Thursday 20 September 2012

အိန္ဒိယအစိုးရ၏ အငြင်းပွားဖွယ် စီးပွားရေးမူဝါဒများအပေါ် မဟာမိတ်ပါတီတစ်ခု ကန့်ကွက်


အိန္ဒိယအာဏာရ ညွန့်ပေါင်းအစိုးရ၏ အငြင်းပွားဖွယ် စီးပွားရေး မူဝါဒအပြောင်းအလဲအပေါ် မဟာမိတ်ပါတီတစ်ခုဖြစ်သော Trinamool ပါတီက ကန့်ကွက်ခဲ့ပြီး အစိုးရအဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ကွန်ဂရက်ပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့သည့် ယင်းပါတီမှ ၀န်ကြီးခြောက်ဦးသည် စက်တင်ဘာလ ၂၁ ရက်၌ နုတ်ထွက်လွှာတင်မည်ဖြစ်သလို ယင်းပါတီမှ အမတ် ၁၉ ဦးကလည်း လွှတ်တော်တွင် အစိုးရကို ထောက်ခံမှုရပ် ဆိုင်းမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် မာမာတာဘနာဂျီက ပါတီအင်အားကောင်းရာ ကိုလ်ကတ္တားမြို့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ကွန်ဂရက်ပါတီဦးဆောင်သော အာဏာရညွန့်ပေါင်း United Progressive Alliance II (UPA II) သည် လွှတ်တော်တွင် UPA II အတွက် ဒုတိယအားအကြီးဆုံး မိတ်ဖက် Trinamool ပါတီအပေါ် မှီခိုနေရသည်။

ပြီးခဲ့သောသီတင်းပတ်က အစိုးရထုတ်ပြန်ခဲ့သော မူဝါဒအပြောင်းအလဲများတွင် Walmart နှင့် Tesco ကဲ့သို့သော လက်လီဆိုင်ကြီးများ အပါအ၀င် ပြည်ပလေကြောင်းလိုင်းများမှ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခြင်း၊ အရှုံးခံ စိုက်ထုတ်ပေးနေသော လောင်စာဈေးနှုန်းကို ၁၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သလို ထောက်ပံ့ပေးသော အရေအတွက်ကိုလည်း ထက်ဝက်လျော့ချခြင်း စသည်တို့ ပါဝင်ခဲ့သည်။

ကွန်ဂရက်ပါတီတွင် ပါဝင်သူများကမူ နိုဝင်ဘာလတွင် ပါတီဆွေးနွေးပွဲပြုလုပ်စဉ် နိုင်ငံမြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်မှ Bahujan Samaj ပါတီကို ညွန့်ပေါင်းအစိုးရနှင့် ပူးပေါင်းရန် ကြိုးပမ်းခြင်းဖြင့် လွှတ်တော်တွင် အမတ်အများစု ပြန်လည် ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်။

By Eleven Media Group

No comments:

Post a Comment