင်း တိုက်ဆိုင်ခဲ့ပါသည်။
ကျွန်တော်က ၁၈၆၁ ခုနှစ် ကတည်းက ရှိခဲ့ပြီးဖြစ်သော မီဒီယာနှင့် ဆိုင်သည့် ဥပဒေများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပိုမို ချုပ်ချယ်ကန့်သတ် လာသော မီဒီယာဥပဒေများ အကြောင်း ပြောပြရာ စကားလမ်းကြောင်း သင့်သွားပြီး The Voice Weekly ၏ အယ်ဒီတာက ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် မကိုက်ညီ တော့သည့်အတွက် ပယ်ဖျက်သင့်သော ဥပဒေများ အကြောင်း ဆောင်းပါးရေးသားရန် အကြံပေး ပြောဆိုလာသဖြင့် ကျွန်တော်က အချိန်ရလျှင်ရေးပါမည်ဟု ကတိပြုခဲ့သည်မှာ တစ်လကျော်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော် မအားလပ်သဖြင့် မရေးနိုင်ခဲ့ပါ။The Voice Weekly မှ ကိုကျော်ဆန်းမင်းက ကြုံ တွေ့တိုင်း မေးမြန်းနေသဖြင့် ရေးသားရန် တွန်းအားတစ်ရပ် ဖြစ်လာပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံဥပဒေသမိုင်း
မြန်မာနိုင်ငံဥပဒေသမိုင်းကိုလေ့လာပါက -
(၁) မြန်မာမင်းများလက်ထက်ဥပဒေများ
(၂) အင်္ဂလိပ်ကိုလိုနီခေတ်ဥပဒေများ
(၃) ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် အာဏာသိမ်း မခံရမီအထိ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ
(၄) ၁၉၆၂ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း ယူပြီးနောက် ပြဋ္ဌာန်းခဲ့သည့် တော်လှန်ရေး ကောင်စီခေတ် ဥပဒေများ
(၅) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေများ
(၆) ၁၉၈၈ ခုနှစ်၊ တပ်မတော်မှ ထပ်မံအာဏာ သိမ်းယူပြီး အုပ်ချုပ်နေစဉ် ကာလ ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်း အထိ ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့်
(၇) ၂ဝ၁၁ ခုနှစ် မတ်လနောက်ပိုင်း လက်ရှိပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့်ဥပဒေများ
ဟူ၍ အပိုင်းခုနစ်ပိုင်း ခွဲခြားလေ့လာမှသာ ပြည့်စုံမည်ဖြစ်သည်။

သို့သော် ကျွန်တော်၏ ရည်ရွယ်ချက်သည် ဥပဒေသမိုင်းကို တင်ပြရန် မဟုတ်ဘဲ မည်သည့် ဥပဒေများကို ပယ်ဖျက်သင့်ကြောင်း ရေးသားမည်ဖြစ်၍ ဥပဒေ သမိုင်းကြောင်းကို အကျယ်ချဲ့ မတင်ပြတော့ဘဲ ပယ်ဖျက်သင့်သည့် ဥပဒေများ အကြောင်းကိုသာ အဓိကထား ဆွေးနွေး တင်ပြသွားပါမည်။

မြန်မာမင်းများ လက်ထက် ဥပဒေများ
မြန်မာမင်းများ လက်ထက်တွင် ရှင်ဘုရင်မှ ပြဋ္ဌာန်း သတ်မှတ် သည့် ရာဇသတ် ဥပဒေနှင့် ယဉ်ကျေးမှု အစဉ်အလာ ထုံးစံကို အခြေခံ ပြဋ္ဌာန်းသည့် ဓမ္မသတ် ဥပဒေ ဟူ၍ နှစ်မျိုးနှစ်စား ရှိပြီး ရှင်ဘုရင် ခေတ် ကုန်ဆုံး သွားသည်နှင့် ရာဇသတ်ဥပဒေ များလည်း ချုပ်ငြိမ်းသွားပြီး ဓမ္မသတ် ဥပဒေများကား ယနေ့အထိ ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ ဓမ္မသတ် ဥပဒေများအပေါ် အကျယ် ဆွေးနွေးတင်ပြရန် မရှိပါ။

