Thursday 18 October 2012

မာလာလာကို ပစ်ခတ် တိုက်ခိုက်ခဲ့မှု အတွက် ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား


ပါကစ္စတန် ကျောင်းသူကလေး မာလာလာ ယူဆွပ်(ဖ)ဇိုင်းတာလီဘန် ဆန့်ကျင်ရေး ဘလော့(ဂ) ရေးသားသူ သတ္တိပြောင်သော အသက် ၁၄ နှစ်အရွယ် ပါကစ္စတန် ကျောင်းသူ ကလေး မာလာလာယူဆွပ်(ဖ)ဇိုင်းကို အစ္စလာမ် အစွန်းရောက် ဝါဒီများက
ပစ်ခတ် တိုက်ခိုက်ခဲ့မှု အတွက် ကန့်ကွက်သူ ရာပေါင်းများစွာသည် မင်ဂိုရာ လမ်းများပေါ်တွင် စနေနေ့က စုရုံးဆန္ဒပြခဲ့ကြသည်။

ကန့်ကွက် ဆန္ဒပြသူများက တိုက်ခိုက်သူများကို အမြန်ဆုံး ဖမ်းဆီး၍ စံပြပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့ကြ သည်။ ဆန္ဒပြပွဲကို Swat Peace Jirga ငြိမ်းချမ်းရေး အဖွဲ့က ပြီးခဲ့သည့်နှစ်ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် စည်းရုံး လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

မာလာလာ တိုက်ခိုက်မှုကို နိုင်ငံတွင်းနှင့် နိုင်ငံတကာ အဆင့်များတွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ ကျေနပ်ကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့ကြပြီး မာလာလာကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုအား မထိန်းချုပ်နိုင်ခဲ့ခြင်း အတွက် ပါကစ္စတန် အစိုးရကိုလည်း ဝေဖန် ပြောကြားခဲ့သည်။ ထိုသို့ သေကြောင်းကြံမှုကို သူရဲဘောကြောင် သည့် လုပ်ရပ်အဖြစ် ဆန္ဒပြသူများက ရှုတ်ချပြစ်တင် ခဲ့ကြသည်။

ပက်ရှဝါ ပြည်နယ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များသည် ၃ ရက် ဆက်တိုက် စုရုံးဆန္ဒပြခဲ့ကြပြီး မာလာလာ နှင့် အခြား ကျောင်းသူများအပေါ် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြသည်။ စခန်းချ ဆန္ဒပြပွဲတွင် ပါဝင်သူ များက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ မီဒီယာသမားများနှင့် အန်ဂျီအို လုပ်သားများအပေါ် ခြိမ်းခြောက်မှုများကို အသိပေး ပြောကြားကြမည် ဖြစ်ပြီး မရပါက ဖယ်ဒရယ် အစိုးရနှင့် စစ်ဘက်အရာရှိများသို့ ဆက်သွယ် ပြောကြားကာ မရပါက နိုင်ငံတကာ အသိုင်းအဝိုင်းသို့လည်း ဆက်လက် တင်ပြ အသိပေးသွား မည် ဖြစ်ကြောင်း ပြောသည်။

ဆန္ဒပြသူများ စခန်းချရာနေရာသို့ နိုင်ငံရေး လှုပ်ရှားသူများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ ရှေ့နေများနှင့် အလုပ်သမား ကိုယ်စားလှယ်များ လာရောက်ပြီး ဒဏ်ရာရ ကျောင်းသူများအပေါ် စာနာကြောင်း ပြသခဲ့ ကြသည်။ ဆန္ဒပြသူများက ဒဏ်ရာရ ကျောင်းသူများကို အခမဲ့ကုသပေးရန်နှင့် လူထုကို အကာအကွယ် ပေးရန် တောင်းဆိုခဲ့ကြသည်။

မာလာလာနှင့် အတန်းဖော်များမှာ ကျောင်းကားကို ရပ်ခိုင်းကာ သေနတ်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှုကို အင်္ဂါနေ့က ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဗုဒ္ဓဟူးနေ့ မနက်တွင် ၃ နာရီကြာ ခွဲစိတ်ပြီး သူ့လည်ပင်း တွင် စူးဝင်နေသော ကျည်ဆံကို ဆရာဝန်များ က ဖယ်ရှားပစ်ခဲ့သည်။

ပါကစ္စတန် တာလီဘန်များက သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြီး မာလာလာ၏ တာလီဘန် ဆန့်ကျင် ရေး ဘလော့(ဂ)ကြောင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မာလာလာ၏ အွန်လိုင်းပေါ်တွင် ရေးသားမှုများကြောင့် ပြီးခဲ့ သည့် နိုဝင်ဘာတွင် ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အမျိုးသား ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံခဲ့ရသည်။ ထိုဆုကို နှစ်စဉ်နှစ်တိုင်း အသက် ၁၈ နှစ်အောက် ကလေးများ ကို ငြိမ်းချမ်းရေး နှင့် ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များ အတွက် ပေးလေ့ ရှိသည်။

ယူအေအီး(United Arab Emirates) နိုင်ငံသည် မာလာလာကို ဆေးဆက်လက် ကုသပေးရေး အတွက် ပါကစ္စတန် မှ လေယာဉ်ဖြင့် ခေါ်ဆောင်ရန် အသင့်ရှိကြောင်း ဒူဘိုင်းမှ အစိုးရထိပ်တန်း အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ သည်။ ပါကစ္စတန် စစ်ဘက်မှာမူ မာလာလာ၏ အခြေအနေမှာ ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာနေကြောင်း၊ သို့သော် စိတ်ချရသည့် အနေအထားသို့ မရောက်ရှိသေးကြောင်း ပြောသည်။ နောက်ဆုံး ကြားသိရသည့် ဘီဘီစီ သတင်းအရ ယူအေအီး၏ အစီအစဉ်ဖြင့် မာလာလာကို ဆေးအဖွဲ့တစ်ဖွဲ့ နှင့်အတူ လူနာတင် လေယာဉ်ဖြင့် တင်ဆောင်ကာ ဗြိတိန်နိုင်ငံသို့ ဆက်လက် ဆေးကုသမှု ခံယူရန် ပေးပို့ လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

Ref: CNN, daun.com, AFP, BBC

By Myanmar Independent News Journal

No comments:

Post a Comment