Tuesday, 11 September 2012

ဒုတိယမြောက် အငြင်းအခုံ


မြန်မာနိုင်ငံတွင် လွန်ခဲ့သော သြဂုတ်လ အတွင်းက အခြေခံ ဥပဒေ ခုံရုံး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကြား စတင် ဖြစ်ပေါ် လာခဲ့သော သဘောထား ကွဲလွဲ တင်းမာမှုသည်
ယခုအခါ အရှိန် ပိုမြင့်မား လာနိုင် သည့် အခြေအနေ တစ်ခု ထပ်မံ ဖြစ်ပေါ်လာလျက် ရှိသည်။

ထို အခြေအနေမှာ မကြာမီက လွှတ်တော် နှစ်ရပ်စလုံးမှ ပြင်ဆင်ပြီးခဲ့ သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် ဖြစ်သည်။

အကယ်၍သာ အစိုးရနှင့် လွှတ်တော်ကြား ယင်းကိစ္စ အငြင်းအခုံ မြင့်၍ ထပ်မံ ကြန့်ကြာခဲ့လျှင် အာရှ၏ ရေပန်းစား ရင်သပ် ရှုမော ပြောင်းလဲနေပါသည် ဆိုသော မြန်မာနိုင်ငံသို့ အပြေးအလွှား လာရောက် ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်နေသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ အတွက် ပို၍ပင် စိတ်မရှည် စရာ ဖြစ်လာနိုင်ဖွယ်လည်း ရှိသည်။

မြန်မာသမ္မတ၏ ဇူလိုင်လ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် ပူးတွဲ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ သမ္မတကြီး ဦးသိန်းစိန် က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သည် နောက်နှစ်လ အတွင်း ထွက်လာဖွယ် ရှိသည်ဟု သမ္မတကြီးက ပြောကြားခဲ့ပြီး ထားဝယ် အထူးစီးပွားရေး ဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

သို့ရာတွင် ပြည်သူအများစုက ရွေးချယ် တင်မြှောက် လိုက်သည့် နေပြည်တော် ရှိ ကိုယ်စားလှယ် များသည် လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်းပါ အချက်ပေါင်း ၉၄ ချက်ကို ပြင်ဆင်လိုက်သည့် နောက် ပိုင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ခုံရုံးကိစ္စ အငြင်းအခုံ ကဲ့သို့ ဝေဖန် ပြောဆိုစရာ ဖြစ်လာရပြန်သည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန်ရှိ သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်တွင် လွတ်လပ်သော စီးပွားရေး ပတ်ဝန်း ကျင် အခြေအနေကို ဦးတည်ခြင်း မရှိဘဲ ယခင် တပ်မတော် အစိုးရ လက်ထက် က လွှမ်းမိုးထားသော ပြည်တွင်း စီးပွား ရေး လုပ်ငန်းများ (Crony) ကိုသာ အကျိုး ဖြစ်စေမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ၊ Macqurie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ရှောင်တားနား က သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေသစ်သည် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး သဘောတရားများ ပိုမို ပါဝင်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများ ကို အားလျော့သွားစေပြီး ယခင်အစိုးရ လက်ထက်ကတည်းက လွှမ်းမိုးထား သော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များ (Crony) အတွက်သာ အကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း ရိုက်တာ သတင်း ၌လည်း ဖော်ပြထားသည်။

ဝေဖန် ပြောဆိုစရာ ဖြစ်သည့် အချက်မှာ ပြည်တွင်းတွင် ခရိုနီဟုလူ သိများသည့် အမတ်အချို့မှာ အခြေခံ ဥပဒေကြမ်းကို ပြင်ဆင်ရာ၌ ဦးဆောင် ပါဝင် အဆိုပြု ဆွေးနွေးခြင်းနှင့် ခရိုနီဟု အမည်တပ်ကြသူတို့၏ ပြည်တွင်းအခွင့် ထူးခံ စီးပွားရေး လုပ်ငန်းများသည် လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက် သော်လည်းကောင်း ပတ်သက်နေကြခြင်း တို့ဖြစ်သည်။ ပြည်သူ့အသံ နားထောင် မည်ဆိုသော လွှတ်တော်သည် ယခုကဲ့သို့ မိမိတို့ ပုဂ္ဂလ ကိုယ်ကျိုးစီးပွားနှင့် တိုက်ရိုက် ပတ်သက်လာလျှင် ပြည်သူ့အတွက် မည်ရွေ့မည်မျှ ရပ်တည် လုပ်ကိုင်ပါမည် ဆိုသည်ကို မှတ်ကျောက်တင် စမ်းသပ် မှုမှာ တွေးတောစရာလည်း ဖြစ်လာဖွယ် ရှိသည်။