အင်္ဂလိပ် ကိုလိုနီခေတ် ဥပဒေများ
အင်္ဂလိပ် ကိုလိုနီခေတ် ဆိုရာတွင် မြန်မာပြည် ကိုလိုနီလက် အောက် ကျရောက်သည့် အချိန်ကာလများ မတူညီပါ။ မြန်မာပြည် တောင်ပိုင်း (တနင်္သာရီနှင့် ရခိုင်) ပထမဦးစွာ ကျရောက်ပြီး ဒုတိယ ရန်ကုန်နှင့် အောက်ပိုင်း ဒေသများ ကျရောက်၍ နောက်ဆုံး ၁၈၈၅ ခုနှစ်တွင် မန္တလေး အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ကျရောက်ခဲ့သည်။

အင်္ဂလိပ် ကိုလိုနီအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရာတွင် စနစ်ကျသည့် အင်္ဂလိပ်တို့ ထုံးစံအတိုင်း ဥပဒေများ ပြဋ္ဌာန်း၍ အုပ်ချုပ်ပါသည်။ ၁၉၃၅ ခုနှစ်မတိုင်မီ မြန်မာပြည်ကို အိန္ဒိယနိုင်ငံ ၏ ပြည်နယ်အဖြစ် ထားရှိ၍ ၁၉၃၅ ခုနှစ် နောက်ပိုင်းတွင် သီးခြား ကိုလိုနီနိုင်ငံ တစ်ခုအဖြစ် ခွဲခြား၍ အုပ်ချုပ်ခဲ့ပါသည်။ အိန္ဒိယ၏ ပြည်နယ်အဖြစ် ထားရှိ အုပ်ချုပ်နေစဉ် အတွင်း အိန္ဒိယနိုင်ငံ အတွက် ကိုလိုနီအစိုးရက ပြဋ္ဌာန်းသမျှ ဥပဒေများသည် မြန်မာနိုင်ငံ အတွက် အလိုလို အကျုံးဝင် သက်ဆိုင်ပါသည်။ ၁၉၃၅ ခုနှစ် အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပြီး နောက်ပိုင်း မြန်မာပြည် အတွက် သီးသန့်ပြဋ္ဌာန်းသော ဥပဒေများလည်း ရှိပါသည်။

ထို့ကြောင့် အင်္ဂလိပ်က ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း မြန်မာနိုင်ငံ အတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေ အများအပြား ရှိရာ ထိုဥပဒေများ အနက် အင်္ဂလိပ်တို့၏ အကျိုးစီးပွား အတွက် ပြဋ္ဌာန်းခဲ့သော
ဥပဒေများ၊ ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ် နှင့် မကိုက်ညီသည့် ဥပဒေများ အများအပြား ရှိနေရာ အင်္ဂလိပ် ကိုလိုနီ ခေတ်အတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေများအနက် ပယ်ဖျက် သင့်သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော်မှ လေ့လာသုံးသပ် နေကြောင်း ကြားသိ ရပါသည်။

ကိုလိုနီခေတ် ဥပဒေအားလုံး ပယ်ဖျက်ရန် သင့်/ မသင့်
ကိုလိုနီ အစိုးရက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကိုလိုနီခေတ် ဥပဒေအားလုံးကို ပယ်ဖျက်ရန် မသင့်ကြောင်း ပြောလိုပါသည်။ ကိုလိုနီခေတ် အတွင်း အများပြည်သူ အကျိုးအတွက် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့သည့် အချို့သော ဥပဒေများမှာ လုံးဝ ပယ်ဖျက်ရန် မသင့်ဘဲ ဆက်လက် ကျင့်သုံးရမည့် ဥပဒေများ ရှိနေပါသည်။ (ဥပမာ - ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် (Penal Code) ရာဇသတ်ကြီးဥပဒေ၊ ၁၈၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇဝတ် ကျင့်ထုံး ကိုဓ ဥပဒေ (Criminal Procedure Code)၊ ၁၈၅၉ တွင် ပြဋ္ဌာန်း ခဲ့သည့် တရားမ ကျင့်ထုံး ကိုဓ ဥပဒေ (Civil Procedure Code) (၁၉၀၈ ခုနှစ်တွင် အသစ် ပြန်လည် ရေးဆွဲသည်။) ၁၈၇၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်သေခံ ဥပဒေ (Evidence Act) စသည့် ဥပဒေများမှာ လုံးဝ ပယ်ဖျက်၍ မရနိုင်သောဥပဒေများ ဖြစ်ပါသည်။ အလားတူ ပယ်ဖျက်၍ မရသော နောက်ထပ် ဥပဒေများ ရှိပါသေးသည်။

