Thursday 11 October 2012

ဘာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည် ရသလဲ


လူတွေရဲ့ အသက်ရှည်နှုန်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီဘဲ ကွဲပြားခြားနား နေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာ နေထိုင်သူတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထက်ပိုပြီး အသက်ရှည်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းမှာ
တူညီတဲ့အချက် တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်တယ် ဆိုတာပါပဲ။ အမျိုးသမီးတွေ အသက်ပိုရှည်ရခြင်းရဲ့ အကြောင်းရင်းတွေကို ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါပဲ။ အဲဒါကိုမှ ခြုံငုံပြီး ပြောရမယ်ဆိုရင် အဓိက အကြောင်းရင်း သုံးချက်ရှိပါတယ်။ တစ်စတစ်စ ပြောင်းလဲလာတဲ့ ဆင့်ကဲဖြစ်စဉ်၊ အပြုအမူနဲ့ ခန္ဓာကိုယ် ဇီဝဗေဒစတဲ့ အချက် သုံးချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် အသက်ရှင် နေထိုင်ဖို့ အကူအညီ ရရှိနေပေမယ့် အမျိုးသားတွေကတော့ ရုန်းကန်လှုပ်ရှား နေရပါတယ်။

အပြုအမူအရ ပြောရမယ်ဆိုရင် ဆယ်ကျော်သက် လူပျိုဖော်ဝင်စကနေ အသက် ၂၀ ကျော်အရွယ် အတွင်းမှာ အမျိုးသားတွေရဲ့ သေဆုံးနှုန်းဟာ အမျိုးသမီးတွေထက် သုံးဆပိုများတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွယ်တွေဟာ စွန့်စားရတာတွေကို နှစ်သက်ပြီး မဆင်မခြင်ဘဲ ပြုလုပ်ရတာတွေ၊ စိတ်လိုက်မာန်ပါ ပြုလုပ်တာတွေ များတာကြောင့် သေဆုံးနှုန်းများတာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုကြီးတဲ့ အရွယ်တွေမှာလည်း အမျိုးသားတွေမှာ အပြုအမူကြောင့် သေဆုံးမှုတွေ များနေတာကို တွေ့ရပါတယ်။ ဆေးလိပ်၊ အရက်ကြောင့် ဖြစ်တဲ့ဝေဒနာ၊ ရောဂါတွေနဲ့ သေဆုံးမှုတွေကလည်း အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ ဇီဝဗေဒအရ သဘာဝကိုက အမျိုးသမီးတွေကို အမျိုးသားတွေထက် အသက်ပိုရှည်စေကြောင်း တွေ့ရပါတယ်။ နှလုံးရောဂါဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး ဒီရောဂါက အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သေဆုံးနှုန်းကို ကွဲပြားစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနုမြတ်
Reference and Credit to
mmteashop

By News of Myanmar

No comments:

Post a Comment