Tuesday 4 September 2012

ဒုက္ခပေးနိုင်သည့် လိပ်ခေါင်း (ဘယ်လို ကုသမလဲ)


ဆရာရှင့်
ကျွန်မတွင် လိပ်ခေါင်းဝေဒနာခံစား
နေရပါသည်။ လိပ်ခေါင်းရောဂါအကြောင်း
ကို သိချင်ပါသည်။ကျွန်မလိပ်ခေါင်းသည်
1cm ခန့်ရှည်ထွက်နေပါသည်။ ပထမတွင်
 ဆရာဝန်နှင့်ပြရာ မသက်သာပါ။



ကျွန်မသည် နိုင်ငံရပ်ခြားတွင် ရောက်နေသောကြောင့် ဆရာဝန်နှင့် ဆွေးနွေးရန်
ခက်ခဲပါသည်။

အသိမိတ်ဆွေများပြောသောကြောင့် ယခုကျွန်မသည် မှန်ချိုလိပ်ခေါင်းပျောက်ဆေးကို နေ့တိုင်းသောက်နေရပါသည်။

တခါတရံတွင် ဆေးသောက်နေသည့်ကြားက၀မ်းသွားလျှင်နာပါသည်။ မြန်မာဆေးကို နှစ်ရှည်လ
များကြာအောင် စွဲမသောက်ချင်ပါ။အင်္ဂလိပ်ဆေးသည် ဖြတ်ပစ်မှ ပျောက်သည်လို့ သိရပါသည်။
 လွန်ခဲ့သော ၄ နှစ်က ကလေးတစ်ကြိမ်ရိုးရိုးမွေးဖူးပါသည်။
ကျွန်မသိချင်သည်မှာ ဖြတ်ပစ်ဖို့လို မလိုနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် သောက်နေသောဆေးများက ကိုယ်ဝန်ကို သက်ရောက်မှုရှိမရှိကို သိချင်ပါသည်။

ကျေးဇူးပြုပြီး အမြန်ပြန်ကြားပေးပါရန် နှင့်
facebook တွင် နာမည်မဖော်ပြရန် မေတ်တာရပ်ခံပါသည်။

လေးစားစွာဖြင့် -
----------------------------------------------------------------------
ဒုက္ခပေးနိုင်သည့် လိပ်ခေါင်း

ဝမ်းပျက် ၀မ်းလျှော ရောဂါသည် အစားအသောက်မှားလျှင် ဖြစ်လွယ်သည်။ ၀မ်းကိုက်ရောဂါသည်လည်း အလားတူပင် ဖြစ်သည်။ ခြင်ကိုက်ခံရရာမှ တဆင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ရောဂါတို့ ဖြစ်နိုင်သည်။
ကင်ဆာရောဂါသည် အသက်အရွယ်မရွေး လူတို့အား အန္တရာယ်ပြုနေသည်။
အူအတက်ရောင်၍ ခွဲစိတ်ရခြင်းသည် ဖြစ်ပွားမှု နည်းသော်လည်း အချိန်မရွေး ဖြစ်နိုင်သည်။ သူငယ်ချင်းတဦးမှာ ဝေးလံသောနေရာသို့ ခရီးမသွားမီ တရက်အလိုတွင် အူအတက်ရောင်ပြီး အချိန်မီ ခွဲစိတ် ကုသခဲ့ရသည်။
လူတို့အား ဒုက္ခးပးနိုင်ပြီး တွေ့ကြုံရတတ်သည့် ရောဂါများတွင် လိပ်ခေါင်း ရောဂါလည်း ပါဝင်သည်။
လိပ်ခေါင်းရောဂါကို သိရှိသူများပြီး ဖြစ်သည်။ အသံကျယ်ကျယ်ပြောလျှင် လိပ်ခေါင်း ထွက်လိမ့်မည်ဟု ဆိုတတ်သည်။

( လိပ်ခေါင်း ဘာကြောင့်ဖြစ် )
ဝမ်းချုပ်ခြင်းသည် လိပ်ခေါင်းဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အထူးသဖြင့် မကြာခဏ ၀မ်းချုပ်လေ့ရှိလျှင် လိပ်ခေါင်းဖြစ်လာနိုင်သည်။ ၀မ်းသွားသည့်အခါ ပုံမှန် မသွားဘဲ ညှစ်ပြီးမှ ၀မ်းသွားနိုင်ခြင်းမှာလည်း လိပ်ခေါင်းဖြစ်စေသည့် အချက် ဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် လိပ်ခေါင်းရောဂါ ဖြစ်နိုင်သည်။
အရက် အလွန်အကျွံ သောက်လျှင် လိပ်ခေါင်း ဖြစ်နိုင်သည်။
အသည်းရောဂါ၊ အူမကြီး ကင်ဆာ ခံစားရသူတို့၌ လိပ်ခေါင်းဝေဒနာကို ခံစားရတတ်သည်။

( လိပ်ခေါင်းဖြစ်ပုံ )
စအိုတွင်ရှိသည့် သွေးကြောထဲမှ သွေးဖိအားများသဖြင့် သွေးကြောမှာ ကြီးထွား၍ ရောင်ရမ်းလာခြင်းကို လိပ်ခေါင်းဟု ခေါ်သည်။

(ဖြစ်ပွားမှု)
အသက် ၃၀-ကျော်တွင် အဖြစ်ပိုများသည်။ အသက်ကြီးလေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်။ အမျိုးသားများတွင် ပိုမို ဖြစ်ပွားသည်ကို တွေ့ရသည်။

