Saturday 8 September 2012

လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာများ မပြေလည်သေး


မြန်မာနိုင်ငံရှိ စက်မှုဇုန် အလုပ်သမားများနှင့် အလုပ်ရှင်များအကြား အနိမ့်ဆုံး လုပ်ခလစာများနှင့် အခြား အလုပ်သမား အခွင့် အရေး ဆိုင်ရာများ ယခုချိန်အထိ အငြင်းပွားနေဆဲဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။


ပြီးခဲ့သည့် မေလ အလုပ်သမား လှုပ်ရှားမှုများကြောင့် စက်ရုံတချို့တွင် လုပ်ခလစာ၊ အချိန်ပိုကြေးများနှင့် ရသင့်ရထိုက်သော အလုပ်သမား အခွင့်အရေးများ ရရှိခဲ့သော်လည်း စက်ရုံလုပ်ငန်းရှင် အများစုမှာ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းစဉ်က ချုပ်ဆို ထားသော စာချုပ်များကို ချိုးဖောက်နေကြကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အလုပ်သမား လှုပ်ရှားမှုတွေမှာ ဦးဆောင်တဲ့သူတွေ၊ တက်ကြွတဲ့သူတွေကို အလုပ်က ထုတ်ပစ်တာတွေ ရှိနေပါတယ်။ အခု အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ လုပ်နေတဲ့သူတွေကိုလည်း အလားတူ အလုပ်ကထုတ်ပစ်မယ်ဆိုတာမျိုး ခြိမ်းခြောက် ဖိအားပေး မှုတွေ ရှိနေတယ်လို့ ကျနော် သိရပါတယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ဥပဒေပညာရှင် ဦးဌေးက ဆိုသည်။

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမိုးဝေကလည်း“အလုပ်သမားတွေက အလုပ်ရုံထဲကို ရောက်ပြီဆိုတာနဲ့ ကြီးကြပ်ရေးမှူးတွေ လက်မှတ်မထိုးမချင်း အလုပ်ရုံထဲက မထွက်ရပါဘူး။ အိုတီ မဆင်းချင် ဘူး ဆိုရင်လည်း မရပါဘူး။ ထွက်ခွင့် မရှိပါဘူး။ ဒီကိစ္စကိုလည်း နည်းနည်း စဉ်းစားပေးစေချင်ပါတယ်။ အိုတီ မဆင်းချင်လို့ အလုပ် သမားက ပြန်ချင်တယ် ဆိုရင်တောင် အလုပ်ရှင်က ခွင့်ပြုမှ ပြန်ရတဲ့ အခြေအနေဖြစ်နေပါတယ်”ဟု ပြောပြသည်။

အလုပ်ရှင်များနှင့် ညှိနှိုင်းနေရဆဲဖြစ်သည့် လုပ်ခလစာ ကိစ္စတွင်လည်း အစိုးရအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ လူနေမှု အသုံး စရိတ်၊ နိုင်ငံသားတဦး၏ ၀င်ငွေထွက်ငွေ နှုန်းများကို သက်ဆိုင်ရာပညာရှင်များဖြင့် တွက်ချက်၍ ညှိနှိုင်းပေး စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

စက်တင်ဘာ ၂ ရက်နေ့က လှိုင်သာယာ စက်မှုဇုန်တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားများ ပူးပေါင်း ဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်ချိန် တနေ့ ၈ နာရီအတွက် အနည်းဆုံး လုပ်ခလစာ ၃၀၀၀ ကျပ် ရရှိရေးကို တောင်းဆိုခဲ့ကြသည်။

“တနေ့ ၃၀၀၀ ရမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်က ဒီနေ့ကစပြီးတော့ လုပ်ငန်း ပိတ်သိမ်းဖို့ ပြင်ဆင်ရတော့မှာပါ။ ကျနော့်မှာ ၀န် ထမ်း ၂၀၀၀ ကျော် ရှိပါတယ်။ ကျနော့် အလုပ်သမားတွေကို လစဉ် လုပ်ခရှင်းနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ဒီလို တောင်းဆိုမှုတွေ၊ အဖြစ် အပျက်တွေနဲ့ ကြုံရတာ ကျနော် စိတ်မကောင်းပါဘူး”ဟု လက်ဝါး အထည်ချုပ် စက်ရုံပိုင်ရှင် ဒေါက်တာ ခင်မောင်ဝင်း က ပြော ဆိုသည်။

တရက်လျှင် လုပ်ခလစာ ၃၀၀၀ ကျပ်နှုန်းဖြင့် တလ ၇၈၀၀၀ ကျပ်နှုန်း ပေးနေသော်လည်း အိုဗာတိုင် တလစာ ၈၈ နာရီဖြင့် တွက် ချက်ထားခြင်း ဖြစ်ကြောင်း၊ အိုဗာတိုင် နာရီမပါဘဲ ၇၈၀၀၀ ကျပ် လစာပေးရပြီး အိုဗာတိုင်အတွက် သက်သက် လုပ်ခ ပေးရမည် ဆိုပါက အလုပ်သမားတဦး၏ လစာသည် ကျပ် တသိန်းခွဲ ကျော် (အမေရိကန်ဒေါ်လာ ၁၇၃ ဒေါ်လာ) ကျသင့်မည်ဖြစ်ကြောင်း၊ ၎င်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များနေသည့်အတွက် ဈေးကွက် အပြိုင်အဆိုင်လုနေရသည့် အခြေအနေ တွင် လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဦးဌေးက“၃၀၀၀ ဆိုတာက ရသင့်တဲ့ငွေဖြစ်ပါတယ်။ လှိုင်သာယာမှာ ထမင်းတနပ်စားရင် ၅၀၀ ပါ။ ၃၀၀၀ ဆိုတာ နေစရိတ်၊ ကျန်း မာရေး ပညာရေး စရိတ်တွေအတွက်ပါ သင့်တင့်တဲ့ ကြေးဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေဘက်က ဒါကို စဉ်းစားဖို့ ကျနော် မေတ္တာ ရပ်ခံပါတယ်”ဟု ဆိုသည်။

အလုပ်သမား ၀န်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ခလစာ တိုးမြှင့် တောင်းဆိုနေမှုများကြောင့် အထည်ချုပ်လုပ်ငန်းများ အကျပ် အတည်းနှင့် ကြုံနေရကြောင်း ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လှိုင်သာယာစက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ အလုပ်သမား တထောင်ကျော်သည် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် အခြား အလုပ်သမားအခွင့်အရေးများအတွက် စက်မှုဇုန်မှ မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးသို့ ခြေလျင် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

By Irrawaddy

No comments:

Post a Comment