Thursday, 26 July 2012

အာဆီယံကို မည်သူက ဓားစာခံလုပ် ပြန်ပေးဆွဲထားသနည်း


ပြီးခဲ့သည့်အပတ်က အာဆီယံအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်ဖို့ မဖြစ်နိုင် ဖြစ်ခဲ့ရ
သည်။ ဤသို့ ဖြစ်သည့်အခါအတိုင်း မေးခွန်း မေးလေ့ရှိကြသည်။ မည်သည့်နိုင်ငံက အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်
ပြန်ပေးဆွဲထားပါသနည်း ဟူ၍ ဖြစ်သည်။  

အောက်ဖော်ပြပါ အဖြေများမှ တခု သို့မဟုတ် အများကို ရွေးချယ်ပေးပါ..ဟု ဆိုရလိမ့်မည်။ (က) တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားနေကြသည့် ကျွန်းများကိစ္စ အာဆီယံ၏ အရေးဆိုသူ နိုင်ငံများ၊ (ခ) အာဆီယံ၏ ၎င်းနှင့် မသက်ဆိုင်သူ အရေးဆိုသူ မဟုတ်သည့် နိုင်ငံများ၊ (ဂ) လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ကမ္ဘောဒီးယားနိုင်ငံ၊ (ဃ) အမေရိကန် ပြည်ထောင်စု (င) တရုတ်နိုင်ငံ၊ (စ) အထက်ဖော်ပြပါ အားလုံး။

အဖြေကို (စ) ဟု ရွေးချယ်ပေးရမည့် အကြောင်းအချက် များစွာ ရှိနေပါသည်။

အဖြေ (က) အတွက် ထောက်ခံပေးမည့် အကြောင်းအချက်များ ရှိနေသည်။ အာဆီယံ အဖွဲ့အတွင်းမှ ၎င်းကိစ္စကို အရေးဆိုသူ နိုင်ငံများသည် ကွဲပြားပြီး၊ မညီညွတ်နိုင် ဖြစ်နေကြသည်။ ယင်းမှာ ၎င်းအုပ်စု၏ အားအနည်းဆုံး အချက်ဖြစ်နေသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့က ၎င်းတို့အကြား အစည်းအဝေးထိုင် တိုင်ပင်၍ ဘုံမဟာဗျူဟာ တရပ် ချမှတ်သည် ဆိုသည်မှာလည်း ရှားရှားပါးပါး မရှိသလောက်ဖြစ်သည်။ ယခင် ၁၉၉၅ ခုနှစ်လောက်က၊ သူတို့အချင်းချင်း အပြန်အလှန် ကျောထောက်နောက်ခံ ပေးခဲ့ကြသလို၊ အချင်းချင်း စောင့်ကြည့်ပေးခဲ့ ကြသည်။ နိုင်ငံအတွက် ပို၍အရေးပါလာသည်နှင့်အမျှ သူတို့အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု လျော့နည်းကျဆင်းလာသည်။ သို့သော်လည်း သူတို့က သင့်လျော်သည့်အခါ ဆိုလျှင် အာဆီယံအဖွဲ့၏အမည်ကို ပြင်ပဖိအားများကို ကာကွယ်ရန် ဒိုင်းလွှားသဖွယ် အသုံးချတတ်သေးသည်။ ဖနွမ်ပင်တွင် သူတို့၏နယ်ပယ်ကို ကာကွယ်ထားနိုင်ရန်အတွက် ၎င်းအရေးဆိုသူ နိုင်ငံများက ကိုယ့်နည်း ကိုယ့်လမ်းဖြင့် လျှောက်ခဲ့ကြသည်။

အာဆီယံအဖွဲ့၏ ၄၅ နှစ်တာ သမိုင်းတွင်၊ တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက် ကြေညာခဲ့ဖူးခြင်း မရှိပါ။ အကြောင်းမှာ ၎င်းပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက် များစွာ ရှိနေသောကြောင့် ဖြစ်သည်။