“ပထမ အဆိုပြုတာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ကုမ္ပဏီတွေက မတည် အရင်းအနှီးအဖြစ် ဒေါ်လာသန်း ၃၀ ဆိုပြီး မြိတ်က ဦးဌေးမြင့်က အဆိုပြု တယ်။ နောက်တဖြည်းဖြည်းနဲ့ ကန့်ကွက် လို့ ငါးသန်း ဖြစ်သွားတယ်။ နိုင်ငံခြား ကုမ္ပဏီများ မြေပိုင်ဆိုင်မှုကိုလည်း ၁၀ နှစ်ပဲ ငှားဖို့ သူပြောတယ်။ ဦးသိန်းညွန့် ထကန့်ကွက်တာနဲ့ နှစ်ရှည်ဖြစ်သွား တယ်”ဟု လွှတ်တော် သတင်းထောက် တစ်ဦးက ဆိုသည်။
“လွှတ်တော်ထဲက အမတ် အများစုဟာ ဒီဥပဒေရဲ့ အတိမ်အနက်ကို မသိ ကြတော့ အစိုးရအဖွဲ့ဝင် အချို့က ကန့် ကွက်ကြပေမယ့် မဲခွဲလိုက်တဲ့အခါ လွှတ်တော်ထဲက နိုင်သွားတယ်” ဟု လွှတ်တော် သတင်းထောက် တစ်ဦးက ပြောဆိုသည်။

အထူးသဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် စက်တင်ဘာလ ၄ ရက် နေ့က ကျင်းပသည့် အခမ်းအနားတွင် ကုန်သည် အသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များ ထောက်ပြ ပြောဆိုကြ သည်မှာ ရင်းနှီးမြှုပ်နှံမှု မူကြမ်းပါ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ မည့် နိုင်ငံခြား ကုမ္ပဏီများသည် မတည် အရင်းအနှီးအဖြစ် အမေရိကန် ဒေါ်လာ ငါးသန်း ရှိရမည် ဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်း တစ်ခုခုနှင့် ဖက်စပ် ပြုလုပ်ရမည် ဖြစ်ကာ ဖက်စပ်လုပ်ငန်း ပြုလုပ်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများက စုစုပေါင်း အရင်းအနှီး၏ ၃၉ ရာခိုင်နှုန်း မှ ၄၉ ရာခိုင်နှုန်း ထိသာ ပိုင်ဆိုင်ခွင့် ရှိမည်ဟု ဥပဒေ၌ ပါရှိသည့် အချက်မှာ အဓိကဖြစ်သည်။

နိုင်ငံသား လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင်ရမည်ဖြစ်ပြီး မတည်ငွေ အနည်း ဆုံး ၃၅ ရာခိုင်နှုန်းနှင့် အများဆုံး ၄၉ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ပြုထားခြင်းသည် လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများကို အဟန့်အတား ဖြစ်စေကြောင်း UMFCCI မှ လုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ် သည်။

“အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အတိုင်းကတော့ ဘယ်သူမှ လာမှာ မဟုတ်ဘူး” ဟု MBA ဘွဲ့ရ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဦးရန်အောင်ကျော်က ပြောဆိုသည်။

မြန်မာသမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရက မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒ ရှိနေပြီး ဥပဒေပြု အမတ်များ အနေဖြင့် ယခုကဲ့သို့ ကန့်သတ် လိုက်မှုများသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို တကြော် ကြော် ဖိတ်ခေါ်နေသည့် သမ္မတဦးသိန်းစိန် အစိုးရ၏ ကြိုးပမ်းမှုကို တုံ့ဆိုင်း စေကြောင်းလည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

“ဖက်စပ် ကိစ္စကို ပြောရရင် နိုင်ငံတကာက စီးပွားရေး လုပ်ငန်းကြီးတွေ ဟာ မြန်မာပြည်က စီမံခန့်ခွဲမှု အားနည်းတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ချက်ချင်း တွဲပြီး ဖက်စပ် မလုပ်ချင်ကြပါဘူး။ ဒီဟာ က အဓိက ပြဿနာတစ်ခု ဖြစ်လာနိုင် ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် နိုင်ငံတကာနဲ့ ဖက်စပ်လုပ် တိုင်း ဒီ ပြဿနာ တက်လေ့ ရှိပါတယ်” ဟုလည်း ဦးရန်အောင်ကျော်က ပြောဆိုသည်။

