Friday 21 September 2012

အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် လူမြင်ကွင်းမှ ပျောက်နေခဲ့သည့် တရုတ်ဒုတိယသမ္မတတို့ တွေ့ဆုံ


အာရှခရီးစဉ် ထွက်ခွာနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာသည် နှစ်ပတ်နီးပါး ပျောက်ကွယ်နေခဲ့ပြီး လူမြင်ကွင်း ပြန်ထွက်လာခဲ့သော တရုတ်ဒုတိယသမ္မတရှီကျင်းပင်နှင့်
စက်တင်ဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှီကျင်းပင်မှာ အလွန်ကျန်းမာနေပြီး စိတ်ထက်သန်နေပုံပေါက်ကြောင်း ပန်နက်တာက ရှီကျင်းပင် အခြေအနေကို ပြောကြားခဲ့ပြီး ဆွေးနွေးချိန် ၄၅ မိနစ်ထက် ကျော်လွန်ကာ တစ်နာရီကျော်အထိ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကျန်း မာရေး အခြေအနေမကောင်းဟု ကောလာဟလများ ထွက်ခဲ့သော ရှီကျင်းပင်သည် ပေကျင်းရှိ ပြည်သူ့ခန်းမတွင် ပန်နက်တာကို လက်ခံတွေ့ဆုံစဉ် ပေါ့ပေါ့ပါးပါးရှိကြောင်းလည်း သိရသည်။

ပစိဖိတ်ဒေသတွင် အမေရိကန် ရေတပ်အင်အားတိုးမြှင့်ချထားမည့် မဟာဗျူဟာမှာ တရုတ်သြဇာကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း ပန်နက်တာက ပေကျင်းကို ထပ်မံအာမခံခဲ့သည်။ တရုတ်၏စစ်ရေးနှင့် စီးပွားရေး ကြီးထွားလာမှုကို စိုးရိမ်သော အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရက အာရှ-ပစိဖိတ်ဒေသတွင် ပြန်လည်အာရုံစိုက်မည်ဟု ၂၀၁၁ ခုနှစ်တွင် ကြေညာခဲ့ပြီးဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသတွင် အင်အားချိန်ခွင်လျှာညီမျှရန် ကြိုးပမ်းမှုမှာ တရုတ်ကို ထိန်းချုပ်ရန်မဟုတ်ဘဲ တရုတ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုသာဖြစ်ပြီး ပစိဖိတ်ဒေသတွင် အမေရိကန်အခန်းကဏ္ဍ တိုးမြှင့်ရန်ဖြစ်ကြောင်း ပန်နက်တာက ပြောကြားခဲ့သည်။ ပစိဖိတ်အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပုံစံသစ်ဖန်တီးခြင်းဖြစ်ကြောင်း ပေကျင်းရှိ သံချပ်ကာတပ် အင်ဂျင်နီယာအကယ်ဒမီ၌ ပန်နက်တာက ပြောကြားခဲ့သည်။

ပန်နက်တာသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေဖြင့် ပေကျင်းသို့ သုံးရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်မှာ ပေကျင်းနှင့် တရုတ်အကြား အငြင်းပွားကျွန်းစုအတွက် တင်းမာမှု မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သည်။ ပန်နက်တာသည် ဂျပန်၊ တရုတ်နှင့် နယူးဇီလန်သို့ သွားရောက်မည်ဖြစ်သည်။

နှစ်နိုင်ငံ အငြင်းပွားမှုပြဿနာများကို အင်အားသုံးဖြေရှင်းခြင်း၊ ခြိမ်းခြောက်ခြင်းတို့ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ထိန်းသိမ်းဖြေရှင်းကြရန် ပန်နက်တာက တိုက်တွန်းခဲ့သည်။ အမေရိကန်မူဝါဒမှာ လွတ်လပ်စွာ သွားလာခွင့်၊ ကူးသန်းသွားလာခွင့်၊ ဥပဒေစိုး မိုးမှု၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်၊ မြေပြင်၊ ဝေဟင်၊ အာကာသတို့တွင် လွတ်လပ်စွာ သွားလာခွင့်စသည့် အခြေခံစည်းမျဉ်းများအပေါ် အခြေခံထားကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲက ပြောကြားခဲ့သည်။

ပစိဖိတ် အနောက်ဘက်ရေပိုင်နက်တွင် လွတ်လပ်စွာ သွားလာခွင့်အတွက် အမေရိကန်နှင့်တရုတ်အကြား သဘောကွဲလွဲနေသည်။ ပေကျင်းက တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment