Saturday 8 September 2012

ဆည်ရေဖောက်ချလို့ ရေထဲစိမ်ပြီး ဆန္ဒပြ

ရွာသူရွာသားတွေကို အကြောင်းမကြားပဲ ဆည်ရေဖောက်ချလိုက်လို့ လယ်ယာတွေ၊ အိမ်တွေ ရေမြုပ်ကုန်တာကို တာဝန်ယူဖြေရှင်းပေးဖို့ အိန္ဒိယနိုင်ငံ မတ္တရာ ပရာဒေ့ရှ်ပြည်နယ်၊ ခန်ဒ်ဝါ ဒေသ၊ ဂိုဂါလ် ရွာက ရွာသူရွာသားတွေဟာ လည်ပင်းလောက်အထိ မြုပ်တဲ့ရေထဲ စိမ်ပြီး ဆန္ဒပြနေကြတာပါ။


ဆန္ဒပြသူတွေထဲမှာ သက်ကြီးရွယ်အို တွေလည်း ပါပါတယ်။



~ ရေထဲမှာ နေတာကြာလှပြီမို့ သူတို့ရဲ့ ခြေထောက်တွေဟာ ဒီလို ဖြစ်နေပေမယ့် ဆန္ဒပြ မရပ်ပါဘူးတဲ့ ~

အိန္ဒိယရဲ့ ဥပဒေအရ မိုးကြီးလို့ ရေမနိုင်တဲ့အခါ ဆည်ရေဖောက်ချရမယ်ဆိုရင် ရွာတွေ ရွှေ့ပြောင်းဖို့ ၆ လ ကာလအတွင်း ကြိုတင်ပြီးတော့ အကြောင်းကြားရတယ်လို့ ဆိုပါတယ်။

အခုတော့ ဘာအကြောင်းကြားချက်၊ ဘာသတိပေးချက်မှ မပေးပဲ အဲ့ဒီ ဒေသက ဥုံမ်ခါရက်ရှ်ဝါဆည်က ရေတံခါးတွေကို ဖွင့်ချလိုက်တာကြောင့် အနိမ့်ပိုင်း ဒေသတွေ ရေမြုပ်ကုန်တာပါ။



ဆည်ရေ ဖွင့်မချခင် ရေလွှမ်းနိုင်တဲ့ အနိမ့်ပိုင်း ဒေသနေသူတွေကို ကြိုတင်အကြောင်းကြားဖို့ ဥပဒေ ထုတ်ပြန်ထားပေမယ့် မလိုက်နာခဲ့တဲ့ ဆည်က တာဝန်ရှိသူတွေကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကနေ စိစစ်အရေးယူပေးဖို့၊ ပျက်စီး ဆုံးရှုံးရတာတွေကို လျော်ကြေးပြန်ပေးဖို့၊ လူနေအိမ်တွေကို သင့်တော်တဲ့ နေရာကို ပြောင်းပေးဖို့၊ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ရေစိမ်ပြီး ဆန္ဒပြနေကြတာပါ။





သူတို့ ဒီလို ဆန္ဒပြနေကြပေမယ့် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဖြေရှင်းပေးခြင်း မရှိသေးတာကြောင့် ဖြေရှင်းချက် တစုံတရာ မရမချင်း ရေထဲက မတက်ဘူးလို့ ဆန္ဒပြသူတွေက သန္နိဋ္ဌာန်ချထားကြပါတယ်။



Bhopal မြို့မှာလည်း ဆန္ဒပြနေတဲ့ ရွာသူရွာသားတွေကို ထောက်ခံတဲ့အနေနဲ့ ဒီလို ရေပုံးတွေထဲဝင်ပြီး ဆန္ဒပြနေကြတယ်

By Irrawaddy

No comments:

Post a Comment