
နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၈၀ ကျော်မှ ပူးပေါင်းပါဝင်ထားသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ဦးတည်လုပ်ကိုင်သွားမည်ဟု ကုမ္ပဏီမှ အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးက ပြောသည်။ အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဇော်မင်းဦး၏ အဆိုအရ အများပိုင်ကုမ္ပဏီ စတင်တည်ထောင်သူများ၏ အနိမ့်ဆုံးရှယ်ယာ ပိုင်ဆိုင်မှုသည် ကျပ်သိန်း ၁၀၀ ဖြစ်ပြီး အမြင့်ဆုံးရှယ်ယာ ပိုင်ဆိုင်မှုသည် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း ကုမ္ပဏီ၏ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံငွေမှာ ကျပ်သိန်းတစ်သောင်းခွဲ ဝန်းကျင်ခန့်ရှိပြီး စတင်တည်ထောင်သူ အရေအတွက် ၈၅ ယောက်ခန့်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီနယ်ပယ်ထဲက လုပ်ငန်းရှင်တွေကိုပဲ ဖိတ်ခေါ်ပြီး လုပ်ခဲ့ကြတာပါ။ ရှေ့တစ်ပတ်ထဲမှာဆိုရင် ကျွန်တောတို့ အများပိုင်ကုမ္ပဏီ စလျှောက်ပါမယ်။ လုပ်ငန်းစပြီးပြနိုင်တဲ့ အချိန်ဆိုရင်တော့ ရှယ်ယာတွေကို အများပြည်သူဆီ ရောင်းချပေးသွားမှာပါ။ ရှယ်ယာ တစ်စုရဲ့ ဈေးနှုန်းဆိုတာကိုတော့ မသတ်မှတ် ရသေးပါဘူး။ အများပြည်သူ ပါဝင်နိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့ စဉ်းစားသွားမှာပါ” ဟု ဦးဇော်မင်းဦးက ပြောသည်။ အများပိုင်ကုမ္ပဏီ၏ BOD အဖွဲ့ကို ယခုလ ၃၀ ရက်နေ့၌ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာ ရောင်းချခြင်းနှင့် လုပ်ငန်းစတင် လုပ်ကိုင်နိုင်ခြင်းတို့ကို မကြာခင်ကာလ၌ လုပ်ကိုင်သွားနိုင်ရန် မျှော်မှန်းထားရှိသည်ဟု သိရသည်။ စတင်တည်ထောင်သူများ၏ ရှယ်ယာပိုင်ဆိုင်မှု ပမာဏကို ကန့်သတ်ခေါ်ဆိုထားခြင်းနှင့် ပတ်သက်၍ ဦးဇော်မင်းဦးက “ကျွန်တော်တို့အနေနဲ့ အနည်းဆုံး ဘယ်လောက်ထည့် ဆိုတာမျိုးကို နိမ့်ခေါ်ထားတယ် ဆိုတာက အကုန်စုပေါင်းလုပ်ထားတဲ့ လုပ်ငန်းလည်းဖြစ်တယ်။ ငွေကြေးအင်အား အများကြီးနဲ့ဝင်ပြီး လုပ်ချင်တာ လုပ်တာမျိုးလည်း မဖြစ်စေချင်ဘူး။ ကျွန်တော်တို့က တတ်ထားတဲ့ပညာနဲ့ အခြေခံပြီးလုပ်တာ။ အားလုံးကို ပူးပေါင်းပါဝင်လာစေချင်တဲ့ သဘောမျိုးပါ” ဟု ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
By Khitluunge
No comments:
Post a Comment