၁၉၄၈ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီခေတ် ဥပဒေများ ပထမဆုံး ပါလီမန် ဒီမိုကရေစီခေတ် ၏ အကြို ဥပဒေမှာ မြန်မာတို့ ကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းသည့် ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်ပါသည်။ (၂၄-၉- ၁၉၄၇) နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့ပါသည်။ မြန်မာနိုင်ငံ အတွက် အသည်းနှလုံး သဖွယ် အရေး ပါလှသော ပြည်သူ့ဆန္ဒဖြင့် ရေးဆွဲထားသည့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ၁၉၆၂ ခုနှစ် မတ်လ တွင် စစ်အာဏာရှင် တစ်စု၏ ဖျက်သိမ်းခြင်း ကို ခံခဲ့ရပါသည်။ ၁၉၄၈ ခုနှစ် နောက်ပိုင်း ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာမသိမ်းမီ အထိ ပြဋ္ဌာန်းခဲ့သော ဥပဒေများ အများအပြား ရှိရာ ထိုဥပဒေများ သည် ဒီမိုကရေစီ စနစ်ကို အထောက်အကူ ပြုသည့် ဥပဒေများ ဖြစ်၍ ပယ်ဖျက်ရန် မလိုအပ်ဘဲ လိုအပ်သလို ခေတ်နှင့်ညီအောင် ပြုပြင်၍ ပြန်လည် ကျင့်သုံးကြရမည် ဖြစ်ပါသည်။ ခေတ်စနစ်နှင့် မညီတော့သည့် ဥပဒေများ ကိုမူ ပယ်ဖျက်ရမည် ဖြစ်ပါသည်။ ဥပမာ - ၁၉၅၀ ပြည့်နှစ် တွင် ပြဋ္ဌာန်းခဲ့သည့် အရေးပေါ် စီမံမှု အက်ဥပဒေ သည် မြန်မာနိုင်ငံ အတွင်း ရောင်စုံ သူပုန်များ ထနေပြီး အစိုးရက တစ်နိုင်ငံလုံး ကို အုပ်ချုပ်နိုင်သည့် အခြေအနေ မရှိ တော့သည့် အတွက် အရေးပေါ် အခြေအနေ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ရာ အရေးပေါ် အခြေအနေ လွန်မြောက် သည်နှင့် အဆိုပါ ဥပဒေကိုလည်း ပယ်ဖျက်ရမည် ဖြစ်ပါသည်။

သို့သော်လည်း အဆိုပါ ဥပဒေသည် အုပ်ချုပ်သူ အစိုးရတို့က မိမိတို့အား ဆန့်ကျင်သည့် ပြည်သူများ ကို အလွယ်တကူ ဖမ်းဆီး ချုပ်နှောင်၍ ကြီးလေးသော ပြစ်ဒဏ်များ ပေးနိုင်သည် ဖြစ်သည့်
အလျောက် အရေးပါသည့် လက်နက် ကိရိယာ တစ်ခုဟု မှတ်ယူပြီး မဖျက်သိမ်းဘဲ ယနေ့အထိ အသုံးပြု နေသည်ကို တွေ့ရပါသည်။ (အဆိုပါ ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ကို ပယ်ဖျက် သင့်ကြောင်း အခွင့်သင့်လျှင် အကျိုးအကြောင်း ခိုင်လုံစွာ ရေးသား တင်ပြသွားပါမည်။)

၁၉၆၂ ခုနှစ် နောက်ပိုင်း ၁၉၇၄ ခုနှစ်အတွင်း တော်လှန်ရေး ကောင်စီမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ ဒီမိုကရေစီ စနစ်နှင့် ၁၉၄၇ ခုနှစ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းကာ အာဏာ သိမ်း၍ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင် တစ်ဦးက ပြဋ္ဌာန်းခဲ့သည့် (၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အကြားရှိ) ဥပဒေများ ကို အများအပြား ပယ်ဖျက် ရမည်ဟု ထင်မြင် ယူဆပါသည်။

