Saturday 8 September 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအား မွေးမြူရေးအဖွဲ့ချုပ်မှ ကန့်ကွက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ပါဝင်သော အချက်အချို့မှာ လူတစ်စု အကျိုးစီးပွားအတွက်သာ အထောက်အကူ ပြုနိုင်သည့်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ကန့်ကွက်ကြောင်း စက်တင်ဘာ ၆ ရက်တွင် ယင်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌
အတိအလင်း ကြေညာလိုက်သည်။ ယင်းဥပဒေ၌ နိုင်ငံခြားနှင့် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်မည်ဆိုပါက ၅၁ ရာခိုင်နှုန်းနှင့် ၄၉ ရာခိုင်နှုန်းအချို့ သတ်မှတ်ချက်ပါဝင်ပြီး နိုင်ငံသားများအနေဖြင့် အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေ ပမာဏ ဒေါ်လာ ၅ သန်းရှိရမည် ဆိုသည့်အချက်နှင့် FDI နိုင်ငံခြားမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုအား မလိုလားခြင်းအပေါ် အဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်သည်ဟု မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါက်တာလှလှသိန်းက ပြောသည်။

“ဒေါ်လာ ၅ သန်းရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ခရိုနီ လူတစ်စုအတွက်သာ လုပ်ကိုင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ ဒေါ်လာ ၅ သန်းကို မြန်မာကျပ်ငွေနဲ့ ပြန်တွက်ကြည့်ရင် ကျပ်ငွေသိန်းပေါင်း ၄ သောင်း ၈ ထောင် ဝန်းကျင်ရှိတယ်။ ဒီလောက် ငွေပမာဏဆိုတာ လက်ရှိ လုပ်ငန်းသမားတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ နှုန်းထားပါ” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် နိုင်ငံခြားသားရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခြားသော ကဏ္ဍများမှ ကန့်ကွက်မှုများ ရှိနေသော်လဲ အသားကဏ္ဍ၊ မွေးမြူထုတ်လုပ်ရေးကဏ္ဍ အနေဖြင့်မူ ယင်းကိစ္စ အတိုင်းအတာတစ်ခု အနေဖြင့် ခွင့်ပြုပေးသင့်သည်ဟု ဒေါက်တာလှလှသိန်းက ဆိုသည်။ ‘အသားထုတ်လုပ်ရေး ကဏ္ဍအနေနဲ့တော့ နိုင်ငံခြားသား ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုကို အတိုင်းအတာ အကန့်အသတ်နဲ့ ခွင့်ပြုပေးသင့်တယ်လို့ ယူဆတယ်။ အခုဆိုရင် မြန်မာစီပီ တစ်ခုတည်းက နိုင်ငံခြားသား ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုမှာ တစ်ခုတည်းသော ကုမ္ပဏီအနေနဲ့ နိုင်ငံတော်နဲ့ နှစ် ၃၀ စာချုပ်ချုပ်ပြီး လွှမ်းမိုးလုပ်ကိုင်နေတယ်။ အခုဆိုရင် သူ့ရဲ့သက်တမ်းဟာ ၁၆ နှစ်လောက်ပဲ ရှိသေးတာကြောင့် နောက်ကျန်တဲ့နှစ်တွေမှာ အခြားနိုင်ငံခြားကုမ္ပဏီတွေ ခွင့်မပြုခဲ့ရင် သူ့ကုမ္ပဏီ တစ်ခုတည်းက ဆက်ပြီးကြီးစိုးနေဦးမှာပဲ။ ဒါ့ကြောင့် ဈေးကွက်တွင် သူနဲ့ယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီတွေရှိဖို့ လိုအပ်တယ်” ဟု ၎င်းကထပ်လောင်း ပြောပြသည်။ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ယင်းကိစ္စများနှင့် ပတ်သက်၍လည်း ထပ်မံတင်ပြ အကြံပြုမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 “မွေးမြူရေးလုပ်ငန်းတွေ အနေနဲ့ ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံဖို့တောင် အနိုင်နိုင်ပါ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုမျိုး ကန့်သတ်ထားတာ မရှိဘူး။ ရှိတဲ့နိုင်ငံဆိုရင်လည်း ငွေပမာဏ ဒီလောက်တောင် တင်ပြစရာ မလိုဘူး” ဟု အလတ်စား မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment