Friday 21 September 2012

iPhone 5 ရောင်းချခွင့် ပိတ်ပင်အောင် ကြိုးစားနေသည့် Samsung


Written by မီးမောင်

မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် တရားရုံး စာရွက်စာတမ်းများအရ ကိုရီးယား ဆက်သွယ်ရေးကုမ္ပဏီ Samsung သည် Apple ၏
ထုတ်ကုန်သစ် iPhone 5 က ၎င်းတို့၏ ကြိုးမဲ့ဆက်သွယ်မှုဆိုင်ရာ ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်ထားသည်ဟု စွပ်စွဲကာ iPhone 5 ရောင်းချမှုအား တားဝရမ်းထုတ် ပိတ်ပင်နိုင်အောင် ကြိုးစားနေကြောင်း သိရှိရသည်။ ရိုက်တာ သတင်းဌာနက တွေ့ရှိခဲ့သော အမေရိကန် တရားရေးဌာနသို့ ဦးတိုက် လျှောက်ထားလွှာအရ Samsung သည် မနက်ဖြန် (စက်တင်ဘာလ ၂၁ ရက်နေ့) တွင် အရောင်းဆိုင်များပေါ် ရောက်ရှိလာတော့မည့် Apple ၏ ထုတ်ကုန်သစ် ရောင်းချမှုကို ဆိုင်းငံ့စေရန် ရည်ရွယ်ကြောင်း တွေ့ရှိရသည်။

Samsung ၏ အဆိုပါ လျှောက်ထားလွှာတွင် ၎င်းတို့အနေဖြင့် မကြာမီ ကာလအတွင်း ၎င်းတို့၏ မူပိုင်ခွင့် ချိုးဖောက်ခံရမှု တိုင်တန်းလွှာတွင် iPhone 5 ကို ထပ်မံ ထည့်သွင်း တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရရှိထားသည့် အချက်အလက် များအရ iPhone 5 သည် ၎င်းတို့က ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်ထားသည်ဟု တိုင်တန်းထားသော နည်းပညာတစ်ခုကို ယခင် iPhone များနည်းတူ ဆက်လက် အသုံးပြုထားသည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

Samsung ၏ သတင်းထုတ်ပြန်မှုတွင် Apple အနေဖြင့် ယင်း၏ ထစ်ခနဲဆို တရားတပေါင် ဖြစ်လိုသော အမူအကျင့်ကို မပြောင်းသရွေ့ အမှုအခင်းများက ရှောင်၍ ရမည် မဟုတ်ကြောင်း၊ Apple အနေဖြင့် ဈေးကွက် ပြိုင်ဆိုင်မှုကို ကန့်သတ်ရေးအတွက် ရန်လိုမှု သက်သက်ဖြင့် ဥပဒေကို ဆက်လက် အသုံးချနေကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် Samsung အနေဖြင့်လည်း မိမိတို့၏ တီထွင် ဖန်တီးမှုနှင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်များအား ကာကွယ်ရန်အတွက် အခြား ရွေးချယ်စရာ မရှိဘဲ ဥပဒေအရ လိုအပ်သည့် ဆောင်ရွက်မှုများကိုသာ ပြုလုပ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ အချိန်တွင်မူ အမေရိကန် တရားရုံး၌ တရားရင်ဆိုင်မှု မှတ်တမ်းများအရ Samsung သည် အခြေအနေ မလှဘဲ ဖြစ်ကြောင်း တွေ့ရသည်။ Apple အနေဖြင့် တစ်စုံတစ်ရာ ဆုံးရှုံး ပေးလျှော်ရမှု မရှိသေးဘဲ Samsung ကသာ Apple ၏ မူပိုင်ခွင့်များနှင့် ဒီဇိုင်း များကို ချိုးဖောက် ကူးယူသည်ဟု ဆုံးဖြတ်ခံရပြီး ဒဏ်ငွေ ဒေါ်လာ ၁ ဘီလီယံ ပေးလျှော်ခဲ့ရသည်။

သို့သော်လည်း Samsung အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ရန် ကြိုးစားဆဲ ဖြစ်ပြီး LTE နည်းပညာ အပါအဝင် Apple မှ ချိုးဖောက်ထားနိုင်ဖွယ် ရှိသော မူပိုင်ခွင့်များကို အထူး အာရုံစိုက်နေခဲ့သည်။ တရားရုံး၏ တားဝရမ်းသည် ပဏာမ အမိန့်ပင် ဖြစ်စေကာမူ Apple ၏ အဓိက ရောင်းအားကို သိသိသာသာ သက်ရောက်မှု ရှိနိုင်ပေသည်။ Apple အနေဖြင့် iPhone 5 အား ထုတ်ဖော် ကြေငြာခဲ့ပြီးနောက် ပထမ ၂၄ နာရီအတွင်းတွင်ပင် အလုံးရေ ၂ သန်း အမှာစာ ရရှိပြီးဖြစ်ကြောင်း သိရကာ စက်တင်ဘာ လကုန်တွင် အလုံးရေ ၁၀ သန်းခန့် ရောက်ရှိမည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

By shwelone.com (ရွှေလုံး)

No comments:

Post a Comment