Thursday 20 September 2012

ချယ်ရီကား စစ်ဆေးရန်မရှိ


တရုတ်နိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းလာသည့် ချယ်ရီဝက်ဂွန် ကားများအား စစ်ဆေးရန် အစီအစဉ် မရှိသေးကြောင်း စက်မှုဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောသည်။
“အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းကို မြန်မာပြည်တွင်းကို သွင်းတဲ့ကားတွေမှာ မသုံးထားဘူး။ အဆင့်မြင့်တဲ့ တခြားနိုင်ငံကို သွင်းတဲ့ကားတွေမှာပဲ တွေ့ရတယ်လို့ တရားဝင်စာ တရုတ်နိုင်ငံက ပို့ထားတယ်” ဟု အထက်ပါရုံးအဖွဲ့မှူးကပင် ပြောသည်။ “လက်ရှိ ပြည်တွင်းက ကားတွေကိုစစ်ဖို့ အစီအစဉ်မရှိသေးဘူး။ နောက်ပိုင်း လိုအပ်ရင်တော့ စစ်ဆေးမှုတွေ လုပ်မှာပါ” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တရားဝင် အကြောင်းကြားစာ ရရှိထားသည်မှာ မှန်သော်လည်း ပြည်တွင်းသုံးစွဲသူများ၏ စိတ်ချယုံကြည်ရမှုနှင့် အရောင်းအဝယ်ပုံစံ အရင်အတိုင်း ပြန်ဖြစ်စေရန်အတွက် ခိုင်မာသည့် စစ်ဆေးမှုများကို အချိန်မီလုပ်ရန် လိုအပ်ကြောင်း ကားအရောင်းစင်တာတစ်ခုမှ ဈေးကွက်မန်နေဂျာ တစ်ဦးက ပြောသည်။ အဆိုပါ ချယ်ရီဝက်ဂွန် ကားများ၏ အင်ဂျင်များတွင် Asbestos ဟုခေါ်သည့် အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ ပါဝင်နေသဖြင့် ယာဉ်အစီးရေ မြောက်မြားစွာကို သြစတြေးလျနိုင်ငံတွင် ပြန်လည်သိမ်းဆည်းနေကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြကြသည်။ ယင်းသတင်း ထွက်ပေါ်အပြီး တစ်ပတ်အတွင်း၌ ပြည်တွင်းကားဈေးကွက် အတွင်း၌ရှိသော ချယ်ရီဝက်ဂွန် ကားဈေးနှုန်းများ ပြန်လည် ကျဆင်းလာခဲ့ပြီး အရောင်း အဝယ်လည်း အေးစက်ခဲ့ကြောင်း ဟံသာဝတီ ကားပွဲစားဝင်းမှ ကားပွဲစားတစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment