Thursday 11 October 2012

နှစ်ပေါင်း ၅ဝ ကြာ ညံ့ဖျင်းစွာ သင်ကြားခဲ့ရသည့် ပညာရေးစနစ်မှ ရုန်းထွက်နိုင်ရန် ကြိုးစားကြရမည်


အမေရိကန် ပြည်ထောင်စုသို့ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်  မှ အောက်တိုဘာ ၄ ရက်အထိ သွား ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်
အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ဒီ/ချုပ် ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်က အမေရိကသို့ သွားရောက်ရခြင်း အဓိက အကြောင်း နှစ်ခုရှိကြောင်း၊ မိမိတို့ မြန်မာ နိုင်ငံကို တစိုက်မတ်မတ် ကူညီခဲ့ကြသည့် မိတ်ဆွေများကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မိမိတို့ နိုင်ငံ၏ လက်ရှိ လိုအပ်ချက် များကို ရှင်းလင်းပြောကြားရန်ဖြစ်ကြောင်း ပြောကြားပါသည်။


အမေရိကန် ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ကျေးဇူးတင်စကား ပြောကြားရမှာက အမေရိကန် အုပ်ချုပ်ရေးတွင် အရေးပါသည့် ဥပဒေပြုလွှတ်တော် အမတ်များဖြစ်

“အမေရိကန် လွှတ်တော်အမတ်တွေဟာ ကျွန်မတို့ဘက်က နေပြီးတော့ နှစ်ပေါင်းများစွာ မားမားမတ်မတ် ရပ်တည်ခဲ့ကြ ပါတယ်။ ပိတ်ဆို့မှုတွေ ဆိုတာကလည်း လွှတ်တော်ကနေ စတင်ပြီး လုပ်တာပါ။ ဒီလိုလုပ်တဲ့ အခါမှာ တစိုက်မတ်မတ်  ဒီမိုကရေစီ အင်အားစုတွေဘက်က ရပ်တည်ခဲ့ပါတယ်။ ပိတ်ဆို့မှုတွေကို လျှော့ဖို့၊ ဖယ်ရှားဖို့ ဆိုတာကိုလည်း လွှတ်တော် အမတ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင် ပြီးတော့ သဘောတူညီချက် ယူပြီးမှ လုပ်တာပါ။ အဲဒီလောက်အထိ ကျွန်မတို့ဘက်က နေပြီးတော့ မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် အမေရိ ကန် ပြည်ထောင်စု လွှတ်တော်အမတ် တွေနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင်ကြောင်း ပြော ကြားလိုပါတယ်။ အစိုးရ မဟုတ်တဲ့ အခြား ဒီမိုကရေစီ အဖွဲ့အစည်းတွေမှာ ကျွန်မတို့ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး အတွက် ရပ်တည်ပေးခဲ့တဲ့ အဖွဲ့အစည်းတွေ ကို ကျေးဇူးတင်တဲ့အတွက် သွားရောက်တာ ဖြစ်ပါတယ်”

