Tuesday 11 September 2012

ပြည်ပရောက်မြန်မာအလုပ်သမားများ လေးလအတွင်း ငွေကျပ် ၁၈၃၄ သန်း ပြန်လည်တင်ပို့နိုင်

မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများသည် ၎င်းတို့၏ မိသားစုများထံသို့ ဧပြီလမှ ဇူလိုင်လအထိ လေးလအတွင်း
မြန်မာငွေလွှဲဘဏ် ငါးဘဏ်မှတစ်ဆင့် ငွေ လွှဲပေးပို့ရာ ငွေကျပ် ၁၈၃၄ သန်းကျော်ရှိကြောင်း သိရသည်။

 ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အနက် ပြည်ပတွင် ပညာတတ်များနှင့် ကျွမ်းကျင်သူများက ၎င်းတို့၏ အခွင့်အရေး မည်သို့တောင်းဆိုရမည်ကို မသိရှိကြသေးကြောင်း၊ ယင်းတို့အား နိုင်ငံတကာ ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ဆောလျင်စွာ ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် အလုပ်ခေါ်စာများ ကြေညာထားသော်လည်း တရားမဝင် သွားရောက်မှုများ ရှိနေကြောင်း၊ တရားဝင်စာချုပ် ချုပ်ဆိုခေါ်ယူမှုမျိုးသာ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်ပြီး ခံစားခွင့်အပြည့်အဝ ရရှိနိုင်ကြောင်း ပြည်ပအလုပ်လုပ်ကိုင်ရေး ကြီးကြပ်ကော်မတီ (၃/၂၀၁၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။ အဆိုပါ နိုင်ငံသုံးနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ မိသားစုများထံသို့ ငွေလွှဲပေးပို့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

By Khitluunge

No comments:

Post a Comment