Thursday 11 October 2012

ရန်ကုန်တွင် လမ်းဘေးပလက်ဖောင်းနေရာရောင်းချသူများဈေးကွက် ကြီးမားနေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းဘေးပလက်ဖောင်းဈေးသည်အချင်း ချင်း
နေရာ ရောင်းချမှုများ ပြုလုပ် ရာ၌ ကျောက်ပြား နှစ်ပြား(၄ ပေ)စာနေရာတစ်ကွက်လျှင်
ငွေကျပ် (၄)သိန်းမှ (၅)သိန်းဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်လျှက်ရှိကြောင်း လမ်းဘေးဈေးသည်များ ထံက သိရသည်။

“ပလက်ဖောင်းရောင်းစားတဲ့ ဈေးကွက်က ဟိုးအရင်ကတည်းက ရှိနေတာ။ ဒါပေမယ့် အခု နှစ်နှစ်လောက် အတွင်း မှာ ဈေးက တစ်ဖြည်းဖြည်းချင်းနဲ့ကို တက်လာတာ။ ပိုက်ဆံမရှိလို့ ဈေးရောင်းစားပါတယ်ဆိုမှ အစိုးရပိုင်တဲ့ ပလက်ဖောင်း ကို ပြန်ဝယ်ပြီးမှ ဈေးရောင်းနေရတဲ့ အဖြစ် ရောက်နေတာ”ဟု ရွှေဘုံသာလမ်းတွင် သစ်သီးရောင်းချသူ တစ်ဦးက ပြောသည်။

အဆိုပါ ပလက်ဖောင်းရောင်းချခြင်းဈေးကွက်မှာ တစ်ဖြည်းဖြည်းနှင့်တွင်ကျယ်လာပြီး ပလက်ဖောင်း များတွင် နေရာဦး၍ ပြန်လည်ရောင်းချသောသူ အများအပြားပင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဒီဗိုလ်ချုပ်လမ်းဆိုရင် ဟိုးအရင်က ဒီလောက်စည်တာမဟုတ်ဘူး။ ဒီလိုပဲ မစည်ခင်ကတည်းက   ဈေးရောင်း လာတဲ့သူတွေက အခုလိုစည်လာတဲ့အချိန်မှာ နေရာကို ပြန်ရောင်းစားကြတာ။ ကျွန်တော်တို့ နားက ပလတ်စတစ် ပစ္စည်းရောင်းတဲ့သူ တစ်ယောက်ဆိုရင် ပလက်ဖောင်းရောင်းစားလို့ ရတဲ့ငွေနဲ့ မလေးရှားတောင် ရောက်သွားပြီ”ဟု ဗိုလ်ချုပ်လမ်းမပေါ်ရှိ နိုင်ငံခြားဇာတ်လမ်းတွဲရောင်းချသူတစ်ဦး ကပြောသည်။

ပလက်ဖောင်းရောင်းဝယ်ရာတွင် ကျောက်ပြားနှစ်ပြား(၄ ပေ)စာ နေရာတစ်ကွက်လျှင် အပိုင်ဈေး ရောင်းမည် ဆိုပါက နေရာအပေါ်မူတည်၍ ငွေကျပ် ၄ သိန်းမှ (၅)သိန်းဝန်းကျင်ပေရပြီး ငှား၍ ဈေးရောင်းမည်ဆိုပါက တစ်လလျှင်ငွေကျပ် (၃)သောင်းခန့် ပေးရကြောင်း သိရသည်။


“ဒါတွေက သူတို့ဘာသာ နားလည်မှုနဲ့ လုပ်နေကြတာ။ စည်ပင်အနေနဲ့ပြောရရင် တရားဝင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုအရောင်းအ၀ယ်နဲ့ပတ်သတ်လို့ ဈေးသည်အချင်းချင်းပြဿနာတက်တဲ့ ကိစ္စတွေ ရုံးကို ရောက်ရောက် လာတတ်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေက တရားမ၀င်တော့ ဖြေရှင်းပေးလို့မရဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာရာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

By MyitMakha Media Group

No comments:

Post a Comment