Tuesday 4 September 2012

အင်္ဂလိပ်ဘာသာစကားသင်ကြားရေး ရုပ်မြင်သံကြားအစီအစဉ် MRTV-4 နှင့် For Edu ရုပ်သံလိုင်းများတွင်ပြသမည်။

ဗြိတိသျှကောင်စီနှင့် ဘီဘီစီပါရှင်း ဘာသာဌာနတို့ ပူးတွဲပြုစု၍ ရိုက်ကူးထုတ်လုပ်ထားသည့် Word on the Street ဟု အမည်ရှိ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး ရုပ်မြင်သံကြား အစီအစဉ်တစ်ခုကို MRTV-4 နှင့် For Edu ရုပ်သံလိုင်းများမှ
ယခုနှစ်မကုန်မီတွင် ပြသမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အစီအစဉ်တွင် နေ့စဉ်သုံး အင်္ဂလိပ်ဘာသာစကား အသုံးပြုပုံကို လေ့လာနိုင်မည်ဖြစ်ပြီး ဗြိတိသျှ လူငယ်ယဉ်ကျေးမှု၏ တက်ကြွသော အပိုင်းကဏ္ဍများကို တင်ပြထားသည်။ သင်ခန်းစာတစ်ခုစီကို အင်္ဂလန်နိုင်ငံအတွင်း မတူညီသော နေရာများတွင် ရိုက်ကူးထားပြီး သင်ယူသူများ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုများ တိုးတက်ကောင်းမွန်စေရေး အထောက်အကူပြုရန် ဇာတ်လမ်းတို၊ တွေ့ဆုံမေးမြန်းခန်းများနှင့် သတင်းအစီရင်ခံခြင်း ပုံစံများကို ပေါင်းစပ်လျက် မဂ္ဂဇင်းပုံစံကို အသုံးပြုထားကြောင်း သိရသည်။ သင်ခန်းစာတစ်ခုလျှင် နာရီဝက်ကြာမြင့်ပြီး သင်ခန်းစာ ၁၀ ခု ပါဝင်သည့် အဆိုပါ အစီအစဉ်ကို ပြသရန် ဗြိတိသျှကောင်စီနှင့် MRTV-4 တို့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုလည်း သြဂုတ်လ ၃၀ ရက်က ဗြိတိသျှကောင်စီ၌ ကျင်းပပြုလုပ်ခဲ့ပြီး အမြန်ဆုံးပြသနိုင်ရန် စီစဉ်နေကြောင်း ဗြိတိသျှကောင်စီ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Word on the Street သည် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုအားဖြင့် အင်္ဂလိပ် ဘာသာစကားကို နှစ်အတန်ကြာ သင်ကြားပြီး ဖြစ်သော်လည်း နေ့စဉ် ဘဝတွင် အသုံးချပုံနှင့် ထိတွေ့မှုနည်းပါးသူ အလယ်အလတ် အဆင့် (Intermediate Level) ရောက်ရှိသည်အထိ လေ့လာပြီးဖြစ်သော လူငယ်များနှင့် အသင့်လျော်ဆုံး ဖြစ်သကဲ့သို့ မျက်မှောက်ခေတ် ဗြိတိသျှ ယဉ်ကျေးမှုကို စိတ်ပါဝင်စားပြီး လေ့လာလိုသူများအတွက်လည်း သင့်လျော်ကြောင်း သိရသည်။ ပြသမည့် အစီအစဉ် အသေးစိတ်ကို မပြသမီတွင် ဗြိတိသျှကောင်စီ၏ Myanmar Network (www.myanmar-network.net) နှင့် MRTV-4 တို့တွင် ကြိုတင်ကြေညာသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar

No comments:

Post a Comment