Thursday 26 July 2012

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် စက်မှုဇုန် တည်ထောင်မည်

ရခိုင်ပြည်နယ်အတွက် ပထမဆုံး စက်မှုဇုန်တစ်ခုကို မကြာမီ စတင်တည်ထောင်သွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။ အဆိုပါ စက်မှုဇုန်ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “စက်မှုဇုန်ကို မြေဧက ၅၀၀ ပေါ်မှာ တည်ထောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက်ကိုတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။ လက်ရှိတွင် အဆိုပါ စက်မှုဇုန် တည်ထောင်နိုင်ရန်အတွက် မြေနေရာရရှိနိုင်မှုကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး မည်ကဲ့သို့သော စက်မှုဇုန် တည်ထောင်နိုင်မည်ကို မသိနိုင်ကြောင်း သိရသည်။ ယင်းစက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် စက်မှုလုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်သော စက်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိ အနေအထားမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် စက်မှုဇုန် တည်ဆောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်မယ်လို့တော့ ထင်တယ်။ တကယ်လို့ ဆောက်ဖြစ်မယ် ဆိုရင်တော့ ဒေသထွက်ကုန်တွေကို အဓိက ပံ့ပိုးပေးနိုင်မယ့် နည်းပညာမြင့်မားတဲ့ အလုပ်အကိုင် အခွင့်အလမ်း များများပေးနိုင်မယ့် စက်မှုလုပ်ငန်းမျိုးကိုတော့ မျှော်လင့်ပါတယ်” ဟု စစ်တွေမြို့နယ်နေ ကိုအောင်လင်းဦးက ပြောသည်။ လက်ရှိ အနေအထားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှုဇုန်များကို တည်ထောင်ပေးလျက်ရှိပြီး စက်မှုဇုန်မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26359

No comments:

Post a Comment