၎င်းကိစ္စ ပတ်သက်နေကြသည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက သူတို့၏ အခြေခံ တောင်းဆိုချက် ရအောင် အားလုံးက တိုက်တွန်းခဲ့ကြသည်။ ယခင်အချိန်များကဆိုလျှင် ပို၍ ခေါင်းမာစွာ ရပ်တည်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံက စခါဘိုရော့ သဲသောင်ကျွန်းတန်းများ (Scarborough Shoal) ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားနေမှုကို နောက်ဆုံး ထုတ်ပြန်ကြေညာ ချက်တွင် ပါဝင်စေချင်သည်။ ဗီယက်နမ်ကမူ သူတို့၏ စီးပွားရေးဇုန်အပေါ် တရုတ်က ကျူးကျော်သည်ဟု စွပ်စွဲထားသည့် ကိစ္စ သူတို့ရှုထောင့်မှနေ၍ တပြားသားမှ မရွှေ့ချင်။

အတိတ်ကာလက တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အာဆီယံအတွင်း ၎င်းကိစ္စ ပါဝင်ပတ်သက်နေသည့်
နိုင်ငံများအနက် ဝေဖန်ပြောဆိုမှု အသံအထွက်ဆုံးဟု ဆိုနိုင်သည့် မလေးရှားနိုင်ငံကမူ ယခုတကြိမ်တွင် ဤလှုပ်ရှားမှု
၌ ပျောက်ဆုံး နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုချက်ဖြစ်သည့် ထုတ်ပြန်ကြေညာချက်တွင် အခြားသောင်ခုံကျွန်းတန်းများ "other shoals" ဟု ထည့်သွင်းပေးရန် တောင်းဆိုချက်ကိုမူ တင်းခံနေခဲ့သည်။ ဘရူနိုင်းကမူ တိတ်ဆိတ်နေပြီး နောက်တကြိမ် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူရမည့်အရေး စောင့်ဆိုင်းနေသည်။

ဤသို့ အမြင်များ ကွဲပြားစွာ တည်ရှိနေမှုကြောင့် အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံအတွက် တကယ့်အခွင့်အရေး ရစေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟောင်း (Hor Namhong) က ၎င်းဆွေးနွေးအငြင်းပွားမှုများကို ခပ်တိုတိုဆွေးနွေး ဖြတ်သိမ်းစေခဲ့သည်။ သူက ယင်းကိစ္စ အငြင်းပွား ပတ်သက်နေသည့် နိုင်ငံများကို အဆိုပြုရာ၌ သူတို့တင်ပြသည့် ဖြစ်ရပ် အချက်များအားလုံးကို "တောင်တရုတ်ပင်လယ်တွင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများ" ဟူ၍ စုပေါင်းကာ တင်ပြရန် အဆိုပြုခဲ့သည်။ ဤအဆိုကို ကြိုက်လျှင်ယူ-မကြိုက်လျှင် ထွက်သွားဖို့ပဲ ရှိသည်။

ဒိုင်း... ဒိုင်း... မည်သူမျှ ထွက်မလာခဲ့ပါ။ စိတ်ဝင်စားဖွယ် အချက်မှာ သူကအားလုံး ဘုံတူညီသည့်အချက်ကို ရှာဖွေပေးလိုခြင်း မဟုတ်ပါ။ ဘုံတူညီချက်ရှာခြင်း ဆိုသည်မှာ ပြောရလျှင် ယခင် အာဆီယံ ဥက္ကဋ္ဌများ အားလုံး ဖော်ပြခဲ့ကြသည့် အပြုအမူကောင်းလည်း ဖြစ်သည်။ နောက်ဆုံးအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး
ရော်ဘတ်တို ဒဲလ် ရိုဆာရီယို (Roberto del Rosario) က ထိခိုက်သက်ရောက်မှုရှိသော သဲသောင်ခုံကျွန်းတန်းများ ကိစ္စ ဖော်ပြပေးရန် ကမ်းလှမ်း၍ သူ၏ ရပ်တည်ချက်ကို လျှော့ချခဲ့ရသည်။ ယခုအခါ အာဆီယံ ခေါင်းဆောင်များ အတွေးများနေကြရပြီ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ထိပ်သီးခေါင်းဆောင်များညီလာခံတွင် ဒေသတွင်း အာဏာသက်တမ်းရှည် ၀န်ကြီးချုပ် ဟွန်ဆင် တာဝန်ယူ သည့်အခါ မည်သို့ ဖြစ်လာလိမ့်မည်နည်းဟု လေးလေးနက်နက် စဉ်းစားနေရခြင်း ဖြစ်သည်။

