Friday 21 September 2012

နိုင်ငံရေးသမား ၁၇ ယောက် ချင်းမိုင်မှာ သင်တန်းတက်


မြန်မာပြည်က နိုင်ငံရေးသမားအများအပြား ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာသင်တန်း တက်နေကြပါတယ်။
နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၇ ဦး ဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီသင်တန်းက  တနင်္လာနေ့ကတည်းက အစပြုတာပါ။

ဗဟုအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်နိုင်ဦးက “အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့က သူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရောပေါ့၊ အခု သူတို့ ဒီမှာ တပတ်ကျော်လောက် ဆွေးနွေးပို့ချမှာပါ” လို့   ဧရာဝတီကို ပြောပါတယ်။

ချင်းမိုင်မြို့တော်ဝန်ရုံး အပါအ၀င် ချင်းမိုင်တခွင် အစိုးရရုံးများမှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာတွေလေ့လာမယ်၊ ဘန်ကောက်က လွှတ်တော်ကိုလည်း သွားလေ့လာမယ်လို့ ဆိုပါတယ်။

“ဘန်ကောက်မှာလည်း အဂိတိလိုက်စားမှု တိုက်ဖျက်ရေးဌာနတို့ မြို့တော် စည်ပင်ဒါမျိုးတွေလည်း လေ့လာသွားကြမယ့် အစီအစဉ်တွေပါဝင်ပါတယ်” လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

သင်တန်းမှာ ရွေးကောက်ပွဲများဆိုင်ရာ ဘာသာရပ်၊ မီဒီယာ၊ လွှတ်တော်အမတ်များနှင့်သက်ဆိုင်သည့် မူဝါဒရေးရာ၊ သုတေသန ဌာနများ၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေး
အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာ လုပ်ငန်းလည်ပတ်ပုံများကိုလည်း လေ့လာကြမှာပါ။
ဒီမိုကရေစီ စနစ်တည်ဆောက်ရာမှာ  ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်က အရေးပါတဲ့  အခန်းကဏ္ဍက ပါဝင်တာကြောင့် ဒီလို  သင်တန်းပို့ချခြင်းဖြစ်တယ်၊ ဒါဟာ ဒုတိယမြောက်သင်တန်းဖြစ်တယ်လို့ ဆိုပါတယ်။

 သြဂုတ်လ ပထမသင်တန်းမှာတော့ နိုင်ငံရေးသမား ၂၂ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်သူ့ပါတီ ဗဟိုကော်မတီဝင်  ဦး Dixon ထွန်းလင်းက ဒီ သင်တန်းအတွေ့အကြုံများကို ပါတီတွင်း ပြန်လည်မျှဝေသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။



ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဦးစောငြိမ်းက ဒီ သင်တန်းတက်ရောက်ခြင်း၊ လေ့လာရေး ခရီး ရောက်ရှိလာခြင်းဟာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးဆက်တခုဖြစ်တယ်လို့ ယူဆတယ်၊ မူဝါဒများချမှတ်ဆောင်ရွက်ရာမှာ အထောက်ကူဖြစ်မယ့် ဗဟုသုတတွေ ဒီသင်တန်းက ရမယ်လို့ မျှော်လင့်ပါတယ် တဲ့။

“ကျနော်တို့ အနေနဲ့ အစိုးရနဲ့ ပြည်သူတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အများကြီး အကူအညီတွေပေးလို့ ရတာပေါ့” လို့ သူက ဆိုပါတယ်။

ကရင်ပြည်သူ့ပါတီက တွဲဖက် အထွေထွေ အတွင်းရေးမှူး စောမိုးမြင့်ကလည်း ပြုပြင်ပြောင်းလဲရေးအကြောင်း ပြောပါတယ်။
“အရင်က ဒီလိုမျိုးမှ လာလို့ မရဘဲကိုး၊ အခုဟာက လာလို့ ရတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်လေ ပွင့်လင်းမြင်သာတဲ့ ထင်သာ မြင်သာမှုရှိလာလို့ အများကြီး ကောင်းပါတယ်၊ ပြုပြင်ပြောင်းလဲရေးကိုလည်း ဒီထက်ပိုပြီး အရှိန်အဟုန်မြန်ရင် ပိုကောင်းတာ ပေါ့၊ အခုဟာက နည်းနည်းလေးတော့ အားမရဘူးလေ၊ နှေးနေတယ် ထင်တယ်လေ” လို့ ပြောပြပါတယ်။

By Irrawaddy

No comments:

Post a Comment