Wednesday 26 September 2012

လာမည့် နွေတွင် ဖယောင်းတိုင် မီးထွန်း၍ ဆန္ဒထုတ်ဖော်ရန် မလိုတော့ဟု လျှပ်စစ်ဝန်ကြီးပြောကြား


ပြီးခဲ့သည့် နွေရာသီက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ပြည်သူများ ဆန္ဒဖော်ထုတ်ခဲ့သော ရန်ကုန်မြို့တော်၌ လာမည့်နွေရာသီတွင်မူ ထိုကဲ့သို့သော အဖြစ်မျိုး ထပ်မံမဖြစ်ပေါ်ရန် ယခုကတည်းက ကြိုတင်စီစဉ်ထားကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကား လေးနေရာတွင် မဂ္ဂါဝပ် ၅၀ စီရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများကို ပုဂ္ဂလိကမှ တည်ထောင်လုပ်ကိုင်ခြင်းဖြင့် ရန်ကုန်မြို့တော်အတွက် မဂ္ဂါဝပ် ၂၀၀ ခန့် ထောက်ပံ့နိုင်မည် ဖြစ်သည်။ ထို့အပြင် ရှိပြီးသား မဂ္ဂါဝပ် ၃၀၀ ခန့်နှင့် နယ်က ဝင်ရောက်လာမည့် ဓာတ်အားများနှင့် ပေါင်းပါက ယခင်နှစ်ကကဲ့သို့ အကျဉ်းတန်သည့်အဖြစ်မျိုး မဖြစ်နိုင်တော့ကြောင်း အဆိုပါဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ လူဦးရေ များပြားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများလည်း ဖွံ့ဖြိုးလာသည့် ရန်ကုန်မြို့တော်သည် ၂၀၀၆ ခုနှစ်က လျှပ်စစ်ဓာတ်အား ၅၅၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုခဲ့သော်လည်း ယမန်နှစ် နွေရာသီက မဂ္ဂါဝပ် ၈၅၀ ခန့်အထိ သုံးစွဲခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် မဂ္ဂါဝပ် ၁၈၅၀ ခန့်လိုအပ်ပြီး ၁၅၅၀ ခန့်သာ ဖြန့်ဖြူးပေးနိုင်သည့် အချိန်တွင် မဂ္ဂါဝပ် ၂၀၀ ခန့် ပို့လွှတ်နေသော ရွှေလီ-မန်ဆန် ဓာတ်အားလိုင်း မိုင်းခွဲခံလိုက်ရ၍ ဓာတ်အားပြတ်တောက်မှု ပြဿနာကြီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးက ရှင်းလင်း ပြောကြားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဓာတ်အားသုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိသော မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ်က မဂ္ဂါဝပ် ၁၈၅၀ ခန့် လိုအပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ မဂ္ဂါဝပ် ၂၀၀၀ အထိ လိုအပ်လာမည်ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှုပုံစံအရ ရေအားလျှပ်စစ်ကို အခြေခံပြီး အဓိက ထုတ်လုပ်နေသည့် အတွက် ရေခန်းသော နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့ကျကြောင်း၊ ယင်းအခြေအနေများကြောင့် နွေရာသီတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စသည့် ဓာတ်အားပေး စက်ရုံများဖြင့် ဖြည့်ဆည်းနိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar

No comments:

Post a Comment