အဖြေ (ခ) ကို ရွေးချယ်ကြသူများအတွက်လည်း ရှင်းပါသည်။ ယင်းအရေးဆိုသူများနှင့် မသက်ဆိုင်သည့် နိုင်ငံများ
တွင်လည်း အာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့် နိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း ပြဿနာ ကိုယ်စီ ရှိနေကြပါသည်။ ယင်းကိစ္စနှင့် မသက်ဆိုင်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ အရေးဆိုသူ နိုင်ငံများနှင့် လုံးဝ မသက်ဆိုင်သည့် နိုင်ငံများဟူ၍ ဖြစ်ပါသည်။ သက်ဆိုင်သည့်နိုင်ငံများမှာ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများဖြစ်ပြီး ကျန်နိုင်ငံများမှာ သက်ဆိုင်မှု မရှိကြပါ။ ကျန် တြိ ၃ နိုင်ငံမှာ သူတို့ လိပ်ခဲတည်းလည်း ဖြစ်နေရသည့် ပြဿနာ အကျပ်အတည်းကို တိုးတက်မှု မြင်လိုကြပြီး သူတို့၏အမြင်၊ ရပ်တည်ချက်များကို အာဆီယံအဖွဲ့တွင် ထင်ဟပ်သက်ရောက်မှု ရှိလိုသည်။ ပြောရလျှင် အာဆီယံ-တရုတ် ဆက်ဆံရေး အကျယ်အပြန့် နယ်ပယ်တွင်ပါ သက်ရောက်မှု ဖြစ်စေလိုကြပါသည်။

စင်္ကာပူနိုင်ငံကမူ အမြဲတစေဆိုသလို ယခုအငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံများသည် အာဆီယံအတွင်း၌ဖြစ်စေ၊ နိုင်ငံတကာ အနေအထားဖြင့် ဖြစ်စေ ဖြေရှင်းကြရာ၌ ပင်လယ် ရေကြောင်းများအတွင်း လွတ်လပ်လုံခြုံစွာ
သွားလာခွင့်ကို မထိခိုက်စေသင့်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ အလားတူပင် အင်ဒိုနီးရှားနိုင်ငံကလည်း ယခုအငြင်းပွားမှုတွင် အာဆီယံ အသင်းအနေဖြင့် သွေးစည်းညီညွတ်မှု ပြရန် လိုသည်ဟု ယူဆနေသည်။

ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကမူ အနည်းငယ်တော့ ပြဿနာရှိသည်။ ထိုင်းနိုင်ငံအတွက် မည်သူက ‘အမှန်တကယ် နိုင်ငံခြားရေးဝန်ကြီး’ ဖြစ်သည် ဆိုသည်မှာ မေးခွန်းတခုဖြစ်ပြီး ရပ်တည်ချက်က ဝေေ၀၀ါးဝါး ရှိလှသည်။ ဤသို့ အဓိကဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများက တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ၀န်ကြီးများ အစည်းအဝေးတွင် သီးခြားစီ ကြေညာချက်ထုတ်ရန် ထောက်ခံ ရပ်တည်နေကြသည်။ သို့သော်လည်း ဤသို့ သီးခြား ကြေညာချက် ထုတ်ရန် အစီအစဉ်ကို နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ရသည်။ အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် နိုင်ငံက တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တင်းမာမှုရှိနေသည့် စခါဘိုရော့ သဲသောင်ကျွန်းများ (တရုတ်ဖက်ကမူ ဟွန်ယွန်း Huanyan Island ကျွန်းဟု ခေါ်သည်) နှင့် ပတ်သက်၍ နှစ်နိုင်ငံချင်း တွေ့ဆုံ ညှိနှိုင်းသင့်သည်၊ တည်ငြိမ်အေးဆေးသင့်သည်ဟု ပြောဆိုခဲ့သည်။ သို့ဖြင့် ဤသို့ ထုတ်ပြန်ကြေညာချက်မျိုး မလိုအပ်တော့ပေ။

အာဆီယံအသင်းနှင့် တရုတ်နိုင်ငံဆက်ဆံရေးအတွက် ၂၀၁၂-၁၅ ကာလတွင် ကြားခံညှိနှိုင်းရေး တာဝန်ခံ နိုင်ငံအဖြစ် တာဝန်ယူထားသည့် ထိုင်းနိုင်ငံက သူတို့၏ ရပ်တည်ချက်အတွက် ထောက်ခံပေးရန် တရုတ်နိုင်ငံကိုရော၊ အမေရိကန်
ပြည်ထောင်စုကိုပါ အသည်းအသန် စည်းရုံးတိုက်တွန်းခဲ့ကြသည်။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ဤသို့
ကြေညာချက်မျိုး ထွက်လာပါက တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကိုပါ ထည့်သွင်းဖော်ပြသင့်သည်၊ ဒေသအတွင်း တင်းမာမှုများမြင့် တက်လာနေမှုအပေါ် ရှုတ်ချပြစ်တင်သင့်သည်ဟု တိုက်တွန်း အကြံပေးမှုများပင် ရှိခဲ့ကြသည်။

အဖြေ (ဂ) ကို ရွေးချယ်ကြသူများအဖို့ အကြောင်းရှိပါသည်။ ၎င်းမှာ အာဆီယံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးအတွက် ယခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည့်သူမှာ ၀ါရင့် နိုင်ငံရေးသမား ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဟော နမ်ဟောင်း (Hor Namhong) ဖြစ်သည်။ သူက မည်သည့်အချိန်တွင် ခလုတ်နှိပ်ရမည်ကို အတိအကျသိသူလည်း ဖြစ်သည်။ ယခုတကြိမ်တွင်မူ သူက ပူးတွဲကြေညာချက် ဖြစ်မြောက်ရေးကို ပိတ်ပင်စေခဲ့သည်။ ဤအချက်မှာလည်း သူ၏ သမိုင်းပင် ဖြစ်ပါလိမ့်မည်။

သူ၏ လုပ်ဆောင်ချက်အပေါ် အစည်းအဝေး တက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီး အများအပြား စိတ်ပျက် ဒေါသဖြစ်ခဲ့ကြရသည်။ သတင်းထောက်များကမူ အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလဲဂါဝါ (Marty Natalegawa) ၏  ရလဒ်နှင့် ပတ်သက်၍ စိတ်ပျက်ရကြောင်း၊ အာဆီယံအဖွဲ့ဝင် အချို့သော နိုင်ငံများက “တာဝန်မဲ့စွာ” ပြုမူခဲ့ကြသည်ဟု ထုတ်ဖော်ပြောဆိုချက်ကို အကျယ်အပြန့် ကိုးကားဖော်ပြခဲ့ကြသည်။ သူက ကမ္ဘောဒီယားနိုင်ငံကို နာမည်ဖော်၍ ထုတ်ဖော်မပြောခဲ့သည်မှာ သေချာပါသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အငြင်းပွားနေကြသည့် ပရိယာဝိဟာ ကျောင်းတော်/ခေါင် ဖရာ့ဝိဟန်ကျောင်း နှင့် ပတ်သက်၍ လေ့လာသူများအဖြစ် ပါဝင်မည့် အင်ဒိုနီးရှားနိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ပြန်၍ စောင့်ကြည့်ရဦးတော့မည် ဖြစ်သည်။ ဤကိစ္စတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ပြီးခဲ့သည့် နှစ်မှ စ၍ ကြည့်လျှင် တိုးတက်မှု အနည်းငယ်မျှသာ ရှိသေးသည်။

