Sunday, 30 September 2012

တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ


၁။ ဒီမိုကရေစီကို ရွာကလူတွေ သိအောင် လုပ်ပေးကြပါလို့ . . . ဆောင်းပါးတွေ လေးငါးစောင်မက ကျွန်တော်ရေးခဲ့ပါတယ်။ သဘောကတော့ သာမန်လူတွေ နားလည်အောင်
ရေးကြသားကြပြီးတော့ ဒီမိုကရေစီ အကြောင်း ဖြန့်ဖြူးဝေငှကြပါလို့ ဆိုလိုတာပါ။ ရွာကလူတွေလို့ ပြောလိုက်တော့ မြို့ကလူတွေကောလို့ မေးစရာရှိပါတယ်။ မြို့ကလူတွေလည်း သိပ်မသိကြသေးတာ သေချာပါတယ်။ နှစ်ပေါင်းငါးဆယ်လောက် စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေအောက်မှာ ပြားပြားမှောက်နေခဲ့ရတော့ အတွေးအမြင် ဆင်ခြင်မှုတွေ အမှောင်ကျခဲ့ရတယ်။ ဒါ့ကြောင့် မြို့ကလူတွေလည်း သိပ်မသိကြသေးဘူးလို့ ပြောခဲ့တာပါ။ ကောင်းပါပြီ၊ဒီလိုဆိုတော့ ဒီအကြောင်းတွေကိုပြောနေတဲ့ ခင်ဗျားကော ဘယ်လောက်သိသလဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်လည်း သိပ်မသိသေးပါဘူးလို့ မကွယ်မ၀ှက် ဖြေရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ပြောရရင် ကျွန်တော် ၁၅ နှစ်သား မုံရွာတန်း မြင့်ကျောင်း (အခုအမှတ်တစ်) န၀မတန်းမှာကတည်းက အလံနီပါတီကလာပ်စည်းဝင် ဖြစ်ခဲ့တယ်။

ကျွန်တော် နိုင်ငံရေးဥပဇ္ဈာယ်ဆရာက "ဘုန်းကြီးကန်ထွန်းကြည်"လို့ ခေါ်ကြတဲ့ လေဖြတ်လို့ ကိုယ်တစ်ပိုင်းသေနေတဲ့ "ကိုထွန်းကြည်" ဖြစ်ပါတယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံးဆရာပါ။ ဒီ နောက် မန္တလေးတက္ကသိုလ်ရောက်တော့ ကလာပ်စည်းအတွင်း မာ့က္စ၀ါ ဒသင်တန်းကို ပို့ချပေးသူက "ကိုဝင်းမောင်သန်း" ဖြစ်ပါတယ်။ ယောင်ဝါးဝါးပါပဲ။ ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ ရွှေဘိုဆောင်မှာနေရတယ်၊ အဲဒီက "တွံတေးတောကြီးတန်း"မှာရှိတဲ့ အလံနီအောက်ဗမာ ပြည်ဌာနချုပ်ကို သင်တန်းသွားတက်ရတယ်၊ ပို့ပေးတဲ့လူက "ရခိုင်ကိုထွန်းတင်" ဖြစ်ပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ မောင်မောင်ထွန်း ကလောင်အမည်နဲ့ ကဗျာတွေရေးပါတယ်။ အဲဒီအချိန်အထိ ယောင်ဝါးဝါးပါပဲ။ တောကိုသွားပြီး သင်တန်းတက်စဉ်က ကျွန်တော့အသက် ၂၀ မပြည့်သေးပါဘူး။ ပြောချင်တာက ပါတီတစ်ရပ်အနေနဲ့ ပျောက်ကွယ်သွားပေမယ့် ရှိစဉ်တုန်းကတော့ ဒီလိုအခြေအနေ အခင်းအကျင်းတွေ ရှိခဲ့တယ်။ လေ့ကျင့်သင်ကြားခဲ့ရတယ်ဆိုတာ ပြောချင်တာပါ။ ဒီနေ့လူငယ်တွေအနေနဲ့ ဒီမိုကရေစီအကြောင်း သိအောင်လုပ် ကြစေချင်လို့ပါ။ (ကျွန်တော်ငယ်ငယ်တုန်းက ဒီမိုကရေစီအကြောင်း ဘာမှ မသိခဲ့ရပါ။)

