Sunday 30 September 2012

အရက်မူးစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား တစ်ဦးသေဆုံး


မုံရွာ စက်တင်ဘာ ၃၀

မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ရာပြည့်လမ်းထိပ် ဗိုလ်ချုပ်လမ်းဘေးတွင် စက်တင်ဘာ ၂၇ ရက် ည ၁ဝနာရီခွဲက အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရစခန်းမှူး
ရဲအုပ်ကျော်ကျော်ညွန့်နှင့် အဖွဲ့က သက်သေများနှင့်
အတူ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ဘယ်ဘက်ရင်ညွန့် အောက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရသည်။

ဖြစ်စဉ်မှာ ဝေမင်းစိုး(ခ)အရှည်ကြီးနှင့် အောင်ဖြိုး(ခ)ကာလု သူငယ်ချင်း နှစ်ဦးသည် မုံရွာမြို့ ရုံးကြီးရပ်၊ သုံးထောင်ပန်းခြံတိုက်တန်း အနောက်ဖက် ခြင်္သေ့လေးကောင် လမ်းကြားရှိ ဘီအီးဆိုင်တွင် အရက်သောက်ခါ မြစန္ဒာ လမ်းအတိုင်း တမာတန်းလမ်းမှ တစ်ဆင့် အောင်ချမ်းသာသို့ လမ်းလျှောက် ပြန်လာကြစဉ် အောင်ဖြိုး(ခ)ကာလုက ဝေမင်းစိုး(ခ) အရှည်ကြီးအား မခံချင် အောင်စနောက်ရာမှ အရက်သောက် ထားသောအရှိန်ဖြင့် အချင်းများ ရန်ဖြစ်ကြရာ ဝေမင်းစိုး(ခ)အရှည်ကြီးက ခါးကြားတွင် အသင့်ပါလာ
သောဓားဖြင့် အောင်ဖြိုး(ခ)ကာလုအား ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဝေမင်းစိုး(ခ)အရှည်ကြီး (ဘ)ဦးမြင့်သန်း အက်တောရွာ မုံရွာမြို့နယ် နေသူအား မုံရွာမြို့အမှတ်(၁) ရဲစခန်း ဒုတိယ ရဲအုပ် မျိုးသန့်ဆွေမှ တရားလိုပြုလုပ်၍ (ပ)၅၇၆/ ၂ဝ၁၂၊ ပြစ်မှုပုဒ်မ-၃ဝ၂ (အမှုကြီး အမှတ်စဉ်-၆/၂ဝ၁၂)အရ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

ရတနာပုံ နေ့စဉ်သတင်း

By Royal Hero Media

No comments:

Post a Comment