Sunday 12 August 2012

အန်ဂျလီနာဂျိုလီတို့ ယခုသီတင်းပတ်ကုန် လက်ထပ်မည်ဟုဆို

ဘရတ်ပစ်တ်နှင့် အန်ဂျလီနာဂျိုလီတို့ ယခုသီတင်းပတ်ကုန်တွင် လက်ထပ်ဖြစ်မည်ဟု ခန့်မှန်း
သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာကြောင်း သိရှိရသည်။ ဟောလီးဝုဒ်၏ ရွှေရောင်စုံတွဲသည် ယခုသီတင်းပတ်ကုန်တွင် ပြင်သစ်နိုင်ငံ၌ ကြီးမားသော ပါတီပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသည့်နောက် ၎င်းတို့နှစ်ဦး၏ မင်္ဂလာခရီး စတင်တော့မည်ဟု ယူဆမှုများကို အရှိန်မြှင့်ပေးလိုက်သည်။ 

အဆိုပါ ပွဲအတွက် ဖိတ်ကြားထားသည့် ဧည့်သည်စာရင်းတွင် ပစ်တ်၏ မိဘနှစ်ပါးလည်း ပါဝင်လျှက်ရှိသည်။ ချာတာအူမီရာဗဲလ်တွင် အဆိုပါ ပါတီပွဲကို သီတင်းပတ်ကုန်၌ ကျင်းပမည်ဖြစ်ပြီး အကြောင်းရင်း အတိအကျကိုမူ လျှို့ဝှက်ထားဆဲဟု သတင်းများက ဆိုသည်။



ပစ်တ်နှင့် ဂျိုလီတို့သည် (၇)နှစ်ကြာ တွဲနေခဲ့ပြီး မွေးစားကလေးများ အပါအဝင် သားသမီး (၆)ဦး ရယူထားပြီးဖြစ်သည်။ 


၎င်းတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းပြီးဖြစ်ကြောင်း သတင်းကို ဧပြီလက ထုတ်ပြန် ကြေညာခဲ့သည်။ ထိုစုံတွဲနှင့် နီးစပ်သူ တစ်ဦးက "ပစ်တ်ဟာ ပြင်သစ်ကို ကြိုသွားပြီး ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
 ခုတော့ အားလုံး စုံစုံလင်လင် ရောက်နေပါပြီ။ 

 ပြီးတော့ ဂျိုလီရဲ့ စိတ်ကြိုက် ကျောက်မျက်ရတနာ လုပ်ငန်းက ကိုယ်စားလှယ်တွေလည်း ပါတယ်"ဟု The Sunသို့ ပြောကြားခဲ့သည်။



ဖိတ်ကြားထားသည့် ဧည့်သည်တော်များတွင် ဂျော့ဂ်ျကလူနီးကဲ့သို့ ဟောလီးဝုဒ်၏ အထင်ကရ ကြယ်ပွင့်များလည်း ပါဝင်သည်။ 


ကလူနီးသည် အီတလီနိုင်ငံ၊ ကိုမိုရေကန်နံဘေးရှိ ၎င်းပိုင် စံအိမ်ကြီးတွင် အပန်းဖြေနေရာမှ ပြင်သစ်သို့ လာရောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဂျိုလီသည် ယခင်က အိမ်ထောင်နှစ်ကြိမ် ကျခဲ့ဖူးပြီး ပစ်တ်မှာမူ ယခင်က ဟောလီးဝုဒ် မင်းသမီး ဂျနီဖာ အနစ္စတန်နှင့် လက်ထပ်ပြီး (၂၀၀၅)ခုနှစ်က ကွာရှင်းခဲ့သည်။

Source: DailyMail
 
ရွှေမြန်မာ

No comments:

Post a Comment