ဒီမိုကရေစီ စနစ်ကို ပြန်သွားမည်ဟု တပ်မတော် အပါအဝင် တစ်နိုင်ငံလုံး ရှိ ပြည်သူများက သဘော တူညီကြပြီး ဖြစ်၍ ၁၉၆၂ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် အကြား ရေးဆွဲ ထားသော ဥပဒေ အတော်များများ ကို ပယ်ဖျက်ရန် လိုအပ် နေပါသည်။ (ဥပမာ - ၁၉၆၂ ခုနှစ် ပုံနှိပ် သူများနှင့် ထုတ်ဝေသူများ ဥပဒေသည် လုံးဝ မရှိသင့်သော ဥပဒေ တစ်ရပ် ဖြစ်ပါသည်။)

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကြားကာလ ဥပဒေများ
၁၉၇၄ နှင့် ၁၉၈၈ ကြားကာလ မှာ ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင် စနစ်ဖြစ်ရာ ထိုခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေ အများစု သည် ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့် ဆန့်ကျင်နေသည် ဖြစ်၍ ပယ်ဖျက်ရန် လိုအပ် နေပါသည်။ ဥပမာ - လမ်းစဉ်ပါတီကို ကာကွယ်သည့် ဥပဒေ၊ ဆိုရှယ်လစ် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ စသည် တို့မှာ ခေတ်စနစ်နှင့် လုံးဝ မဆီလျော်သော ဥပဒေများ ဖြစ်ပါသည်။

စကား အလျဉ်းသင့်၍ ဆရာမောင်ဝံသ ၏ စကား တစ်ခုကို ပြောပြ လိုပါသည်။ ဆရာမောင်ဝံသက ဆိုရှယ်လစ် ခေတ်တွင် ပြဋ္ဌာန်းခဲ့သော (ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ပေါင်းများစွာ ချုပ်နှောင် ခဲ့သည့်) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေကို ဖျက်သိမ်း၍ ဒီမိုကရေစီ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေကို အစားထိုး ပြဋ္ဌာန်းကာ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် နေမှု ကို ဆန့်ကျင် နေသူများ အား အရေးယူ သင့်ကြောင်း ပြောဆိုချက် သည် အရေး ပါလှသဖြင့် ပြည်သူများ နှင့် လွှတ်တော် အမတ်များ အလေးထား စဉ်းစား သင့်ပါကြောင်း တင်ပြ လိုပါသည်။

၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ကြားကာလ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ
၁၉၈၈ မှ ၂ဝ၁ဝ အကြား ပြဋ္ဌာန်းခဲ့သည့် ဥပဒေ အများစုတွင် ပြည်သူလူထု ကို အလွန် အမင်း ဖိနှိပ်သည့် ဥပဒေများ ရှိခဲ့ကြောင်း တွေ့ရပါသည်။ အဆိုပါ ဥပဒေများကို ပြဋ္ဌာန်းခဲ့သူ တပ်မတော် အရာရှိကြီး များကိုယ်တိုင်က ဒီမိုကရေစီ နိုင်ငံရေး စနစ်သာလျှင် ပြည်သူများ အလိုလားဆုံး ဖြစ်ကြောင်း သဘောတူ လက်ခံ၍ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို ဖော်ဆောင် ပေးခဲ့သည် ဖြစ်ရာ ၁၉၈၈ ခုနှစ် နှင့် ၂ဝ၁ဝ ပြည့်နှစ် အကြား ပြဋ္ဌာန်းခဲ့သော ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီသည့် ဥပဒေများ ကိုလည်း ဖျက်သိမ်းရန် လိုအပ်ကြောင်း ယေဘုယျ သဘောတင်ပြ လိုပါသည်။

ခေတ်အလိုက် ဥပဒေ တစ်ခုချင်းကို မည်သည့် အကြောင်းကြောင့် ဖျက်သိမ်း သင့်ကြောင်း သို့မဟုတ် ခေတ်စနစ်နှင့် အညီ ဖြစ်စေရန် ပြင်ဆင် သင့်ကြောင်း အခွင့် သင့်ပါက ဆက်လက် ရေး သား ဖော်ပြ သွားပါမည်။

By The Voice Weekly

No comments:

Post a Comment