Wednesday, 17 October 2012
မေတ္တာတရားကိုသာ အရင်းတည်၍
တိုင်းပြည်၏ အဆင်းရဲဆုံးလူတန်းစားအတွက် အားထားရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရက ကူညီပံ့ပိုးမှု
နည်းပါးလွန်းပြီး နိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီးများကလည်း
လှူဒါန်းလေ့မရှိပါ။
“ပညာရေးဆိုသည်မှာ ကမ္ဘာကိုပင် ပြောင်းလဲရန် အသုံးပြုနိုင်သော စွမ်းအားအကြီးဆုံး လက်နက်ဖြစ်ပေသည်”
-နယ်လ်ဆင်မင်ဒဲလား
စီးပွားရေးမြို့တော် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ တစ်ဧကကျော် မြေကွက်ပေါ်ရှိ စာသင်ဆောင်လေးဆောင်မှာ ဒေသအစုံမှ အရွယ်စုံ၊ အတန်းစုံ ကျောင်းသူ၊ ကျောင်းသား၊ သီလရှင်၊ ကိုရင် ၈၀၀ ကျော် ပညာဆည်းပူးရာ နေရာပင်ဖြစ်ပါသည်။
နွမ်းပါးသော ငွေကြေးမပြည့်စုံသော်လည်း ပညာသင်ယူလိုသော နိုင်ငံတစ်ဝန်းမှ ကလေးငယ်များ (အချို့မိဘပါမစုံ) ဤနေရာသို့ လာရောက် ပညာဆည်းပူးကြသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ပအို့၊ ပလောင်၊ ကချင် စသော တိုင်းရင်းသားများပါဝင်၍ ဗမာအများဆုံးဖြစ်၏။ မပြည့်စုံသော ကလေးငယ် ၈၀၀ ကျော် ပညာသင်ယူနိုင်ရေးကို သီလရှင်တစ်ပါးက တာဝန်ယူထားပါသည်။
အဆိုပါ ပရဟိတကျောင်းမှာ ဒေါ်သီလ၀တီ (ရင်းနှီးသူများကခေါ်သောအမည် “ကြီးလေး”)က ဦးဆောင်တည်ထောင်ထားသော မြသိင်္ဂီသီလရှင်သင် ပညာရေးကျောင်းဖြစ်၏။ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ ဉာဏတောင်ပိုင်းတွင် ၂၀၀၂ မေလတွင်
စတင်တည်ထောင်သော ထိုကျောင်းတွင် တည်ထောင်စက ကျောင်းသူ၊ ကျောင်းသား၊ ခြောက်ဆယ်ကျော်သာ ရှိခဲ့သော်လည်း ဆယ်နှစ်ကြာသောအခါ ကျောင်းသူ၊ ကျောင်းသား ၈၀၀ ကျော်ကို အခမဲ့ပညာ ဖြန့်ဝေပေးရာဌာန ဖြစ်နေလေသည်။
ကလေးငယ်များကို ပညာကောင်းစွာသင်ယူနိုင်ရေး၊ ကလေးငယ်များ ဘ၀ရှေ့ရေးဖြောင့်ဖြူးရေး၊ ဆရာ၊ ဆရာမကောင်းများ ရရှိတည်မြဲရေး၊ ဆရာ၊ ဆရာမများအတွက် လစာပုံမှန်ချီးမြှင့်နိုင်ရေး စသော အရေးပေါင်းများစွာအတွက် “ကြီးလေး”၏ တာဝန်က ကြီးလေးလှပါသည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး အောက်ခြေလူတန်းစားများ၏ ရင်သွေးငယ်များကို အဓိက ပညာဖြန့်ဖြူးပေးနေရာ ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေးကျောင်းများ၏ ဦးဆောင်ဆရာတော်၊ သီလရှင်တို့၏တာဝန်မှာ အလားတူပင်။
သမိုင်းမှတ်တမ်းများအရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ ပုဂံခေတ်(၁၀၄၄- ၁၂၈၇)ကတည်းကပင် စတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓသာသနာပြန့်ပွားစေရန် ရည်ရွယ်ပြီး ပါဠိဘာသာကို အခြေခံ၍ သင်ကြားပေးခဲ့သလို၊ မွန်စာပေကဲ့သို့ မြန်မာစာပေကို တီထွင်ကြံဆရန် ထိုကျောင်းများက ရည်မှန်းခဲ့ကြောင်း ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဦးသန်းထွတ်ရေးသားသော “မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း”စာအုပ်တွင် ဖော်ပြထားသည်။