နိုင်ငံတော်၏ လိုအပ်ချက်များ ရှင်းလင်း ပြောကြားရန်အတွက်  သွားရောက်ခြင်းဖြစ်

“ကျွန်မတို့နိုင်ငံရဲ့လက်ရှိ အခြေအနေဟာ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့အခြေအနေ၊ ရောက်နေတဲ့အခြေ အနေကို ရှင်းပြဖို့ သွားတာ ဖြစ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင် ဒီမိုကရေစီလမ်းကို သွားမယ်ဆိုတာ ဖြူးဖြောင့် နေတဲ့ လမ်းတော့ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင် ဆိုတာ ဘယ်သူတွေလဲဆိုတော့ ပြည်သူ လူထုပါပဲ။ ပြည်သူလူထုနဲ့ ကျွန်မတို့ အမြဲ လက်တွဲပြီး လုပ်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေက ဆောက်တည်ရမယ့်လမ်း ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ကလည်း ပြည် သူလူထုရဲ့ အားအရ လိုက်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီ ကျမှာပဲ။ ဒီလို တည်ဆောက်တဲ့နေရာမှာ အများကြီး သတိထားဖို့ လိုပါတယ်။ ကြိုးစားဖို့လည်း လိုပါတယ်။ တချို့က အခုအခြေအနေကို အားလုံးကောင်းနေပြီ ဆိုပြီးတော့ မလိုအပ်ဘဲ အကောင်းမြင်နေကြတယ်။ အားလုံး ကောင်းနေတဲ့ အခြေအနေ မဟုတ်သေးဘူး ဆိုတာကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။  အားလုံးကောင်းအောင် လုပ်နိုင်ဖို့ အခြေအနေမှာ လုပ်နိုင်ဖို့လည်း အခွင့်အလမ်းများ ရှိလာပါပြီ။ ဒီအခွင့် အလမ်းကို မှန်မှန်ကန်ကန် သုံးနိုင်မှ ကျွန်မတို့ လိုချင်တဲ့ နိုင်ငံမျိုး ဖြစ်လာမှာပါ။ လွယ်မှာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့က ရသမျှ ယူမယ်ဆိုတဲ့ စိတ်နဲ့လုပ်ရင် အမှားတွေ ဖြစ်နိုင်ပါတယ်။ စဉ်းစဉ်းစားစားနဲ့ ယူသင့်တာကိုပဲ ယူရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း ကျွန်မတို့နိုင်ငံရဲ့အကျိုး၊ မိမိရဲ့ အကျိုးကို ထည့်ပြီး စဉ်းစဉ်းစားစားနဲ့ လုပ်သင့် ပါတယ်။ မပေါင်းသင့်တဲ့သူတွေနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုလို့ရှိရင် ကျွန်မတို့က သိရင်တော့ သိသလို သတင်းဖြန့်ရမှာပဲ။ ဒါကတော့ ကျွန်မတို့ တာဝန်တစ်ခုအနေနဲ့ လုပ်ရမှာပဲ။ ဒါဟာ သတင်းလောကရဲ့ တာဝန် တစ်ခုလည်းဖြစ်တယ်လို့ ကျွန်မ သတိပေးပါရစေ”

နိုင်ငံ တိုးတက်ရေးတွင် မှန်ကန်သည့် သတင်း ဖြန့်ချိမှုအရေးကြီး

“မှန်ကန်တဲ့ သတင်းဖြန့်ချိရေး ဆိုတာ သတင်းကလည်း မှန်ရမယ်။ ပြန့်သင့်တဲ့ အတိုင်းအတာအထိ ပြန့်ရမယ်။ ဒါက မီဒီယာက လုပ်ရမယ့် ကိစ္စပါ။ သတင်းထူး သတင်းဦး ဆိုတဲ့ စကားကို အမှန်ပြောရင် ကျွန်မ မကြိုက်ဘူး။ သတင်း ဆိုတာဟာ တစ်ခါတလေ မထူးပေမယ့် အရေးကြီးတဲ့ သတင်း ရှိတတ်ပါတယ်။ ထူးမှ သတင်း မဟုတ်ပါဘူး။ သတင်းထူး ဆိုတာကို အများအားဖြင့် ပြောတာက၊ ဖတ်ချင်တဲ့သူတွေ မျက်စိကျသွားအောင်၊ စာလုံးမဲကြီးတွေ တွေ့လိုက်လို့ရှိရင် ဟာ… ဖတ်ချင်စရာပဲဆိုပြီးတော့ ဂျာနယ်ကို၊ မဂ္ဂဇင်းကို ဝယ်ချင်အောင် အဲဒီလို သတင်းထူးတွေကို ကျွန်မပြောတာ မဟုတ်ပါဘူး။ တကယ် ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းတွေ သတင်းကောင်းတွေကို ထည့်ဖို့ အရေးကြီးပါတယ်။ သတင်းကို ဦးအောင် လုပ်တာကလည်း သတင်းစာ လောကမှာ ဒါဟာ လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စပါ။ အဲဒီလိုလုပ်တော့ ဘာပဲပြောပြော သတင်းလောကမှာ တစ်ပန်းသာ သွားတာပေါ့။ ဒါပေမယ့် တစ်ပန်း သာသွားတဲ့နေရာမှာ တစ်ဦးဦးကို ထိခိုက်တယ် ဆိုရင်တော့ မကောင်းပါဘူး။ သတင်းဦးအောင် လုပ်ရင်းနဲ့ သတင်းက မမှန်ဘူးဆိုရင် ကျွန်မတို့နိုင်ငံအတွက် အကျိုးမဖြစ်ပါဘူး။ နိုင်ငံတော် တိုးတက်ရေး အတွက် ဝိုင်းပြီးတော့ လုပ်ဆောင်ကြတဲ့ နေရာမှာ သတင်းလောက ကလည်း အင်မတန်မှ အရေးပါတယ်လို့ ကျွန်မ ပြောချင်ပါတယ်။ တချို့ ဩဇာရအောင် လုပ်တတ်ပါတယ်။ ဩဇာရသွားပြီဆိုရင် ဩဇာကို အလွဲသုံးစား လုပ်တတ်ပါတယ်။ မီဒီယာ လောကမှာလည်း ရှိတတ်ပါတယ်။ တာဝန်သိသိ သုံးမယ် ဆိုရင် ကိုယ့်နိုင်ငံအတွက် ဂုဏ်သိက္ခာရှိရုံ သာမကဘဲ ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာလည်း အများကြီး ရှိမှာပါ”။