၂။ လက်ထဲမှာ နိုင်ငံရေးစာအုပ်တွေ (မာ့က္စ၀ါဒစာအုပ်တွေ) တကိုင်ကိုင်နဲ့ပါပဲ။ ဘာမှသိပ်မသိသေးတာတော့ ၀န်ခံရမှာပေါ့။ အဲဒီတုန်းက "ကျော်လင်းစာပေ ဖြန့်ချိရေး"ဆိုတာ လက်ဝဲစာပေတွေကို ဘာသာပြန် ထုတ်ဝေပေးနေတဲ့ စာအုပ်တိုက်ရှိခဲ့ တယ်။ ဘယ်သူတွေ ဘာသာပြန်ကြသလဲဆိုတာ မသိပါ။ သမိုင်းမှာ ကျေးဇူးတင်စရာ အကွက်တစ်ကွက်ပါပဲ။ မှတ်မိနေတာ "မာ့က္စ၀ါဒ၏ ရေသောက်မြစ်သုံးသွယ်"ဆိုတဲ့ စာအုပ် ကလေးဖြစ်ပါတယ်။ ရေးသူက Lenin  "လီနင်" (Three main sources and three component parts of  Marxism)။ ဒီစာအုပ်လေး သတိတရပြန် ဖော်နေရတာက ရေးထားတဲ့ အင်္ဂလိပ်စာက လွယ်လို့ပါပဲ။ ဒီနေ့ ဒီမိုကရေစီအကြောင်း ဆောင်းပါးတွေ၊ စာအုပ်စာတမ်းတွေ ရေးနေကြသူတွေ၊ ထုတ်နေကြသူတွေကို ကျေးဇူးတင်စရာပါ။ လွယ်ဖို့လိုတယ်ဆိုတဲ့ အချက်ကို သတိပြုစေချင်တာပါ။ ဒီမိုကရေစီကို ပို့ချပေးနေတဲ့ ပါတီကြီးတစ်ခုရဲ့ သင်တန်းတွေရှိတယ်လို့လည်း ကြားမိပါတယ်။ လေးစားစရာ ကျေးဇူးတင်စရာပါ။ လူငယ်တွေကို နိုင်ငံရေး သင်တန်းတွေ ပို့ချပေးတာကို အားပေးပါတယ်။ လိုအပ်နေလို့ပါ။

၃။ တစ်နေ့ကပဲ လူငယ်လေးတစ်ယောက်နဲ့ ဆုံလို့စကားပြောဖြစ်တယ်၊ မကြာခဏ သူတို့နဲ့ ဆုံဖြစ်ပါတယ်။ စကားပြောရင်းနဲ့ သူက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့ စကားတစ်ခွန်းကို အလေးအနက် ပြောပြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ . . . ပြည်သူ့သဘောဆန္ဒ မပါရှိသော အမိန့်၊ ညွှန်ကြားချက်နဲ့ ဥပဒေများသည် ဒီမိုကရေစီမဟုတ်၊ အာဏာရှင်ဆန်သော စနစ်သို့ ယိမ်းယိုင် သွားနိုင်ကြောင်း ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက မိန့်ကြားခဲ့တယ်။ ကျက်သရေရှိတဲ့ စကားပါပဲ။ လေးစားကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ နိုင်ငံရဲ့ အကြီးအကဲတွေမှာ ဒီလိုအတွေးအခေါ် အယူအဆတွေ ရှိနေတယ် ဆိုတာလည်း ၀မ်းသာစရာ ကောင်းပါတယ်။ ဥပဒေဆိုတာ တရားကိုယ် သဘောအရ လူထုကြီးတစ်ရပ်လုံးရဲ့ လူထုအခွင့်အရေးတွေ (citizen rights) ကို ကာကွယ်ဖြစ်တယ်၊ အနှစ်သာရအားဖြင့်လည်း "တရားဥပဒေ စိုးမိုးရေး (rule of law) ကိစ္စဖြစ်တယ်။ သူရဦးရွှေမန်းပဲပြောခဲ့ တာ ရှိတယ်။"တရားဥပဒေအထက်မှာ ဘယ်သူ့မှမရှိရဘူး" No one is above the law. အပြန်အလှန် အဓိပ္ပာယ်ကောက်ရင် တရားဥပဒေဟာ လူတိုင်းရဲ့အထက်မှာ ရှိတယ် လို့ရတယ်။ ဒါလောက် တန်ခိုးသတ္တိကြီးမားတဲ့ "တရားဥပဒေ" ဟာဘယ်သူ့အတွက် မှမဟုတ်ဘူး။ ပြည်သူလူထုကြီး အတွက်ပဲ ဖြစ်ရမယ်။

၎။ နောက်အလေးအနက် ဆင်ခြင်သင့်တဲ့အချက်က . . . တရားဥပဒေဟာ (သို့မဟုတ်) တရားရုံးတွေဟာ အစိုးရလုပ်ဆောင်ချက်များရဲ့ တရားဝင်မှုကို အာမခံတာဝန်ယူ နိုင်ရမယ်၊ လွယ်အောင်ပြောရရင် အစိုးရ ဘာလုပ်သလဲ၊ အဲဒီလုပ်တဲ့ကိစ္စဟာ လုပ်သင့်သလား၊ တရားဝင်ရဲ့လားဆိုတာကို တရားဥပဒေအဖွဲ့အစည်းတွေ (Legal bodies) တရားရုံးတွေ (courts) က စောင့်ကြည့်ရမယ်၊ ဆုံးဖြတ်ရမယ်၊ အစိုးရလုပ်တာတွေကို တာဝန်လည်းယူရမယ်၊ မ လုပ်သင့်တာတွေ၊ တရားမ၀င်တာတွေကို အစိုးရက လုပ်လာရင်တား မြစ်ရမယ်၊ (- - - to ensure the accountability of government for the legality of its actions)

