Thursday 11 October 2012

မျက်နှာသန်းခြောက်ဆယ်နဲ့ကြေးမုံ

(ပြန်ကြားရေးဒုတိယ၀န်ကြီးရေးသားသည်)

( ဆရာရဲနိုင်မိုးက ကျွန်တော့်ဆီကို အခြေခံများအလွန်၊ အဆင့်မြင့်သတင်းစာပညာလက်စွဲ စာအုပ် ( မြန်မာပြန်) ပေးပို့လာပါတယ်။ စာအုပ်ကိုလေ့လာဖတ်ရှုရင်း ပင်တိုင်ဆောင်းပါး ရေးတာနဲ့ ပတ်သက်ပြီး
နမူနာဖော်ပြထားတဲ့ ဘန်ကောက်ပို့စ် သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဗိုရာနိုင်ဗါနီဂျာက ရဲ့ ဆောင်းပါးကို ဖတ်မိပါတယ်။ ဒီဆောင်းပါး ကို ၂၀၀၈ ခုနှစ်မှာ သက်ဆင်ကိုထောက်ခံသူ ထိုင်းဝန်ကြီးချုပ်
ဆမတ်ကို ဖြုတ်ချဖို့ ရှပ်ဝါတွေက ကြိုးစားနေတဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ရေးခဲ့တာပါ။ ကြိုက်လွန်းလို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ရေးသားချက်များကို မူရင်းဘာသာပြန်ထားတဲ့အတိုင်းပြန်လည်ဖော်ပြပေးထားတာဖြစ်ပါတယ်။ )

၁၉၇၃ ခုနှစ် အောက်တိုဘာလ ညတစ်ညမှာ ကျွန်တော့အမေ(အဲဒီ့တုန်းက ကျွန်တော့ကို လွယ်ထားတဲ့ ကိုယ်ဝန် ၈ လနဲ့)ဟာ အိမ်မှာ စိတ်အရမ်းပူပြီး တရှုံ့ရှုံ့ ငိုနေပါတယ်။ အဓိကရုဏ်းတားဆီးရေး တပ်ဖွဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ကျွန်တော့်အဖေဟာ လက်ဝဲ၀ါဒီ စစ်သွေးကြွဟု ၀ိုင်းထားတဲ့ ရဲစခန်းမှာ ပိတ်မိနေခဲ့ပါ တယ်။ သူ့ရင်ခွင်ထဲမှာ ၀မ်းဗိုက်ကို သေနတ်မှန်ထားတဲ့ သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်ကို ပွေ့ ထားပါတယ်။ ဒီရဲတပ်သားရဲ့ သေနတ်ဒဏ်ရာက သွေးတွေ ဒလဟော ထွက်နေပါတယ်။

အတိုက်အခံ ဘက်ကလူတွေ ရာချီပြီး ၀န်းရံထားတဲ့ ရဲစခန်းထဲမှာ ရဲ ၁၅ ယောက်နဲ့ အယောက် ၂၀ ကြား ရှိပါတယ်။ အခြေအနေက မျှော်လင့်စရာမရှိပါဘူး။ လက်ဖြောင့်သေနတ်သမားတွေဟာလည်း နေရာအနှံ့ ပါပဲ။ သေနတ်မှန်ခဲ့တဲ့ ရဲတပ်သားဟာ အဆုံးမှား သွေးထွက်လွန်ပြီး ဆုံးသွားခဲ့ပါတယ်။

အဲဒီညရဲ့နှောင်းပိုင်းမှာ အဖေဟာ သု့ရဲ့လက်အောက်ငယ်သားတွေကို ယူနီဖောင်းတွေချွတ်ပြီး အရပ်သား အ၀တ်အစားတွေလဲဖို့ အမိန့်ပေးလိုက်ပါတယ်။ ပြီးတော့ ညအမှောင်ကို အကာအကွယ်ယူပြီး ရဲစခန်းက ထွက်ပြေးခဲ့ကြတယ်။

