Thursday 20 September 2012

ကေသာအတွက် ဝေဒနာမဖြစ်ရလေအောင်


လေပြည်အဝှေ့မှာ ယိမ်းနွဲ့ကခုန်သွားတဲ့ ကေသာမျှင်တွေဟာ ဒီထက်ပိုပြီး အဆင့်တက်လာရင် ကြည့်မကောင်းတော့ပါဘူး။ လေတိုက်လို့ ကေသာဝဲတာထက် လေမတိုက်ဘဲ ကေသာတွေ အောက်ကို တဖြုတ်ဖြုတ် ဆီးသီးကြွေကျသလို ကြွေကျနေရင်
ဒီအလှူအတွက် မုဒိတာမပွားနိုင်သလို သာဓုမခေါ်နိုင်တော့ပါဘူး။ ကေသာကျွတ်ခြင်းဟာ ကေသာရှိတဲ့သူတိုင်းအတွက်တော့ စိုးရိမ်ရမယ့် ဘေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယမျက်နှာလို့ ဆိုကြတဲ့ ဒီကေသာအတွက် အတတ်နိုင်ဆုံး အပေါ်မှာပဲ ရှိမြဲအတိုင်း ရှိနေအောင်လို့ ဒီတစ်ပတ်မှာ ဖော်ပြလိုက်ရပါတယ်။

အကြောင်းရင်း

ကိစ္စတစ်ခုခုဖြစ်လာပြီဆိုရင် လူတွေဟာ အကြောင်းကို သတ်တာရှိသလို၊ အကျိုးကို သတ်တာလည်း ရှိတယ်။ အကြောင်းကို သတ်တာက ပိုပြီး ယထာဘူတကျသလို ပိုပြီးတော့လည်း မှန်ကန်တဲ့ ဘူတဝါဒီ ဖြစ်တယ်။ ဒါကြောင့် ပျိုတို့အနေနဲ့ ဆံပင်ကျွတ်တယ်ဆိုရင် ဘာကြောင့် ကျွတ်တာလဲဆိုတာ အကြောင်းရင်းရှာဖို့ လိုလိမ့်မယ်။ ကမ္ဘာမြေဆွဲအားကြောင့်တော့ ကေသာမျှင်တို့ဟာ မြေမခလာနိုင်ဘူး။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေက သံဓာတ်ချို့တဲ့ အားနည်းခြင်းကြောင့် အမျိုးသမီးတွေ ဆံပင်ကျွတ်ရတာ များတယ်။ ဒီအတွက်ကတော့ သံဓာတ်ကို ပြန်လည် အားဖြည့်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို တားဆီးကုသနိုင်တယ်။ သံဓာတ်များတဲ့ အစားအသောက်တွေကနေ တစ်ဆင့် သံဓာတ်ကို ရယူမှီဝဲနိုင်တယ်။

နောက်ထပ် အကြောင်းရင်းတွေကတော့ တားဆေးတွေ သောက်တာ၊ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုတို့ကြောင့် ဆံပင်ဟာ ဦးကင်းထက်ကနေ မြေပေါ်ခုန်ဆင်းတတ်တယ်။ ဟော်မုန်း ပြောင်းလဲမှုဆိုတာက ကလေးမီးဖွားပြီးခါစ ဖြစ်စေ၊ ဓမ္မတာပန်းပွင့်ပြီးခါစဖြစ်စေ၊ ကိုယ်တွင်းဟော်မုန်းတို့ဟာ ဂနာမငြိမ် ပြောင်းလဲမှု ဖြစ်လေ့ရှိတယ်။ ဆံပင်ကောက်တဲ့ဟာတွေကလည်း ဆံပင်ကို နှိပ်စက်ညှင်းပန်းသလို ဖြစ်နေတာမို့ ဆံပင်ကျွတ်တတ်ပါတယ်။ ကေသာကြီးထွားမှုအတွက် အနှောင့်အယှက် အဟန့်အတား ဖြစ်စေပါတယ်။

ဆံပင်စတိုင်လ်၊ ကေအမျိုးမျိုး ဆင်ကြတဲ့အခါမှာ တင်းကျပ်စွာ စည်းနှောင်ပြီး ဆင်ထားတဲ့ ကေသာစတိုင်လ်တွေဟာ ကေသာကျန်းမာရေးကို အသက်ရှူကျပ် ဒုက္ခဖြစ်စေပါတယ်။ ဆံသားရင်းမြစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် တင်းကျပ်စွာစည်းတဲ့ ကေသာစတိုင်လ်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးရမှာ ဖြစ်ပါတယ်။ ဆံထုံး၊ ကျစ်ဆံမြီးတို့လို စတိုင်လ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ နေ၊ ရေ၊ လေ အထိများရင်လည်း ကေသာဟာ ဝေဒနာဖြစ်ပြီး ဘိုင်ဘိုင့် လုပ်တတ်ပါတယ်။ နေပူခံများခြင်း၊ လေတိုက်ခံများခြင်း၊ ရေထိ၊ ရေကူးများခြင်းတို့ကြောင့် ကေသာဟာ ကျွတ်တတ်ပါသေးတယ်။ ရေကန်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတွေကနေ တစ်ဆင့် ကေသာဟာ ပျက်စီးပြီး ကျွတ်ရတာ ဖြစ်ပါတယ်။ ကေသာအတွက် ဘီးဖြီးတဲ့အခါ ကောင်းမွန်တဲ့ အမျိုးအစားကို သုံးသင့်ပါတယ်။ ဘီးသွားတွေဟာ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဘီးကျဲကျဲ၊ ဘီးသွားချောချောတွေဟာ ဆံသားကို ထိခိုက်ပျက်စီးမှု မရှိစေပါဘူး။ ဘီးသွားချွန်ချွန်တွေဟာ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဦးရေပြား ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။

