Tuesday 4 September 2012

သင့်မှတ်ဉာဏ် မပျောက်ပျက်ဖို့အရေး သွားကျန်းမာရေး ဂရုစိုက်ပေး


ဘတ်ဂျက်ချွေတာဖို့အတွက် တဆစ်ဆစ်ကိုက်နေတဲ့ သွားကို လျစ်လျူရှုတော့မှာလား။ ညအိပ်ချင်လွန်းလို့ သွားမတိုက်ပဲ အိပ်ရာ ဝင်တော့မှာလား။ ဒါဆိုရင်တော့ သင့်ဦးနှောက်ကို ဂရုမစိုက်ပဲ ပစ်ထားလိုက်တာနဲ့ အတူတူပါပဲ မိတ်ဆွေ။


မှတ်ဉာဏ်နဲ့ သွားကျန်းမာရေး

၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ တောင်ပိုင်းကာလီဖိုးနီးယား တက္ကသိုလ်နဲ့ ကာလီဖိုးနီးယားမှာရှိတဲ့ အခြားတက္ကသိုလ်တွေဟာ နှစ်ပေါင်းများစွာကြာအောင် သွားနဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက သွားကျန်းမာရေးဆိုင်ရာ ပြဿနာမရှိတဲ့သူတွေချည်းပဲ ရွေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ သုတေသနစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာတမ်းကို အမေရိကန် မိသားစု ဆေးသိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပြီး သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာပေါင်းများစွာ ဖော်ပြခဲ့ပါတယ်။

တစ်ရက်ကို သုံးကြိမ် သွားတိုက်ခြင်းဟာ အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ နာကျင်စေတဲ့ ကုသမှုတွေနဲ့ ငွေကြေးအကုန်အကျများတဲ့ ကုသမှုမျိုးတွေ လုပ်ဖို့ မလိုဘူးလို့လည်း ဆိုပါတယ်။ အမျိုးသမီးတွေမှာ ပုံမှန်သွားမတိုက်ပေးဘူးဆိုရင် သွားရောဂါဖြစ်ပွားနိုင်ချေ ၆၅% ပိုများတယ်လို့ စာတမ်းမှာ ဆက်လက် ဖော်ပြထားပါတယ်။

သွားရောဂါ အန္တရာယ် ကျဆင်းစေဖို့

ဒါပေမယ့် နောက်ပိုင်း လေ့လာမှုတွေအရ သွားတိုက်နေရုံနဲ့တင် သွားကို ကျန်းမာစေဖို့ မလုံလောက်သေးဘူးလို့ တွေ့ရှိရပါတယ်။ သွားသာမက သွားဖုံးတွေကိုပါ ဂရုစိုက်တတ်တဲ့ အမျိုးသမီးတွေဟာ သွားရောဂါ ဖြစ်ပွားနိုင်ချေ အလွန်နည်းတယ်လို့ ဆရာဝန်တွေက ထောက်ခံချက်ပေးကြပါတယ်။ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ် သွားဆရာဝန်နဲ့ စစ်ဆေးမှု မပြုတဲ့ သူတွေဟာ တစ်နှစ်မှာ နှစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးတဲ့သူထက် ၈၉% လောက် သွားရောဂါ ဖြစ်ပွားနိုင်ချေ ပိုများပါတယ်။


ပုံမှန် သွားတိုက်တာ၊ သွားကျန်းမာရေး စစ်ဆေးတာတွေဟာ သွားရောဂါ ဖြစ်ပွားနိုင်ချေတွေကို ကျဆင်းနိုင်စေပေမယ့် တခြား နေထိုင်စားသောက်မှု ပုံစံတွေကလည်း သွားကျန်းမာရေးကို အများကြီး ပြောင်းလဲစေနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေ အပြင် သုတေသန ပညာရှင်တွေဟာ သွားမှာ ပေါက်တဲ့ အနာနဲ့ ဘက်တီးရီးယား ပိုးတွေကနေ လူတွေရဲ့ မှတ်ဉာဏ်တွေကို ထိခိုက်ဆိုတယ်ဆိုတဲ့ အချက်ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် အယ်ဇိုင်းမား ရောဂါဖြစ်ပွားသူတွေမှာ ဒီဘက်တီးရီးယားပိုးတွေ အများအပြား တွေ့ရှိရတယ်လို့ သုတေသန အချက်အလက်တွေက ဖော်ပြထားပါတယ်။

တချို့လေ့လာချက်တွေမှာ ဒီရောဂါနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ဆက်လက် ရှာဖွေဖို့ လိုအပ်နေသေးပါတယ်။ ဒီလေ့လာမှုတွေကို ဦးဆောင်ခဲ့သူ Paganini-Hill ကတော့ သွားကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် သင့်ရဲ့ ဦးနှောက်ကိုလည်း ကာကွယ်နိုင်ပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Hollinaz

By Delo Delo

No comments:

Post a Comment