နှစ်ငါးဆယ်ကာလ ပညာရေး ညံ့ဖျင်းမှုကြောင့် အရည်အချင်းရှိ မျိုးဆက်သစ်များ ရှားပါး

“ကျွန်မတို့ပါတီအနေနဲ့ ယခင် ကထက်စာရင် လုပ်ပိုင်ခွင့်တွေရလာ လို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီပြင်ပြင် ရပ်တည် လာဖို့ ကြိုးစားနေတဲ့ ပါတီတစ်ခုပါ။ ကြိုးစားနေတဲ့ နေရာ မှာ မျိုးဆက်သစ်တွေ အများကြီးလို ပါတယ်။ မျိုးဆက်သစ်တွေ ကို ရှာတဲ့ နေရာမှာ ကျွန်မတို့မြန်မာနိုင်ငံရဲ့အဓိက ပြဿနာတစ်ခုနဲ့တိုးလေ့ရှိပါတယ်။ အဲဒီပြဿနာက ဘာလဲ ဆိုတော့ နှစ်ပေါင်း ၅ဝ ကြာ အင်မတန်မှ ညံ့ဖျင်းစွာ သင်ကြားခဲ့တဲ့ ပညာရေး ပြဿနာပဲ။ အဲဒီပြဿနာတွေကြောင့်  မျိုး ဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ပြည့်ဝတဲ့သူတွေက ရှားသွားတယ်။ ပြည်သူတွေ မတော်လို့ မဟုတ်ပါဘူး။ ပညာရေးစနစ် ညံ့ဖျင်းတာကြောင့် ဖြစ်ရတာပါ။ ဒါပေမယ့် အကျိုးဆက်ကတော့  ကျန် ခဲ့ပါတယ်။ ဒီအကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ဖို့ ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ ကြိုးစားရပါမယ်။

