Thursday 18 October 2012

နိုင်ငံပိုင်သတင်းစာများကို ရောင်စုံ စတင်ဖြန့်ချိ


ဒီဗွီဘီ ၁၈ အောက်တိုဘာ ၂၀၁၂

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းဌာနဟာ ဒီနေ့ကစ ရောင်စုံသတင်းစာတွေကို စတင်ထုတ်ဝေလိုက်ပါတယ်။

ရန်ကုန်မှာ မြန်မာ့အလင်း သတင်းစာကို ရောင်စုံအဖြစ် စတင်ထုတ်ဝေပြီး ကြေးမုံသတင်းစာနဲ့ တပတ်ခြား ရောင်စုံထုတ်ဝေမှာဖြစ်ကြောင်း သတင်းစာကိုယ်စားလှယ်တွေက ပြောပါတယ်။ နေပြည်တော်မှာတော့ သတင်းစာ ၂ စောင်စလုံးကို ရောင်စုံနဲ့ ထုတ်ဝေတယ်လို့ သိရပါတယ်။

သတင်းစာကို ရောင်စုံနဲ့ ထုတ်ဝေပေမယ့် ဈေးနှုန်းမပြောင်းလဲသလို စောင်ရေ အပြောင်းအလဲလည်း မရှိဘူးလို့ ရန်ကုန် ဖြန့်ချိရေးကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာ့အလင်းကို ရောင်စုံထုတ်ဝေပေမယ့် အခြားပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်တွေလို သတင်းစုံစုံလင် ဖော်ပြတာ မတွေ့ရဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ကျင်းပပြီးစီးသွားတဲ့ ကြံ့ခိုင်ရေးပါတီ သတင်း၊ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပေါ်စနာရဲ့ သတင်းလို သတင်းကြီးတွေတောင် မပါဘူးလို့ ဝေဖန်နေကြပါတယ်။

လက်ရှိ နေ့စဉ်သတင်းစာ ထုတ်ဝေမှုမှာ စစ်တပ်ပိုင် မြ၀တီ သတင်းစာဟာ ပြီးခဲ့တဲ့နှစ်က ရောင်စုံသတင်းစာအဖြစ် ပထမ ဦးဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး အခု မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကတော့ ဒုတိယနဲ့ တတိယ သတင်းစာ ဖြစ်ပါတယ်။

ဒီလို ရောင်စုံသတင်းစာ ထုတ်ဝေနိုင်ဖို့အတွက် မြန်မာတိုင်းမ်ဂျာနယ်အပါအ၀င် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း အတွေ့အကြုံရှိတဲ့ ပုဂ္ဂလိက ဂျာနယ်တိုက်တွေရဲ့ အကူအညီကို ရယူခဲ့ကြောင်း သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်း အထွေထွေ မန်နေဂျာ ဦးရဲနိုင်က ဒီဗွီဘီကို ပြောပါတယ်။

By DVB TV News

No comments:

Post a Comment