မြန်မာ့နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ ကနဦး မတည်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း ပမာဏသည် အာဆီယံနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ၁၅ ဆ အထိပို များနေကြောင်း၊ အာဆီယံ နိုင်ငံများတွင်သာ ရင်းနှီးမြှုပ်နှံမှု မတည်ငွေကို ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံ အနည်းငယ်တွင်သာ ကန့်သတ် ထားသော်လည်း လုပ်ငန်း ကဏ္ဍအလိုက် မတည်ငွေ သတ်မှတ်ထား ပြီး အများဆုံး ပမာဏမှာ အမေရိကန် ဒေါ်လာ သုံးသိန်းဖြစ်ပြီး အချို့ကဏ္ဍ တွင်သတ်မှတ်ထားခြင်း မရှိကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင် ဒေါက်တာဇော်ဦးက ရှင်းပြခဲ့သည်။

သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်ပတ်သက်သည့် သဘောထား ကွဲလွဲမှုသည် ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များလောကတွင်လည်း ပျံ့နှံ့ လျက်ရှိသည်။

“ ဒီဥပဒေကြမ်းကို သေချာ ဖတ်ကြည့်ရင် ဥပမာ-ကိုကာကိုလာကို မလာ ဖို့ ကန့်သတ် ထားတာမျိုး၊ အမေရိကန် က GE, Intel တို့မလာအောင် ကန့်ထား တာမျိုး မတွေ့မိပါဘူး” ဟုလည်း အမြင် မတူသူ ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။

လွှတ်တော်တွင် ပြင်ဆင်ထားသော ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများအနေ နှင့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီး မြှုပ်နှံခွင့် ကို တားမြစ်ထားပြီး အဆိုပါ တားမြစ် ထားသော ကဏ္ဍများတွင် ပြည်သူ့ ကျန်းမာရေးကို ထိခိုက် စေနိုင်သော၊ တိုင်းရင်း သား ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိခိုက် စေနိုင်သော လုပ်ငန်းများ သုံး ခု၊ သဘာဝ အရင်းအမြစ်က ပတ်ဝန်းကျင် ဂေဟ စနစ် ရှေးဟောင်း အမွေအနှစ် အဆိပ်အတောက် စွန့်ပစ်ကုန် ထုတ်လုပ်ရေး ဘေးအန္တရာယ် ရှိသော ဓာတု ပစ္စည်းများမှ သုံးခုနှင့် စမ်းသပ်ဆဲ ဆေးဝါးများကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းနှင့် နိုင်ငံတော် နယ်နိမိတ် အတွင်းဘက် အနည်းဆုံး ၁၀ မိုင်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ တို့ ပါဝင်ကြသည်။

ထိုအချက်များတွင် နောက်ဆုံးမှ ပါဝင်သည့် နိုင်ငံတော် နယ်နိမိတ် အတွင်းဘက် အနည်းဆုံး ၁၀ မိုင်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ် ခြင်းနှင့် (မြ၀တီ စီးပွားရေးဇုန်ကို ထိုင်းတို့ မလာနိုင် တော့ပါ) လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းတို့ ကိစ္စ မှာဝေဖန် ပြောဆိုမှု အများဆုံးဖြစ်သည်။

သို့ရာတွင် ယနေ့အချိန်ထိ မြန်မာ နိုင်ငံရှိ လူလတ်တန်းစားတို့၏ စုဆောင်းငွေသည် တိုင်းပြည်၏ လှည့်လည်ရင်း နှီးမြှုပ်နှံမှု (National/Working Capital) မဖြစ်လာသေးဘဲ ရွှေနဲ့အိမ်၊ ခြံ၊ မြေ တွင်သာ ပိတ်မိနေကြဆဲ ဖြစ်ကာ လူလတ် တန်းစား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အိပ်ပျော်နေသော ငွေများ လှည့်လည်ငွေဖြစ် လာနိုင်ရန် ခိုင်မာသော၊ ယုံကြည်ရသော စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက်လာ ပါက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းအတွက် အိပ်ပျော်နေသော ငွေများ ဖက်စပ် လုပ်ကိုင်ရန် အတွက် ထွက်လာ ဖွယ်ရှိသည်။