“နောက်တစ်ခုက ကျွန်မတို့တိုင်းပြည်မှာ ပညာရေးစနစ်ဟာ အင်မတန်မှ ဆိုးရွားနေပါတယ်။ အခြေခံ ပညာရေး စနစ်ဟာ ကျွန်မတို့ ကလေးတွေကို တကယ် ပညာပေးတဲ့ စနစ်တော့ မဟုတ်ပါဘူး။ ကျောင်းမသွားနိုင်တဲ့ ကလေးတွေကလည်း အင်မတန်များပါတယ်။ အဲဒီတော့ နယူးယောက်မှာ ကလေးတိုင်း ကျောင်းသွားရေး ကိစ္စနဲ့ ပတ်သက်လို့ ပါဝင်ပြီး ဆွေးနွေးတာ ရှိတယ်။ နောက်ပိုင်းမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစီစဉ်တွေ ရည်ရွယ်ချက်တွေရှိတယ်။ မကြာခင်မှာ စပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ကျွန်မတို့က အခြေခံပညာရေး ကိုလည်း လုပ်ရမယ်။ အဆင့်မြင့် ပညာရေးကို လည်း လုပ်ရမယ်။ အသက်မွေး ဝမ်းကျောင်း ပညာရေး၊ ကျောင်းပြင်ပ ပညာရေးတွေ ကို လုပ်ရမယ်။ နှစ်ပေါင်း ၅ဝ က မွေးထုတ်လိုက်တဲ့ ဘွဲ့ရပြီး ပညာမပြည့်စုံတဲ့၊ ဘွဲ့မရရင်တောင် ကျောင်းပြီးပြီးတော့ ပညာ မပြည့်စုံတဲ့၊ ကျောင်းပ ညာတောင် ပြီးအောင် မသင်နိုင်ခဲ့တဲ့ လူငယ် လူရွယ်ပိုင်းကို ရောက်သွားတဲ့ သူတွေအတွက် ကျွန်မတို့ ပညာရေးကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်မပေးရင် ဒဏ်ရာရသွားတဲ့ မျိုးဆက်တွေလို ကျန်ရစ်ခဲ့ပါမယ်။ အဲဒီမျိုးဆက်တွေ အတွက် ပြန်ပြီးတော့ ပညာသင်ကြား လို့လဲ မရတော့တဲ့ အခါကျတော့ ပြင်ပ ပညာရေးကို သင်ကြားပေးဖို့ လိုပါတယ်။ အထူးအားပေးပြီး လုပ်ဖို့လည်း ရှိပါတယ်။ ကူညီမယ့် သူတွေလည်း ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်မစိတ်အား ထက်သန်နေတာ တစ်ခုရှိပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ရှင်သန်ဖို့အတွက် လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီး ပါတယ်။ နိုင်ငံတိုင်းမှာ အားလုံးက အားကိုးယုံကြည်ရတဲ့ တက္ကသိုလ်တစ်ခုတော့  ရှိသင့်တယ်။ နိုင်ငံကြီးတွေ ကြည့်လိုက်လို့ရှိရင် တက္ကသိုလ်တိုင်းကတော့ အဆင့်အတန်းမတူပါဘူး။ ဒါပေမယ့် ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာဟာ တိုင်းပြည်အတွက် အင်မတန်မှ ဂုဏ်ရှိရုံတင် မကဘူး၊ တိုင်းပြည်မှာ တကယ် တော်တဲ့ လူငယ်တွေ အတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးတော့ ရလာမယ်။ အရင်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် က အောင်သွားတဲ့ ကျောင်းသားတွေဆိုရင် ကမ္ဘာ့ပညာရေးအဆင့်ကို မီတဲ့ ပညာသင်ကြားမှုတွေကို ရခဲ့ကြတယ်။ အဲဒါတွေဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ဒါတွေကို ပြန်ပြီးတော့ ဖော်ထုတ်ရမယ်။ ရန်ကုန် တက္ကသိုလ်ကို အရန်တုန်းကလို လျှမ်းလျှမ်းတောက် ဖြစ်လာအောင် ဝိုင်းပြီးတော့ ကြိုးစားသင့်ပါတယ်”

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အမြန်နှုန်းကိုမကြည့်ဘဲ အမှန်ကိုသာလုပ်ဖို့ အဓိကကျ

“ကျွန်မတို့ အမေရိကခရီးစဉ် မှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်ဖို့ ပြောတယ်။ အမြန်နှုန်းကို မကြည့်ဘဲနဲ့ အမှန်ကိုပဲ၊ မှန်တဲ့အလုပ်ကိုပဲ လုပ်ဖို့ ကျွန်မပြောချင်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ လူငယ်တွေ လူရွယ်တွေဟာ ပညာမပြည့်စုံတဲ့ အခါကျတော့ အလုပ်ရှိရင်တောင်မှ ဒီအလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်ဖို့ အနေအထားမရှိ ပါဘူး။ အလုပ်ထဲသွင်း၊ အလုပ်ထဲမှာပဲ ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် ပိုက်ဆံရှာနေတဲ့ တစ်ချိန်တည်းမှာ ပညာပါ ရှာနိုင်ဖို့ အဲဒါတွေ ကိုကျွန်မက ဦးစားပေး ချင်ပါတယ်”

ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုလည်း အဆင့်မီအောင် ပြန်လည် ပြုလုပ်ရမည်