နောက်နာရီ အနည်းငယ်ကြာတော့ အဖေဟာ အမေ့ဆီကို ပြန်ရောက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အာဏာသိမ်းတာတွေ၊ ဆန္ဒပြတာတွေ၊ သွေးထွက်သံယိုဖြစ်တာတွေကို စဉ်းစားပြီး ငါတို့ ဘာအတွက်တိုက်ခိုက်နေကြတာလဲ၊ ဘာတွေရပြီးပြီလဲ ဆိုတဲ့ အတွေးတွေ ကျွန်တော့် ခေါင်းထဲ ၀င်လာပါတယ်။

လူတွေအများစုဟာ ဆင်းရဲနွမ်းပါးနေကြဆဲပါပဲ။ ကလေးတွေလည်း လမ်းတွေပေါ်မှာ တောင်းရမ်းနေကြ တုန်းပါပဲ။ နိုင်ငံရေးလောက တစ်စုတည်းမဟုတ်ပဲ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ခုလုံးဟာလည်း စာရိတ္တ ချွတ်ယွင်းနေပါတယ်။ ခုထက်ထိ ဒီမိုကရေစီဟာ ဘာလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။

အာဏာသိမ်းပိုက်တာတွေ၊ ဆန္ဒပြတာတွေ၊ ပဋိပက္ခတွေဟာ ချမ်းသာပြီး သြဇာအာဏာရှိတဲ့သူတွေကြား ကတောက်ကဆ ဖြစ်တာထက် မပိုပါဘူး။ သူတို့ရဲ့ ရဲရဲတောက် ထိမိတဲ့အသုံးအနှုန်းတွေ၊ ဆန်းပြားတဲ့ နည်းဗျူဟာတွေနဲ့ သုံးမကုန်တဲ့ငွေကြေးတွေဟာ လူတွေ သူတို့ဘက်ပါအောင် လှုံ့ဆော်နိုင်ပါတယ်။

ကျွန်တော်ဟာ “ ဆာမတ်ဆန်ဒါရာဗေ့(ချ)” ကို ကြည်ညိုလေးစားတဲ့သုမဟုတ်သလို “ ပီအေဒီ” အဖွဲ့ ခေါင်းဆောင် ၅ ဦးကိုလည်း နှစ်သက်သူမဟုတ်ပါ။ ဒါပေမယ့် နေ့တိုင်းမနက်အိပ်ရာထ၊ အလုပ်သွား၊ မိသားစုကို ရှာဖွေကျွေးမွေး၊ အသွေးအရောင်မခွဲပဲ ကိုယ့်ထက်ကံမကောင်းသူ၊ ရိုးရိုးသားသားလုပ်ကိုင်စား သောက်နေထိုင်သူတွေကို ကူညီတက်တဲ့သူ မှန်သမျှကိုတော့ ကျွန်တော် သဘောကျတယ်၊ လေးစားတယ်။

ဝန်ကြီးချုပ် ဆာမတ် ကိုဖယ်ရှားပြီး ပါလီမန်ကို ဖျက်သိမ်းလိုက်ရင် လူတွေအများကြီး ပျော်ရွှင်သွားလိမ့် မယ်။ ကျွန်တော်လည်း ပျော်မှာပဲ။ ဒါပေမယ့် နောက်ဘာဆက်ဖြစ်မှာလဲ။

စာရိတ္တပျက်ပြားမှုတွေ၊ အဂတိလိုက်စားမှုတွေ နည်းသွားမလား၊ လူမှုရေး တရားမျှတမှု မရှိတာတွေ လျှော့ သွားမလား၊ ၀င်ငွေကွာဟမှုတွေ နည်းသွားမလား၊ လူတွေရဲ့ဘ၀တွေကို တိုးတက်လာစေမလား။