ဗြိတိသျှတို့၏ ကျူးကျော်သိမ်းပိုက်ခံခဲ့ရသော ကိုလိုနီခေတ်တွင် အနောက်တိုင်းပညာ ထွန်းကားလာသည်နှင့်အမျှ ဘုန်းတော်ကြီးကျောင်းပညာရေးမှာ ဆုတ်ယုတ်လာသည်။ ၁၈၉၂-၉၃ ခုနှစ်တွင် ဘုန်းတော်ကြီးကျောင်း ၄၆၁၆ ကျောင်းရှိရာမှ နှစ် ၄၀ ကြာသောအခါ ၁၉၃၃-၃၄ တွင် ၉၂၈ ကျောင်းသာ ရှိတော့သည်။
ယခုအခါတွင်မူ တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄၃၁ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၁၅၀၀၀ ကျော် ပညာဆည်းပူးနေသည်။ ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ မသင်မနေရ မူလတန်းပညာရေး အစီအစဉ်စတင်ခဲ့ရာ တစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းသား ငါးသန်းကျော် ဘကကျောင်းသားများ အပါအ၀င် စာရေးကိရိယာနှင့် စာအုပ်များ အခမဲ့ထောက်ပံ့ပေးနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့၏ ဆင်ခြေဖုံး လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်မှ မင်းထိုက်အောင်မှာ အသက် ၁၂ နှစ် အရွယ်တွင်မှ ကျောင်းစနေရပြီး က၊ ခ၊ ဂ နှင့် A, B, C ကို စနစ်တကျသင်ရသည်။ သူ၏ညီအရင်း အသက် ၉ နှစ်အရွယ် ဇင်မင်းထက်နှင့်အတူ သူငယ်တန်း စတက်ရခြင်းဖြစ်၏။ လှိုင်သာယာမြို့နယ် ၂၂ ရပ်ကွက်တွင် ယခုနှစ် ဇွန်လမှ စတင်ဖွင့်လှစ်သော စန္ဒာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ဖြစ်၏။
ထို့အပြင် ကျပန်းအလုပ်လုပ်သော သူတို့၏အမေ (ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်သည်)က ညီအစ်ကိုနှစ်ဦးစလုံး၏ ဘ၀ရှေ့ရေးအတွက် စန္ဒာရာမဘုန်းတော်ကြီးသင် ပညာကျောင်း တည်ထောင်သူ အရှင်စန္ဒာဝရလက်သို့ လုံးဝအပ်ထားသည်။
“ပညာရေးဆိုတာ စားဝတ်နေရေးပြည့်စုံမှ လုပ်လို့ရတယ်။ ဒီမှာ ကျောင်းတက်တဲ့ ကလေးတွေက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေပါ။ ဒီကျောင်းမဖွင့်ရင် အခုကျောင်းသား ၂၀၀ ကျော်ထဲမှာ ၈၀၊ ၁၀၀ လောက် ကျောင်းရောက်မှာ မဟုတ်ဘူး”ဟု ဆရာတော်ဦးစန္ဒာဝရကမိန့်သည်။
ရတနာဖြိုးသီရိမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လက်ထောက်ကျောင်းအုပ် လုပ်ကိုင်ခဲ့ဖူးပြီး ပညာသင်ကြားခဲ့သော အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိသော အရှင်စန္ဒာဝရက ပေ ၁၃၀ ပတ်လည် မြေကွက်ပေါ်တွင် စန္ဒာရာမ ဘကကျောင်းကို ဇွန်လမှ စတင်တည်ထောင်ခဲ့သည်။ ပထမဆုံး ကျောင်းဖွင့်သောနှစ်မှာပင် မူလတန်းကျောင်းသား၊ ကျောင်းသူ ၂၁၇ ဦးတို့ ပညာသင်ကြားလျက်ရှိသည်။