လာမည့် နောက်နှစ်နှစ်တွင် ဘရူနိုင်းနှင့် မြန်မာက ကမ္ဘောဒီးယားအပြီးတွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌများအဖြစ် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူကြရတော့မည် ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းနှစ်နိုင်ငံလုံးက တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံကို ထောက်ခံခဲ့ကြသည်။ ဘရူနိုင်းနိုင်ငံက အာဆီယံအတွင်း ဤကိစ္စကို အရေးဆိုထားသော နိုင်ငံတခု ဖြစ်သော်လည်း ရေနံဖြင့် ကြွယ်ဝချမ်းသာနေသည့်နိုင်ငံက မည်သည့်အသံမျှ ပြောင်ပြောင်တင်းတင်း ထုတ်ဖော်မပြောဆိုခဲ့သလို ဤအကျပ်အတည်းတွင်လည်း ၎င်း၏ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြပြောဆိုခဲ့ခြင်း မရှိပါ။

သို့သော်လည်း ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့၏ ရပ်တည်ချက်မှာမူ ယခု အငြင်းပွားနေကြသည့် ကျွန်းများ ကိစ္စသည် အငြင်းပွားနေကြသည့် ပါတီ၊ နိုင်ငံများအတွင်း အချင်းချင်း အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းသင့်သည်ဟု
မြင်ကြသည်။ ဤအမြင်က တရုတ်နိုင်ငံက ရေရှည် ရပ်တည်လာခဲ့သည့် အမြင်နှင့်လည်း ကောင်းစွာဆက်စပ်နေပေ
သည်။

အခြေ (ဃ) ကို ရွေးချယ်သူများအတွက်မူ ရိုးစင်းလှပါသည်။ အမေရိကန်ပြည်ထောင်စုက လာမည့် အနာဂတ်တွင် သူ၏ ကာကွယ်ရေး ဘတ်ဂျက်ကို လျော့ချနေစဉ်ကာလမှာပင် အာဆီယံ အသင်းအတွက် ပို၍ အထောက်အပံ့များ ပံ့ပိုးနေသည်မှာ အများအသိပင် ဖြစ်သည်။ အာဖဂန်နစ္စတန် နိုင်ငံမှ ၎င်း၏တပ်များ ရုတ်သိမ်းနေစဉ်ကာလတွင် အမေရိကန်က နောက်ထပ် စစ်မျက်နှာအဖြစ် အာရှ-ပစိဖိတ်ဒေသကို ပို၍ အာရုံရွှေ့လာခဲ့သည်။ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က လာမည့် ၁၀ နှစ်တွင် ဒေသအတွင်း စစ်အင်အားအချိုးကို ၅၀% မှ ၆၀% အထိ မြှင့်တင်လိမ့်မည်လည်း ဖြစ်သည်။ နောက်ထပ် ပိုလာမည့် ၁၀% သော စစ်အင်အားများက မည်သည့်နေရာတွင် အခြေပြုကြပါမည်နည်း။ သို့မဟုတ် အလှည့်ကျစနစ်ဖြင့် အခြေပြုကြမည်လော။ အမေရိကန်ပြည်ထောင်စုက အာဆီယံ၏ ကာကွယ်ရေးကိစ္စများနှင့် ပတ်သက်၍ ပို၍ စိတ်အားထက်သန်လာသည့် အချိန်တွင် အချို့သော နိုင်ငံများက အင်အားကြီးနိုင်ငံများ၏ ကစားပွဲအတွင်း နယ်ရုပ်ဖြစ်ရမည်ကို စိတ်မသက်မသာ ဖြစ်နေရချိန်တွင် အချို့နိုင်ငံများကမူကြွတက်နေကြသည်။ မည်သို့ဖြစ်စေ နောက်ဆုံး အရှေ့တောင်အာရှ နိုင်ငံများက တရုတ်နိုင်ငံ၏ နောက်ဖေးပေါက်
အဖြစ် ဆက်လက် ကျန်ရှိနေကြရဦးမည်သာ ဖြစ်သည်။