“ကျွန်မ ပြီးခဲ့တဲ့ရက်က ရန်ကုန်ဆေးရုံကြီးကို ရောက်ခဲ့ပါတယ်။ စိတ်မကောင်းစရာ ပါပဲ။ ကလေးတစ်ယောက် ခွဲစိတ်ခံရလို့ သွားကြည့်တာ။ ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေက အင်မတန် စေတနာသန့်သန့်နဲ့ ခွဲစိတ်ပေးပါတယ်။ ဒါပေမယ့် ပစ္စည်း ကလည်း မရှိဘူး။ ဆေးရုံ အနေအထားကလည်း အားနာနာနဲ့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရန်ကုန်ဆေးရုံကြီး ကိုလည်း အဆင့်မီအောင် ပြန်လုပ်ဖို့ ကျွန်မစိတ်ထဲမှာ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုခေတ်မှာ ဆိုရင် ငွေရေးကြေးရေး   ပြည့်စုံတဲ့သူတွေက ပုဂ္ဂလိက ဆေးရုံကို သွားကြတယ်။ ဒါမှမဟုတ် နိုင်ငံခြားမှာ သွားကုကြတယ်။ အများပြည်သူ အားကိုး ရတဲ့ ဆေးရုံတွေကျတော့ ပစ်ထားသလိုပဲ။ အခြေအနေက လုံးဝမကောင်းဘူး။ အဲဒါတွေကိုလည်း ကျွန်မအနေနဲ့ ဦးစားပေးပြီးတော့ ကြိုးစားကြည့်ပါမယ်”

မြန်မာနိုင်ငံသား ဖြစ်မှ မြန်မာနိုင်ငံကို ကူညီနိုင်မှာ မဟုတ်

“ကျွန်မ အမေရိကကို ရောက်တော့ မြန်မာမိသားစု တွေနဲ့လည်း တွေ့ရပါတယ်။ အဲဒီမှာလည်း ထုံးစံအတိုင်း ပေါ့။ အချင်းချင်း ညီညွတ်ကြပါ။ တစ်ယောက်နဲ့ တစ်ယောက် မနာလို မဖြစ်ပါနဲ့လို့တော့ အသွင်သွင် ပြောရတာ ပေါ့။ ရှင်းစရာ ရှိတာတွေလည်း ရှင်းရတာပေါ့။ မေးတာတွေလည်း ဖြေရတာပေါ့။ မြန်မာနိုင်ငံကို ကူညီချင်တဲ့သူ တွေလည်း အများကြီး ရှိပါတယ်။ ကျွန်မကတော့ ရှင်းပြရတာပေါ့လေ။ မြန်မာနိုင်ငံသား ဖြစ်မှ မြန်မာနိုင်ငံကို ကူနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံခြား သားတွေ အမြောက်အမြားလည်း ကျွန်မတို့နိုင်ငံ ကို ကူညီခဲ့တာပဲ။ ကျွန်မတို့ နိုင်ငံက ထွက်သွားပြီးတော့ တခြားနိုင်ငံသား အဖြစ် ခံယူထားတဲ့သူ တွေလည်း ကူညီချင်ရင် ကူညီလို့ ရတာပဲ။ မကူညီချင်လဲ ကျွန်မကတော့ အပြစ်မမြင်ပါဘူး။ ကျွန်မပြောပါတယ်။ ကိုယ်ရောက်သွားတဲ့ နိုင်ငံမှာ ကိုယ်သိက္ခာ ရှိအောင် နေတာကိုက ကျွန်မတို့နိုင်ငံကို သိက္ခာရှိအောင် လုပ်ပေးတာနဲ့ အတူတူပဲ။ အဲဒီအတွက် လိပ်ပြာ မသန့်စရာ မလိုပါဘူး။ ကူညီနိုင်ရင်တော့ ကျွန်မတို့က ကျေးဇူးတင်မှာပဲ ။ ပြန်လာပြီးတော့ ကူညီချင်တဲ့ သူတွေ အများကြီးပါ။ ဒါပေမယ့် ကူညီပုံ ကူညီနည်းကလည်း အရေးကြီးပါတယ်။ ကူညီနိုင်ဖို့ လမ်းတွေလည်း ကျွန်မတို့ ဖွင့်ပေးဖို့ လိုပါတယ်။ ကမန်းကတန်း မစဉ်းစားဘဲ နဲ့ ကူညီလိုက်မယ်ဆိုရင် အကျိုးမဖြစ်ဘဲနဲ့ အကျိုး ယုတ်သွားနိုင် ပါတယ်။ ကျွန်မကတော့ အားလုံးစဉ်းစဉ်းစား စားလုပ်ရမယ်လို့ ပြောလိုပါတယ်။ သေသေ ချာချာ စဉ်းစဉ်းစားစား စနစ်တကျ မလုပ်ရင်တော့ ရသမျှဟာတွေဟာ အဟောသိကံ ဖြစ်သွားမှာပါပဲ”။