ဆာမက်ကို စာရိတ္တချို့ယွင်းလို့ ကျွန်တော်တို့ ဖယ်ရှားပစ်ချင်တယ်။ ဒါပေမယ့် သူဟာ သာမန်ထိုင်းနိုင်ငံ သားတစ်ယောက်ထက် ပိုပြီး စာရိတ္တ ချို့ယွင်းနေသလား။ ကျွန်တော်တို့ထဲမှာ ဥပဒေတွေ စည်းမျဉ်းတွေ မချိုးဖောက်ဖူးတဲ့သူ၊ စားပွဲအောက်က ငွေမယူဖူးတဲ့သူတွေ၊ အဆက်အသွယ်တွေကို အသုံးမချဖူးတဲ့သူ၊ ဘတ် ၁၀၀ တန်တစ်ရွက်ကို လက်သိပ်မထိုးဖူးတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ။

သက်ဆင်ရဲ့ မဟာစီမံကိန်းကြီးကို မလိုချင်လို့ သူ့ကိုကျွန်တော်တို့ ဖြုတ်ချချင်တယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ မီဒီယာကိုကြည့်လိုက်စမ်းပါ။ ရုပ်ဝတ္ထု ပစ္စည်းနဲ့ အပေါ်ယံကြောတွေကို ဘာဖြစ်လို့ ကျွန်တော်တို့ ဒီလောက်တောင် မက်မော တွယ်တာနေကြရတာလဲ။

သူလုပ်ချင်တာတွေ လုပ်နိုင်ဖို့(ဒါမှမဟုတ် သူ့ဆရာ လုပ်ချင်တာတွေလုပ်နိုင်ဖို့)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ‘ ဆာမတ်’ ပြောင်းပစ်မှာကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေ ကရော ဘာဖြစ်လို့ နေ့စဉ်နဲ့ အမျှ စည်းမျဉ်းတွေ၊ ဥပဒေတွေကို ကိုယ်လိုသလို ဆွဲသုံးနေကြတာလဲ။

ထိုင်းနိုင်ငံပိုကောင်းလာအောင် ပြောင်းလဲပစ်ချင်တယ်ဆိုရင် လူတစ်ချို့ကို ဖယ်လိုက်ရုံနဲ့ မပြီးသေးပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် စပြီး ပြောင်းလဲလာကြရမှာပါ။

လူတစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့ ချီတက်ကြတယ်။ ဒါပေမယ့် လမ်းတွေပေါ်မှာ တောင်းစား နေတဲ့ ကလေးတွေရဲ့ဘ၀ကို ကယ်တင်ဖို့ ကျွန်တော်တို့ ချီတက်ကြမလား။

လူတစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့ ချီတက်ကြတယ်။ ဒါပေမယ့် တောင်ဘက်စွန်းအကျဆုံး ခရိုင်သုံးခရိုင်တွေက ကျွန်တော်တို့ ညီတွေ၊ ညီမတွေရဲ့ ဘ၀တွေကို ကယ်တင်ဖို့ ကျွန်တော်တို့ ချီတက်ကြ မလား။

လူတစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့ ချီတက်ကြတယ်။ ဒါပေမယ့် လမ်းတွေပေါ်မှာ အပြစ်မရှိတဲ့ ယောင်္ကျားတွေနဲ့ မိန်းမတွေ အသတ်ခံရတုန်းက ကျွန်တော်တို့ ချီတက်ခဲ့ကြသလား။

ထိုင်းနိုင်ငံ ပိုကောင်းလာအောင် ပြောင်းလဲပစ်ချင်တယ်ဆိုရင် လူတစ်ချို့ကို ဖယ်လိုက်ရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် စပြီး ပြောင်းလဲကြရမှာပါ။

ပီအေဒီအဖွဲ့မှာ ကန့်ကွက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ဆာမတ်မှာလဲ သူ့ကို ဒီမိုကရေစီနည်းကျကျ တခဲနက် ရွေးကောက်ထားတယ်လို့ ပြောဆိုခွင့်ရှိပါတယ်။