သို့ရာတွင် ဒေါ်လာငါးသန်းနှစ် သောင်းအထက် ဖက်စပ် လုပ်ကိုင်ရန် အတွက် လိုအပ်သည့် ငွေပမာဏမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံတွင် ရှိပါသည်ဟုလည်း မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ အမျိုးသား လွှတ်တော်မှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို အတည် ပြုလိုက်ပြီး ဖြစ်သည့် အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုဥပဒေသည် ပြည်ထောင်စု လွှတ်တော် တွင် အတည်ပြုကာ ဥပဒေ အဖြစ် ထွက်ပေါ် လာတော့မည်ဖြစ်သည်။

သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန် မြို့ UMFCCI တွင် ကျင်းပသော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ရင်းနှီး ဆွေးနွေး ပွဲတွင် အမေရိကန် ဂျွန်ဟောကင်း တက္ကသိုလ်မှ ပါမောက္ခက မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသည် အများပြည်သူ ဆန္ဒကို ကျယ်ကျယ်ပြန့် ပြန့် ပါဝင်ခြင်း မရှိဘဲ ရေးဆွဲခြင်းသည် အန္တရာယ်ကြီးကြောင်း သုံးသပ် ပြောဆို ခဲ့သည်။

အသေချာဆုံး အချက်မှာ အဆိုပါ ဥပဒေကို ပြင်ဆင်ခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အများစုနှင့် အစိုးရ အဖွဲ့တို့ကြား တင်းမာမှု မြင့်လာခဲ့လျှင်၊ ပြည်သူ့ကိုယ်စားလှယ် ဆိုသူများသည် ပြည်သူ့ဆန္ဒကို မျက်ကွယ် ပြုခဲ့လျှင် ပြဿနာ စိန်ခေါ်ချက်များ အများအပြား ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အခြေအနေ သည် ပိုမို ဆိုးရွားစွာ ဆောင်ရွက်လိုက် သကဲ့သို့ ဖြစ်လာနိုင်သည်။

သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရသည် ယခု ကိစ္စတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ထိပ် တိုက် မတွေ့ချင်သည့် သဘော ရှိသည်ဟု ယူဆရသည်။ သို့သော် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ နောက်ကျခဲ့လျှင် ရင်းနှီး မြှုပ်နှံရန် စောင့်ဆိုင်း နေသူများအတွက် စိတ်မရှည် စရာဖြစ်လာနိုင်သည်။

ဗြိတိန်နိုင်ငံမှ စီးပွားရေးပညာ ရှင်တစ်ဦးက မြန်မာနိုင်ငံ အခြေအနေ သည် တိုးတက်မှုများလည်း ရှိပြီး စိုးရိမ် စရာများလည်း ရှိကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် မရှိခဲ့ဖူးသော လွှတ်တော် နှင့် အစိုးရ၏ စုပေါင်း ခေါင်းဆောင်မှုကို မြင်တွေ့နေရကြောင်း၊ ဒီမိုကရေစီ စနစ် စတင် အမြစ်တွယ်နေပြီဟု ယူဆရကြောင်း သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံသား သန်း ၆၀ အတွက် အကျိုးကို လွှတ်တော်က လိုလားခဲ့သည်ဆိုသည်မှာ အမှန်ဆိုလျှင်၊ ပြည်သူ့အသံကို နားထောင်ခဲ့သည်ဆို လျှင် မည်ရွေ့မည်မျှ မှန်သည်ကို ထိုဥပဒေ တွင် မကြာမီ မြင်တွေ့ လာရတော့မည် ဖြစ်သည်။

အစိုးရနှင့် လွှတ်တော်ကြား အကွဲကွဲ အပြားပြား ဖြစ်နေမှုမှသည် ယခု ဖြစ်ရပ်တွင် အသံထွက်လာပါက ဒုတိယ အကြိမ် အငြင်းအခုန် ဖြစ်ပြီး အပြောင်းအလဲ ကို ဦးတည်နေပါသည်ဆိုသော မြန်မာနိုင်ငံ သို့ အပြေးအလွှား လာနေသော ရင်းနှီး မြှုပ်နှံသူများ၏ခြေလှမ်းများကို ထို ဥပဒေက နောက်ကြောင်း ပြန်စေခဲ့လျှင် အနစ်နာဆုံးမှာ ရွေးကောက်ပွဲတွင် တစ်ခဲနက် မဲပေးကြသည့် မြန်မာနိုင်ငံသား နင်းပြားများသာ ဖြစ်ပါလိမ့်မည်။

Written by  တင်အောင်ကျော်  - The Voice Weekly

သစ်ထူးလွင်

No comments:

Post a Comment