လူထုဆန္ဒ(ပြည်သူ့ဆန္ဒ) သဘောထားမပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့ လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေးဆေး တင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက်သဘော တူမျှကြရင် အကျိုးစီးပွား ဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း  . . .
၅။ နောက်ထပ်တစ်ဆက်တည်းမှာပဲ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးသူရ ဦးရွှေမန်းပြောခဲ့တာနဲ့ ဆိုင်ပါတယ်။ ပြည်သူ့သဘော ဆန္ဒမပါတဲ့ အမိန့် ညွှန်ကြားချက်၊ ဥပဒေများဟာ ဒီမိုကရေစီ မဟုတ်ဘူး။ . . . ဆိုတဲ့ အချက်ပါပဲ။ ဖြစ်တတ်တာကလေးတွေ ရှိပါတယ်။ အလွယ်တကူပြောလို့ဆိုလို့ ဆုံးဖြတ်လို့ မရတတ်ဘူး။ အလေးအနက်ဆင်ခြင်ဖို့ လိုအပ်တဲ့ကိစ္စကလေးတွေ ရှိတတ်ပါတယ်။ ဆိုကြပါစို့ . . . စကားပမာအားဖြင့် အကြောင်းကိစ္စ တစ်ခုခု၊ နစ်နာချက် တစ်ခုခုကြောင့် လူထုက ချီတက်ဆန္ဒ ပြကြမယ်ဆိုပါတော့။ အဲဒါကို အစိုးရက လူထုငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လိမ့်မယ်၊ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တယ်၊ ဆူပူမှုတွေ ဖြစ်ပွားနိုင်တယ် . . . ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဆန္ဒပြပွဲကို ပိတ်ပင်တယ်၊ သို့မဟုတ် လျှောက်လွှာတင်ရမယ်ဆိုတဲ့ ကန့်သတ်မိန့်ကို ထုတ်ပြန်တယ်။ ရိုးရိုးကလေး စဉ်းစားကြည့်လူထုက ချီတက်ဆန္ဒပြချင်တယ်။ အစိုးရက ခွင့်မပြုဘူး။ အကြောင်း ပြချက်က ငြိမ်ဝပ်ပိပြားရေး ထိခိုက်မှာ စိုးလို့ . . .။ လူထုက ဆူပူချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်ချင်တာ၊ အဲဒါကို (တရားရုံးကပဲ) ဥပဒေ၊ အမိန့်ကန့်သတ်ချက်တွေနဲ့ တားမြစ်တယ်၊ အဲဒါ လူထုဆန္ဒမပါဘူး။ လူထုသဘောထား မဟုတ်ဘူး။

အေးချမ်းစွာ စုဝေးပိုင်ခွင့် ဆန္ဒပြပိုင်ခွင့်ဟာ လူထုမှာ နဂိုကတည်းကရှိ ပြီးသား၊ လျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းဖို့ မလိုအပ်ပါဘူး။ အဲဒါ အခြေခံ ဒီမိုကရေစီ အခွင့်အရေးပဲ။ တကယ်လို့ အစိုးရဘက်က ပြောသလို စိုးရိမ်သလို ဆူပူမှုဖြစ်လာရင် အရေးယူဖို့ ဥပဒေကလည်း နဂိုကတည်းကရှိပြီးသားပဲ မဟုတ်လား။ အရေးယူစရာရှိရင် အရေးယူပါ။ တရားဥပဒေအတိုင်းပဲပေါ့။ တစ်ဖက်က ပြန်ကြည့်ရင် လူထုကလည်း စည်းကမ်းတကျ အေးအေးချမ်းချမ်း ဆန္ဒပြဖို့ လိုတယ်။ ဆန္ဒပြပွဲကြောင့် မလိုလားအပ်တာတွေ မဖြစ်အောင် လူထုကလည်း ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ Democratic Culture "ဒီမိုကရေစီ ယဉ်ကျေးမှု"ဆိုတာ ရှိတယ်။

အစိုးရနဲ့ လူထု ဒီလိုအပြန်အလှန်သဘော ဆန္ဒတူမျှကြရင် အပြန်အလှန်အပေး အယူရှိကြတာမျိုးဟာ . . . "ဒီမိုကရေစီ ယဉ်ကျေးမှု" ပါပဲ။ အဲဒီတော့ စကားစဉ်ကို ပြန်ချုပ်ရင် . . . ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း မိန့်ကြားခဲ့သလို . . . လူထုဆန္ဒ (ပြည်သူ့ဆန္ဒ) သဘောထား မပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေး ဆေးတင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက် သဘောတူမျှကြရင် အကျိုးစီးပွားဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း။

By Eleven Media Group

No comments:

Post a Comment