( ရောဂါ လက္ခဏာများ )
လိပ်ခေါင်းဖြစ်စတွင် ၀မ်းသွားသည့်အခါ သွေးစ သွေးန ပါလာခြင်း ဖြစ်သည်။ ၀မ်းသွားပြီးမှ သွေး တစက် တစက် ကျခြင်းလည်း ဖြစ်နိုင်သည်။
စအိုဝတွင်လည်း နာကျင်နိုင်သည်။ တစ်ဆို့ဆို့ ခံစားနေရသည်။
ဝမ်းသွားစဉ် အပြင်သို့ ထွက်လာပြီး ပြန်သွင်း၍ မရဘဲ ရှိနိုင်သည်။ သူ့အလိုလို ပြန်ဝင်သွားနိုင်သည်မှာ ကနဦးအစတွင် တွေ့ရသော်လည်း နောက်ပိုင်းတွင် လက်ဖြင့် ထိုးသွင်းမှသာ ပြန်ဝင်သည်။ အချို့တွင် လက်ဖြင့် ထိုးသွင်းသော်လည်း ပြန်မ၀င်ဘဲ ရောင်ရမ်း နာကျင်စေမှု ဖြစ်နိုင်သည်။

လိပ်ခေါင်းရောဂါကြောင့် ၀မ်းသွားသည့်အခါ သွေးဆုံးရှုံးမှုများသဖြင့် သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ ထိုအခါ ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်းတို့ ဖြစ်သည်။

( ကုသမှု )
အချို့ ဝေဒနာရှင်များမှာ လိပ်ခေါင်းရောဂါကို ရက်ရှည်လများ ခံစားရသော်လည်း ထူးထူးခြားခြား ဝေဒနာ မခံစားရချေ။ တခါတရံသာ ၀မ်းသွားစဉ် သွေးတစက် နှစ်စက် ကျသည်။ အလိုလို သက်သာသွားသည်။ တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ် ပြန်ပေါ်လာသည်သာ ဖြစ်သည်။ လိပ်ခေါင်းရှိသည်ဟု သိထားသော်လည်း ဆရာဝန်လည်း မပြဖြစ်၊ ဝေဒနာကိုလည်း မခံစားရဘဲ နေသွားရသည်။

အချို့မှာမူ လိပ်ခေါင်းက ဒုက္ခပေးသည်။ ၀မ်းသွားတိုင်း သွေးဆက်တိုက် ပါသည်။ အပြင်သို့ ထွက်သည့် လိပ်ခေါင်းကို အတွင်းသို့ ပြန်သွင်း၍ မရနိုင်ချေ။ ထိုအခါ ကုသမှုကို ခံယူရသည်။ လိပ်ခေါင်းရောဂါ ကုသရာတွင် လိမ်းဆေး ထည့်ခြင်း၊ ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

စီဂျူရော (Siduol) ဆေးကို နာကျင်ခြင်း၊ သွေးယိုခြင်းတို့ ပျောက်ကင်းစေရန် တနေ့ သုံးကြိမ်၊ တကြိမ် တလုံး၊ ငါးရက်မှ ခုရက်အထိ သောက်ရသည်။ Daflon ဆေးဖြင့်လည်း ကုသနိုင်သည်။ ရောဂါဖြစ်စဉ် ပိုမို ထိရောက်၍ နာတာရှည် လူနားများအတွက်လည်း အကျိုးရှိသည်။

သေနတ်ဖြင့် ရာဘာကွင်း ပစ်နည်း သုံး၍ဖြစ်စေ၊ ခွဲစိတ်၍ ဖြစ်စေ ကုသနိုင်သည်။ ယခုအခါ အပူပေး ကုသနည်း (Thermotherapy) ၊ အလင်းရောင်ပေး ကုသနည်း (Trradiation therapy) တို့ဖြင့်လည်း ကုသနိုင်သည်။

( ကုကွယ်ရေး )
လိပ်ခေါင်းရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေရန် အောက်ပါအချက်များကို ဂရုပြုသင့်ပါသည်။
(၁) ၀မ်းမချုပ်စေရန် သတိပြုပါ။ ရေများများ သောက်၍ ဟင်းသီးဟင်းရွက် အသီးအနှံများကို စားပါ။
(၂) အပူအစပ် အစားအစာများ၊ အစာမကြေလွယ်သည့် အစားအစာများကို ရှောင်ကြဉ်ပါ။
(၃) ကြာရှည် မတ်တတ်ရပ်ခြင်း၊ အညောင်းထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
(၄) ၀မ်းချုပ်သဖြင့် ၀မ်းနုတ်ဆေး သောက်လိုလျှင် ၀မ်းနုတ်ဆေး အပြင်စားကို မသောက်ဘဲ လစ်ကွစ် ပါရာဖင် (Liquid Puraffin) ကဲ့သို့ ၀မ်းနုတ်ဆေး အပျော့စားကို သောက်ပါ။
(၅) ၀မ်းနုတ်ဆေး ပုံမှန်သောက်သည့် အလေ့အကျင့်ကို ဖျောက်ပါ။

လိပ်ခေါင်းရောဂါသည် ကာလကြာရှည်စွာရှိနေသည့် နေထိုင်စားသောက်မှု ပုံစံမှ တဆင့် ဖြစ်ပွားလာသည်ဖြစ်၍ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် အစားအသောက်၊ အနေအထိုင်၊ လူနေမှု ပုံစံတို့ကို ဂရုပြု ရှောင်ကြဉ်ခြင်းဖြင့် လိပ်ခေါင်း အန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။

( ဒေါက်တာ အောင်သန်း)
( အပျိုစင်-၂၀၀၈-ခု စက်တင်ဘာလ)

Shared by thettantcho

ရွှေမြန်မာ

No comments:

Post a Comment