Wednesday 26 September 2012

ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ကိုးဦးကို အမှုဖွင့် စစ်ဆေး


ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ကိုးဦးကို အမှုဖွင့် စစ်ဆေးပြည်တွင်း စစ်ပွဲများ ရပ်တန့်ရေး အတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြသူ ကိုးဦးကို အမှုဖွင့် စစ်ဆေးအရေးယူခြင်းနှင့် ပတ်သက်၍ စီတန်း လမ်းလျှောက်ခဲ့ကြသော လူငယ်များက ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီနှင့် ပြည်တွင်းရှိ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဟု  ကိုမိုးသွေးကပြောကြားသည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်ရှိ တံတားဖြူသို့ ချီတက်မှု ဦးဆောင်သူနှင့် ပါဝင်ခဲ့သူ ကိုးဦးကို ၎င်းတို့လမ်းလျှောက်ခဲ့ကြသော မြို့နယ် ၁၀ ခုမှ တရားစွဲဆိုထားသကဲ့သို့ အောင်ပန်းမြို့မှ ကိုဘိုဘိုဟန်၊ တောင်ကြီးမှ ကိုအောင်သူနှင့် ကိုနေမျိုး အပါအ၀င် ပြည်မြို့၌ သံဃာတော်တစ်ပါးကိုလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
“ဥပဒေကို ချိုးဖောက်ပြီးတော့ စီတန်းလှည့်လည်တဲ့အတွက် သူတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားသည်။
“ဒီအရေးယူတာက ငြိမ်းချမ်းစွာ လုပ်ဆောင်နေတဲ့သူတွေကို အရေးယူတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်လို့ အရေးယူတာဖြစ်ပါတယ်”ဟု ရဲမှူးက ဆက်လက်ပြောသည်။
ခွင့်ပြုချက် မရဘဲ လမ်းလျှောက် ဆန္ဒဖော်ထုတ် ပါက ပုဒ်မ -၁၈ ဖြင့် အရေးယူနိုင်ပြီး ပုဒ်မ -၁၈ ဖြင့် အရေးယူလျှင် အမြင့်ဆုံး တစ်နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ဒဏ်ငွေ ကျပ်သုံးသောင်းထက်မနည်း ပေးဆောင်ရမည်ဖြစ်သည်။ ဒဏ်နှစ်ရပ်လုံးဖြင့်လည်း အရေးယူနိုင်သည်။
ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို ခွင့်ပြုချက်မပေးရခြင်းမှာ လမ်းလျှောက်မည့် မြို့နယ်များခြင်း၊ လူများခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု များခြင်းတို့ကြောင့် ဖြစ်သည်ဟု ရဲမှူးမြင့်ထွေးကဆိုသည်။
၎င်းတို့ဖြတ်သန်းချီတက်ခဲ့သည့် ၁၀ မြို့နယ်မှာ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်တို့ဖြစ်သည်ဟု ဆိုသည်။
ခွင့်ပြုချက်မရဘဲ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းအတွက် အရေးယူမှုများ ဆောင်ရွက်မည်သာ မဟုတ်ဘဲ အင်းလျားကန်ဆောင်း မြက်ခင်းစပ်တွင် ထိုနေ့က စိုက်ထူခဲ့သည့် ငြိမ်းချမ်းရေးအထိမ်းအမှတ် ကျောက်တိုင်မှာလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မနေ့က စိုက်ထားခဲ့တဲ့ ကျောက်တိုင်က ဒီနေ့မနက်မှာ မရှိတော့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို အကြောင်းကြားပြီး လုပ်ဆောင်သင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါက အများပြည်သူပိုင် ပစ္စည်းတွေလည်း ဖြစ်ပါတယ်”ဟု ကိုမိုးသွေးကပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအား မေးမြန်းရာတွင် “စည်ပင်လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ရုတ်ရုတ်ရုတ်ရုတ် ဖြစ်မှာစိုးလို့ တားမြစ်တဲ့အပိုင်းကိုပဲ လုပ်တာပါ။ အဲဒီနောက်ပိုင်းကို မသိပါဘူး။ ကျောက်တိုင် ပျောက်သွားတယ်ဆိုတာကို အခုမှသိတာပါ”ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ လက်ထောက်ဌာနမှူးက 7 Day News သို့ ပြောသည်။
ဒီမိုကရေစီဖော်ဆောင်ရေး ကာလတွင် အုပ်ချုပ်ရေးအဖွဲ့များ သွေးလန့်သွားမည့် အပြုအမူများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယနေ့ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

By ရိုးရာလေး

No comments:

Post a Comment