ရွေးကောက်ပွဲကို ၀ယ်ခဲ့တယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အ၀ယ်မခံခဲ့ရတဲ့ ရွေးကောက်ပွဲ ကောရှိပါသလား။ ရွေးကောက်ပွဲကို ၀ယ်တယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအားတို့နဲ့ ဆိုင်ပါတယ်။ လူတွေက မရောင်းချင်ရင် ၀ယ်လို့မရပါဘူး။ လူတွေဆိုတာ ကျွန်တော်တို့ ထိုင်းလူမျိုးတွေပါဘဲ။ ကျွန်တော် တို့ရဲ့ လွတ်လပ်မှု၊ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ရောင်းစားတာ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

ဆာမတ်ရာထူးက နှုတ်ထွက်သွားရင် သူ့နေရာ အစားဝင်မယ့် ဆာမတ်တွေ ထောင်နဲ့ချီရှိပါသေးတယ်။ ` သက်ဆင်´ ဒါမှမဟုတ် ` ဆာမတ်´ လို လူမျိုးတွေနဲ့ သူတို့ရဲ့အယူအဆတွေဟာ ` ရေထဲက ငါး၊ လယ်တွင်းထဲကစပါး´ ဆိုတဲ့ ဆိုရိုးစကားလိုပါဘဲ။

ဟုတ်ပါတယ်၊ ငါးတွေ စပါးတွေ ပေါသလိုဘဲ ဆင်းရဲနွမ်းပါးသူ တွေက ချမ်းသာကြွယ်ဝသူတွေအထိ ထိုင်း နိုင်ငံရဲ့ လူ့အလွှာအားလုံးမှာ သက်ဆင်တွေ၊ ဆာမတ်တွေ ဒုနဲ့ ဒေးပါ။

မနာလိုဝန်တိုမှုတွေ၊ ဂိုဏ်းဂဏကွဲမှုတွေ၊ သဘောထားသေးမှုတွေ၊ မုန်းတီးမှုတွေ၊ အဆွေခင်ပွန်းကောင်းစား ရေးဝါဒ ကျင့်သုံးမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျိုးအတွက် ဆောင်ရွက်မှုတွေ၊ ကြိုးဆွဲမှုတွေ၊ ခေါင်း ပုံဖြတ်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိုယ့်ကိုကိုယ် ဖြောင့်မတ်မှန်ကန်တယ်လို့ ယူဆမှုတွေ၊ ပို ကောင်းအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်မှုတွေ စတဲ့ နိုင်ငံရေးနယ်ပယ်မှာ ဖြစ်ပျက်နေတဲ့ စက်စက် ဆုတ်ဆုတ်နဲ့ ကျွန်တော်တို့ ကဲ့ရဲ့ပြစ်တင်ဝေဖန်လို့ မဆုံးတာတွေ၊ ဒါတွေကို ကျွန်တော်တို့ မိသားစုတွေထဲမှာ၊ လူမှုအသိုင်းအ၀ိုင်းမှာ၊ ကျောင်းမှ၊ အလုပ်ဌာနတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်ရော ဖြစ် နေကြသလား။

`ဆာမတ်´ ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်အရိပ်သာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရေးတဲ့သူ အပါအ၀င် ကျွန်တော်တို့အားလုံးရဲ့ ကြေးမုံရိပ်ပါဘဲ။

အပြစ်တင်ရမယ့် သူတွေကိုရှာပြီး အဲဒီသူတွေကို အပြစ်တင်ရတာ လွယ်ပါတယ်။ ချမ်းသာတဲ့လူတွေက ဆင်းရဲတဲ့လူတွေကို အပြစ်တင်တယ်။ ဆင်းရဲတဲ့လူတွေက ချမ်းသာတဲ့လူတွေကို အပြစ်တင်တယ်။ အဲဒီလို အပြစ်တင်လို့မရရင် ကံတရား ဒါမှမဟုတ် မှော်အတတ်ကို အပြစ်တင်တယ်။ ပြီးတော့ နိုင်ငံခြားတွေကို အပြစ်တင်တယ်။

