Thursday 26 July 2012

 ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေ


ATM စက်များတွင် ငွေထုတ်ယူနိုင်သည့်စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေပြီး မကြာခင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ATM စက်များကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စတင်တပ်ဆင် အသုံးပြုခဲ့ကြပြီး ယခုလက်ရှိကာလအထိ လူစည်ကားသည့် ရှော့ပင်းစင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဘဏ်ခွဲများတွင် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

ATM စက်များတွင် ငွေထုတ်ယူနိုင်သည့်စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးဇော်လင်းထွဋ်က ''ကျွန် တော်တို့ဘဏ်အနေနဲ့ ယခုလက်ရှိအချိန်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေမှာ စက်အလုံးရေ ၂၇ လုံး တပ်ဆင်ပြီးသွားပြီ။ ကတ်အရေအတွက်က နှစ်သောင်းခွဲဝန်းကျင် ရှိသွားပါပြီ။ ဆက်လက်ပြီးတော့လည်း စက်တွေကို ဆက်လက် တိုးချဲ့သွားပါမယ်။ ငွေထုတ်နိုင်တဲ့စက်အပြင် ငွေပါစုလို့ရတဲ့စက်ကို တပ်ဆင်ပေးဖို့အတွက် စမ်းသပ်နေပါပြီ။ အဓိက စမ်းသပ်နေတဲ့အပိုင်းက ငွေစက္ကူအတုတွေ အသုံးပြုလို့ မရနိုင်တဲ့ စနစ်ကို ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့သည်။
အလားတူ CB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဖေမြင့်က ''ကျွန်တော်တို့ဘဏ်အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပျဉ်းမနား စတဲ့နေရာတွေမှာ ATM စက်အလုံးရေ ၂၁ လုံး တပ်ဆင်ပြီးသွားပြီ။ ဆက်လက်ပြီးတော့ တိုးချဲ့သွားမယ်။ ငွေပါ တစ်ခါတည်းစုလို့ရတဲ့ စနစ်ပါတဲ့ ATM စက်ကိုလည်း အခုစမ်းသပ် အသုံးပြုနေပြီ။ ပြီးရင် ဗဟိုဘဏ်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်ရတာနဲ့ အများပြည်သူအသုံးပြုနိုင်ဖို့ စက်တွေကို တပ်ဆင်သွားပါမယ်။ ဘဏ်အနေနဲ့ အခုလက်ရှိအချိန်အထိ ကတ်အရေအတွက် ကိုးထောင်ကျော် ရှိနေပါပြီ''ဟု သုံးသပ်ပြောကြားခဲ့သည်။

ATM စက်များကို ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအနေဖြင့် ယခုထက် ပိုမိုတွင်ကျယ်အောင် တပ်ဆင်ရန် စီစဉ်ထားသော်လည်း Network ပိုင်းအခက်အခဲများကြောင့် တိုးချဲ့တပ်ဆင်ပေးမှုအပိုင်း အားနည်းကြန့်ကြာနေရကြောင်း CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ATM စက်များကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက စတင်တပ်ဆင်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ AGD ဘဏ် စုစုပေါင်း လေးခုရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment