Saturday 8 September 2012

မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး


စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့်  က တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက် စကားဝါလမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန်
ဝင်ရောက် စီးနင်းခဲ့ပါတယ်။

မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။

ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ  ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။

ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ  ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။

အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။

မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ  အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို  တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။


သစ်ထူးလွင်

No comments:

Post a Comment