ဟုတ်ပါတယ်။ စာရိတ္တ ချို့ယွင်းနေတဲ့ တိုင်းပြည်ကို အုပ်ချုပ်သူ နိုင်ငံရေးသမားတွေကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ လမ်းပေါ် ထွက်သင့်ပါတယ်။ ဒါပေမယ့် နှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါဆိုဆိုသလို ကျွန်တော်တို့ ရဲ့ ဒေါသတွေ၊ မနှစ်မြို့မှုတွေ၊ မကျေနပ်မှုတွေကို လမ်းပေါ်မှာဖော်ထုတ်ပြသပြီးတဲ့အခါ နေ့တိုင်းလုပ်နေကြ အဂတိလိုက်စားတာတို့၊ ဥပက္ခပြုတာတို့ အပေါ်ယံလောက်ကိုသာ တန်ဖိုးထားတာတို့ကို ဆက်ပြီးလုပ်မယ် ဆိုရင် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။

အမှန်တကယ်မှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ ရင်သွေးတွေရဲ့ အနာ ဂတ်အတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိသလို တာဝန်လည်း ယူကြရမှာဖြစ်တယ်။

ထိုင်းနိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတွေထဲက မှားယွင်းနေမှန်သမျှဟာ ကျွန်တော်တို့ လူသန်း ၆၀ ကျော်ရဲ့ ပယောဂပါတယ်။ ဒီမှားယွင်းမှုတွေဟာ ကျွန်တော်တို့ကြောင့် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရယ်လို့ ဖြစ်လာအောင် ကျွန်တော်တို့ လုပ်တာပါ။ သက်ဆင် တစ်ယောက်ထဲလုပ်တာ မဟုတ်ပါ ဘူး။ ဆာမတ်တစ်ယောက်ထဲ လုပ်တာမဟုတ်ပါဘူး။ သန်း ၆၀ ကျော်တဲ့ ကျွန်တော်တို့ ပြည်သူတွေ လုပ်တာပါ။ ဆာမတ်ဟာ အကြမ်းဖက်လုပ်ရပ်တစ်ခုနဲ့တောင်မှ မထိုက်တန်ပါဘူး။ သွေးတစ်စက်၊ မျက်ရည် တစ်ပေါက်နဲ့လည်း မထိုက်တန်ပါဘူး။ ပီအေဒီအဖွဲ့ရဲ့ သူ့အပေါ်နေ့စဉ် ဖြစ်ပွားနေတဲ့ အမုန်းစိတ်တွေ၊ စော်ကားမော်ကားပြောဆိုမှုတွေနဲ့တောင် မထိုက်တန်ပါဘူး။

ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လမ်းပေါ် ထွက်ပြီးဆန္ဒပြတာပါ။` ဆာမတ်´ ကို မုန်းလို့ မချီတက်ပါနဲ့၊ ထိုင်းနိုင်ငံ ကို ချစ်လို့ ချီတက်ပါ။

လူ့ဘ၀မှာ နေ့တိုင်းကျွန်တော်တို့တစ်ဦးချင်းဘဲဖြစ်ဖြစ်၊ စုပေါင်းပြီးဘဲဖြစ်ဖြစ် လုပ်တာတွေဟာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်မဖြစ်စေ နိုင်ငံကို ပြောင်းလဲသွားစေမှာပါ။

စာရိတ္တချို့ယွင်းတဲ့ တိုင်းပြည်အုပ်ချုပ်သူတွေကို ကျွန်တော်တို့ ဆက်ပြီးတိုက်ခိုက်ကြရပါမယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအတွက် တကယ်ပဲ ကောင်းတာတွေ ဖြစ်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ထိုင်းလူမျိုးတွေက စပြီး ပြောင်းလဲကြရမှာပါ။

News from: Ye Htut

By Aye Chan Mon

No comments:

Post a Comment