အခြေ (င) ကို ရွေးချယ်သူများမှာမူ တရုတ်မဟုတ်သူများ ဖြစ်ပေလိမ့်မည်။ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တလျှောက်လုံးတွင် တရုတ်နိုင်ငံ၏ သတင်းမီဒီယာများက ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့ကို ပြန်ပေးဆွဲ အကျပ်ကိုင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ အာဆီယံ အဖွဲ့ကလည်း ဤအပြုအမူကို လက်ခံနေသည်မှာ အံ့သြဖွယ်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ စိတ်ဝင်စားဖွယ် အချက်မှာ အချို့သောတရုတ် သတင်းဝေဖန်သူများက ဗီယက်နမ်နိုင်ငံကို ထည့်သွင်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ တောင်တရုတ်ပင်လယ်ကိစ္စ အသံများက တရုတ်နိုင်ငံက သံတမန်ရေး ချဉ်းကပ်မှု အသစ်ဖြင့် ဆောင်ရွက်လာစဉ် ငြိမ်းချမ်းစွာ တိုးတက်ရေးနှင့် ဖွံ့ဖြိုးရေး ကြွေးကြော်သံ တင်လာစဉ် ပို၍ ကျယ်လောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဤကိစ္စကို ယခုနှစ်နှောင်းပိုင်းတွင် ဒေသဆိုင်ရာ သဟဇာတဖြစ်စေရေး အစီအစဉ်အဖြစ် ခေါင်းဆောင်သစ်များဖြင့်
နောက်ထပ်အားဖြည့် ဆောင်ရွက်ကြမည် ဖြစ်သည်။ သို့အတွက်ကြောင့် အာဆီယံအသင်းကြီးက ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကို အာဆီယံ-တရုတ် ဆက်ဆံရေးကိစ္စ၌ စိတ်အနှောက်အယှက် ဖြစ်ဖွယ်ကိစ္စကို တင်ခွင့်ပြုသည့်အပေါ် တရုတ်နိုင်ငံက နားမလည်နိုင် ဖြစ်နေရသည်။ ဘေဂျင်းအစိုးရက အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးကို အဓိကကျသည့် နိုင်ငံခြားရေးမူဝါဒအဖြစ် နေရာထား သတ်မှတ်ထားပြီး ဖြစ်သည်။ အင်အားကြီးနိုင်ငံများ အထူးသဖြင့် အမေရိကန်၊ ရုရှား၊ ဥရောပနှင့် တရုတ်နိုင်ငံ ဆက်ဆံမှုမှာ တည်ငြိမ်၍ အရှည်ကို ကြိုတင်ခန့်မှန်း၍လည်း ဖြစ်နိုင်သည်။ သို့သော်လည်း တရုတ်နှင့် အာဆီယံ အသင်းကြီး အကြား တင်းမာမှုများကြောင့် ယခုအခါ ဘေဂျင်းနှင့် အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးကိုပါ ခြိမ်းခြောက်လာတော့မည့်အရေး ဖြစ်နေရသည်။

