Sunday 12 August 2012

မန်းမြို့တော်သစ် စီမံကိန်း ဒေသခံများ ခွင့်မပြုလျှင် ရပ်မည်


မန္တလေးမြို့တော်သစ် စီမံကိန်းအတွက် အများပိုင်ကုမ္ပဏီဖွဲ့ပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် စီမံကိန်း တည်ဆောက်မယ့်နေရာက ဒေသခံတောင်သူ၊ မြေပိုင်ရှင်တွေက မကျေနပ်ရင် သည်စီမံကိန်းကို လုပ်မှာမဟုတ်ဘူးလို့ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။ စီဘီဘဏ်ဥက္ကဋ္ဌ
ဦးခင်မောင်အေးက မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဖို့ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်ပြီး ယခုလ ၄ ရက်နေ့က ပြုလုပ်တဲ့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့ အစုရှယ်ယာ ဆန္ဒပြုလွှာ တောင်းခံပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မန္တလေးမြို့တော်သစ် စီမံကိန်းကို အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ခွင့်ရခဲ့ရင် စီမံကိန်းနေရာက တောင်သူတွေ၊ မြေပိုင်ရှင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူတို့ဘက်က လက်ခံကျေနပ်မှ သည်စီမံကိန်းကိုလုပ်မှာလို့ ဆိုပါတယ်။ “ဒါကြီးက နိုင်ငံတကာအဆင့်မီ မြို့တော်ကြီး ဖြစ်ပေါ်လာဖို့နဲ့ ဒေသခံတွေ အလုပ်အကိုင်ရပြီး အကျိုးရှိရမယ်၊ တစ်ယောက်ယောက် အကျိုးယုတ်ရင် မလုပ်ပါဘူး၊ ဒေသခံတွေနဲ့ မြေပိုင်ရှင်တွေနဲ့ တိုက်ရိုက်ညှိပြီး အားလုံးကျေနပ်ဖို့ လိုပါတယ်၊ ဒေသခံတွေကလဲ ဒီစီမံကိန်းကို လုပ်စေချင်တယ်၊ ကျေနပ်တဲ့ ငွေကြေးနဲ့ ပေးဝယ်မယ်၊ သူတို့ဆန္ဒရှိမှ ဆက်လုပ်မယ်၊ မြေပိုင်ရှင်နဲ့ တိုက်ရိုက်ညှိပြီး ဆောင်ရွက်မယ်” လို့ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။ မန္တလေး မြို့တော်သစ် စီမံကိန်းက မန္တလေးမြို့ တောင်ဘက် ဆယ်မိုင်အကွာမှာရှိပြီး မြေဧက ၂၃၀၀၀ ကျော်ကို အသုံးပြုတည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းနေရာ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဦးခင်မောင်အေးက “စီမံကိန်းအတွက် တခြားနေရာတွေကိုလဲ စဉ်းစားခဲ့ပါတယ်၊ ဘာလို့ ဒီနေရာကို ရွေးချယ်ရလဲဆိုတော့ စိုက်ပျိုးမြေက လုံးဝမဖြစ်ထွန်းဘူး၊ သီးနှံဆုံးရှုံးတယ်၊ အလုပ်အကိုင် အရမ်းရှားတဲ့နေရာ၊ ဒါကြောင့် ဒီနေရာကို ရွေးချယ်လိုက်တာပါ” လို့ ရှင်းလင်းပြောပါတယ်။ စီမံကိန်းမှာပါတဲ့ မြေပိုင်ရှင်၊ တောင်သူတွေကတော့ သူတို့မြေတွေ အသိမ်းခံရမှာလားဆိုပြီး စိုးရိမ်နေကြသလို သူတို့အတွက် ဘယ်လိုဖြေရှင်းပေးဖို့ ရှိလဲဆိုတာကို စိတ်ဝင်တစား သိချင်နေကြကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitluunge

No comments:

Post a Comment