အမျိုးသားတွေအတွက် ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်ပြီး ဆံပင်ကျွတ်ခြင်း၊ ကျားဟော်မုန်းကြောင့် ဆံပင်ဟာ ကျွတ်တတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာချမ်းသာနေဖို့လည်း လိုအပ်ပါတယ်။ လောကကြီးမှာ စိတ်နဲ့ရုပ် အပြန်ပြန် အလှန်လှန် ဒွန်တွဲနေတာမို့ စိတ်မမာရင်ကိုယ်လည်း မမာတတ်ပါဘူး။ ကေသာက သက်သေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာမှ ကေသာလည်း ရင်အေးရမှာမို့ စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်သင့်ကြောင်း အကြံပြုပါရစေ။

ကေသာအားဆေးများ

ကေသာအတွက် ဝေဒနာတွေ မဖြစ်ရအောင် အားကိုးအားထားပြုရမယ့် ဓာတ်ပစ္စည်းတွေ ရှိပါတယ်။ ဇင့်ဓာတ်ဟာ ကေသာရဲ့ ရင်းမြစ်ကို အထောက်အကူ ဖြစ်စေတဲ့ ဓာတ်ဖြစ်ပါတယ်။ အချိန်အားလျော်စွာ မှီဝဲဖြည့်တင်းပေးသင့်တဲ့ ဓာတ်ပဲ ဖြစ်ပါတယ်။ ချိ(စ်)မှာ ဇင့်ဓာတ်တွေ အမြောက်အများ ပါဝင်ပါတယ်။ ကေသာ ကျန်းမာလန်းဖြာလိုသူတိုင်း ဇင့်ဓာတ်ကို ကောင်းစွာ ဖြည့်တင်းပေးထားသင့်ပါတယ်။ ဆံပင်ရဲ့ ရင်းမြစ်အခြေကို အားဖြည့်ပေးတဲ့ ဇင့်ဓာတ်အပြင် ဆံသားအတွင်းထဲကို အားဖြည့်ပေးတဲ့ ဗီတာမင်ဗွီ၊ ဗီတာမင်ဘီတို့ကိုလည်း လုံလောက်အောင် ဖြည့်တင်းပေးထားသင့်ပါတယ်။

ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်နဲ့ ကေသာကြီးထွားအောင် ပြုလုပ်ပေးတဲ့နေရာမှာ သုံးဆောင်သင့်တဲ့ အစားအစာတွေထဲမှာ ကြက်သွန်နီဟာ နာမည်ကြီးပဲ ဖြစ်ပါတယ်။ ကြက်သွန်နီမှာ ဆာလ်ဖာပါဝင်ပြီး ကေသာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို အားဖြည့်ပေးပါတယ်။ ကေသာလုံးပတ်တွေ ပိုမို ကျန်းမာသန်မာလာအောင် ကြက်သွန်နီက ကူညီပေးပါတယ်။ အစားအစာအနေနဲ့ သုံးဆောင်နိုင်သလို ကြက်သွန်နီကို ထက်ဝက်ခြမ်းပြီး ဦးရေပြားကို ပွတ်ပေး၊ နှိပ်ပေးခြင်းအားဖြင့်လည်း ကေသာ ကျန်းမာနိုင်ပါတယ်။ နှိပ်တဲ့အခါမှာ အနည်းဆုံး ဆယ်မိနစ်ခန့် နှိပ်နယ်ပေးသင့်ပါတယ်။ ပြီးရင် Ph Neutral ရှန်ပူနဲ့ လျှော်ပေးသင့်ပါတယ်။

ဆံပင်နှစ်ခွဖြစ်ခြင်း

အုန်းဆီ၊ သံလွင်ဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ဦးရေပြားကို တဘက်နဲ့ပတ်ပြီး အုပ်ထားပေးပါ။ ပြီးတော့မှ ရေအေးနဲ့ပြန်ပြီး ခေါင်းလျှော်ပေးပါ။

ကာကွယ်နည်းများ

တစ်နေ့လျှင် သုံးကြိမ် ဦးရေပြားကို နှိပ်နယ်ပေးခြင်းဟာ ဦးရေပြားအောက်က သွေးလေလည်ပတ်မှုကို ညီညွှတ်မျှတစေတဲ့အတွက် ကေသာကျွတ်ခြင်းကို တားဆီးပေးပါတယ်။ ဒီတစ်ပတ်တော့ ဒီမျှနဲ့သာ.. ...။

မူရင်းဆောင်းပါး--8 Days Journal

By Aye Chan Mon

No comments:

Post a Comment