နောက်ဆုံးအနေဖြင့် အဖြေ (စ) ကို ရွေးချယ်သူများအတွက်မူ သူတို့ဘာသာ ခိုင်လုံသည့်အချက် ရှိပေလိမ့်မည်။ အထက်တွင် ဖော်ပြခဲ့သည့် ကစားသူများအားလုံးက တနည်းမဟုတ် တနည်း အာဆီယံ အသင်းကြီးကို ဓားစာခံသဖွယ် အကျပ်ကိုင်ထားကြပါသည်။ ဆုံးဖြတ်ချက် အများစုကို ယခုအခါ အကောင်အထည်ဖော်ပြရာတွင် တစ်ဆို့နေကြရသည်။ အကြောင်းမှာ သူတို့၏ ရပ်တည်ချက်များကို ထင်ဟပ်သည့် ပူးတွဲကြေညာချက်များ ရှိမနေသောကြောင့် ဖြစ်သည်။ ကစားသူများ အားလုံးက အာဆီယံအသင်းကြီးကို သူတို့၏ အကျိုးစီးပွားအတွက် ကစားစရာဟုသာ သဘောထားကြသည်။ အာဆီယံခေါင်းဆောင်များ အသားကျနေသည့် အပြောများ၊ နည်းပရိယာယ်များဖြင့်သာ အသုံးချနေကြသည်။ အာဆီယံအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူက အဖွဲ့၏ အစည်းအဝေး ခေါင်းစဉ်များနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို မည်သို့မည်ပုံ ရေးဆွဲစီစဉ်ရမည်နှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည့်သူ၏ အာဏာကို ကောင်းစွာ သဘောပေါက်ထားသူလည်း ဖြစ်သည်။ သူက ဤအာဏာကို ချိန်ချိန်ဆဆ အသုံးချခဲ့သည်။ အလားတူပင် အာဆီယံအသင်းမှ ယခုအရေး ပါဝင်ပတ်သက်နေကြသူ
နိုင်ငံများကလည်း သူတို့ မည်သည့်အခါမျှ ၁၉၉၅ ခုနှစ်၊ မတ်လတုန်းကလို နောက်ထပ်တကြိမ် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ဘုံသဘောထားရရန် တညီတညွတ်တည်း မဖြစ်နိုင်သည်ကို နှလုံးသားထဲက သိနေကြပြန်သည်။

သို့အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ကာကွယ်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုများ အပါအ၀င် သူ၏ အနေအထားကို ပို၍ ခိုင်မာစေရန် လိုအပ်သည့် အဆင့်အားလုံးကို လုပ်ဆောင်နေလျက် ရှိပါသည်။ ဤသည်မှာ ကျန် အာဆီယံနိုင်ငံများအတွက် ရှက်ဖွယ်ပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့က အာဆီယံမူဘောင် ခွင်အတွင်း၌ ပြိုင်ဆိုင်မှုများ၊ ထိပ်တိုက်တွေ့မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါလိမ့်မည်။ အတိတ်ကာလတွင် အာဆီယံက တသံတည်း ထွက်ခဲ့သောကြောင့် မည်သူကမျှ စိုးရိမ်စိတ် မပွားခဲ့ကြပေ။ ယခုအချိန်မှစ၍ အားလုံးကို ကြိုးဖြေလွှတ်လိုက်သကဲ့သို့ ရှိနေပြီ။ အာဆီယံ ကံကောင်းပါစေဟု ဆုတောင်းနေရတော့မည် ဖြစ်ပါသည်။   ။

 

Kavi Chongkittavorn ရေးသားသည့် Who is holding Asean hostage? ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို
ဖော်ပြပါသည်။

ကာဝီ ချွန်ကစ်တာဝန် (Kavi Chongkittavorn)သည် အာဆီယံအသင်းနှင့် အရှေ့တောင်အာရှ နိုင်ငံရေးနယ်ပယ်ကို
ဝေဖန်ရေးသားနေသည့် ထင်ရှားသော သုံးသပ်လေ့လာသူတဦး ဖြစ်ပါသည်။


No comments:

Post a Comment