အမေရိက ခရီးစဉ်နှင့် ပတ်သက်သည့် အခြေအနေများ၊ အနာဂတ်တွင် ပြောင်းလဲလုပ်ဆောင်မည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများက သိလိုသည် များကို မေးမြန်းကြ ရာတွင် နိုင်ငံတော် သမ္မတကြီးမှ ပြည်ပမီဒီယာ အချို့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်အား ပြည်သူက သမ္မတအဖြစ် တင်မြှောက်ခဲ့လျှင် သူ့အနေဖြင့် လက်ခံသွားမည်ဆိုသည့် မေးမြန်းချက်၊ လွှတ်တော်တွင်း တရားဥပဒေ ပြင် ဆင်ရေးနှင့် လွှတ်တော်တွင်း အခြေအနေ၊ အမေရိကတွင် သမ္မတကြီးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားချက်များ ကို သိလိုကြောင်း မေးမြန်းချက်အား ပြန်လည် ဖြေကြားရာတွင်မိမိအနေဖြင့် နိုင်ငံရေး ပါတီတစ်ခု၏ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း ၊ နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဖြစ်သည့်အတွက် သမ္မတလည်း လုပ်ရဲသည့် သတ္တိရှိကြောင်း ၊ ပြည်သူက လိုလားရင် လုပ်ရမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် အခြေခံဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပြောကြားရာတွင် မိမိတို့ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ကတည်းက မူတစ်ခု ချမှတ်ထားကြောင်း၊ ပြင်ဆင်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကခရီးစဉ်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား အသေးစိတ် သိလိုသည် ဆိုသည့် မေးခွန်းကို ဖြေကြား ရာတွင် မိမိအနေဖြင့် လူတစ်ဦးနှင့်ဖြစ်စေ၊ အဖွဲ့အစည်းနှင့် ဖြစ်စေ၊ ဆွေးနွေးချက်များကို အသေးစိတ် ပြန်လည်ဖြေကြားမှု မပြုလုပ်ရန်မူ ချမှတ်ထားသည့် အတွက် ဖြေကြားမှာ မဟုတ်ကြောင်း ပြန်လည် ပြောကြား သည်။

လွှတ်တော်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ရေးဆွဲခြင်းနှင့် ယင်းဥပဒေအား ပြန်လည် ပြင်ဆင်နေခြင်း အပေါ် မေးမြန်း ချက်အား ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် လွှတ်တော်အတွင်း ပြင်ဆင်သင့်သည့် ဥပဒေများကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြုပြင်ရန်နှင့် ပြုပြင်နိုင်သင့်သည် များကို ပြုပြင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ လွှတ်တော်သည် မိမိ ထင်ထား သည်ထက် ပိုပြီး ဒီမိုကရေစီ ကျနေကြောင်း၊ မိမိတို့ပါတီ ကိုယ်စားလှယ် များ၏ ပမာဏသည် လွှတ်တော်တွင်း ၅၄ ဦးသာ ရှိကြောင်း၊ မိမိတို့ကို လူနည်းစုအဖြစ် လွှတ်တော်က မဆက်ဆံကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း မျှမျှတတ ဆက်ဆံမှု ရှိကြောင်း၊ မိမိတို့အဖွဲ့သည်လည်း လူနည်းသည် ဆိုသော်လည်း အားလုံးနှင့် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် တိုင်းပြည်အတွက် ပါဝင်ပြီး၊ ဥပဒေများမှ ပြုပြင်သင့်သည်များကို ကြိုးစားပြီး ပြုပြင်သွားမှာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း တင်ပြပြီး ရှင်းလင်းပွဲကို နေ့လယ် ၁၂း၃ဝ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

By Myanmar Independent News journal

No comments:

Post a Comment