ရွှေပလောင်တိုင်းရင်းသူ သီလရှင်မသုမာလာတို့ မိသားစုမှာ သူတို့ရွာတွင် ပညာတတ်အများဆုံးအိမ်ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နန်းဆမ်မြို့နယ် ပိန်းလုံးကျေးရွာဇာတိ သက်တော် ၁၅ နှစ်အရွယ် မသုမာလာမှာ မြသိင်္ဂီကျောင်းတွင်နေ၍ ဆယ်တန်းတက်နေသည်။ ဆရာလေးနှင့်အတူ ညီအစ်မလေးဦးစလုံး (၁၀ တန်းတွင်နှစ်ဦး၊ ၈တန်းတွင်တစ်ဦး၊ ၆ တန်းတွင်တစ်ဦး)နှင့် သုံးတန်းကျောင်းသား မောင်တစ်ဦးတို့မှာ မြသိင်္ဂီသီလရှင်သင် ပညာရေးကျောင်းမှာပင် ပညာသင်ကြားနေကြသည်။ သူတို့၏ အစ်ကိုမှာလည်း အဆိုပါ
ပရဟိတကျောင်းတွင် ၁၀ တန်းတက်ပြီး စာမေးပွဲကျသော်လည်း ပြန်မဖြေဘဲ မလေးရှားနိုင်ငံသို့သွား၍ အလုပ်လုပ်နေလေသည်။
“ရွာမှာ မြို့နဲ့ဝေးတော့ ကျောင်းထွက်သူများတယ်။ ဆရာလေးတို့လည်း ဒီမှာသာ မနေရရင် ရွာမှာခြောက်တန်းဆို ကျောင်းထွက်ရမယ်”ဟု လက်ဖက်တောင်သူ မိသားစုမှ မွေးဖွားလာသော မသုမာလာကပြောသည်။ ယခု မောင်နှမအားလုံး ကျောင်းနေပြီး အတန်းများလည်း ကြီးလာပြီဖြစ်၍ သူတို့မိသားစုမှာ ရွာတွင် ပညာတတ်အများဆုံး မိသားစုဟု ပြောနိုင်ပေပြီ။
မြို့ပြနှင့်ဝေးလှသော တိုင်းရင်းသားဒေသ ကျေးလက်များတွင် နေထိုင်သော ရှမ်း၊ ပအို့၊ ပလောင် စသော တိုင်းရင်းသားများမှာ ဘကကျောင်းများတွင် ၎င်းတို့ ရွာသူ၊ ရွာသားတစ်ဦး နေထိုင်ပညာသင်ယူ၍ အဆင်ပြေလျှင် ကျောင်းသူ၊ ကျောင်းသားများ ဆက်တိုက်ရောက်လာလေ့ရှိကြောင်း ကြီးလေးကမိန့်သည်။
“ပညာသည်သာ အသက်အရွယ်ကြီးလာချိန်အတွက် အကောင်းဆုံးရိက္ခာဖြစ်သည်”
-အရစ္စတိုတယ်
မင်းထိုက်အောင်နှင့် မသုမာလာတို့ကဲ့သို့ပင် တစ်နိုင်ငံလုံးရှိ နွမ်းပါးသော ကလေးငယ်အများစုမှာ ဘကကျောင်းများကိုသာ အားကိုးနေရသည်။ ဝေးလံခေါင်သီသော ဒေသရှိ ကျေးရွာများ၊ တောင်တန်းများပေါ်တွင်လည်း သာသနာ့အာဇာနည်များက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကြိုးစားဖွင့်လှစ်၍ ပညာအလင်းဖြန့်ဝေကြသည်။ ကရင်၊ မွန်၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင် ကျန်ဒေသများထက် ဘကကျောင်းအရေအတွက် နည်းပါးသည်။
ဘကကျောင်းများတွင် အဓိကကုန်ကျစရိတ်မှာ ဆရာ၊ ဆရာမများအတွက် လစာချီးမြှင့်ငွေဖြစ်သည်။ ကျောင်းတွင်နေသော ကျောင်းသူ၊ ကျောင်းသားများသော ကျောင်းနှင့် ပညာသင်ဆုပေးသော ကျောင်းများတွင် အသုံးစရိတ်ပိုများသည်။ ကုန်ကျစရိတ်အားလုံးကို ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များထံမှ အလှူငွေများဖြင့် ရပ်တည်ကြသည်။ တစ်ဦးတည်း အဖွဲ့အစည်းတစ်ခုတည်းက ဘကကျောင်းစရိတ် အားလုံးလှူသည်မျိုးမရှိ။ ရှိုင်းဟုပ် (Shine Hope)ကုမ္ပဏီကသာ နိုင်ငံတစ်ဝန်းရှိ ဘကကျောင်း ၂၂၅ ကျောင်း မှ ဆရာ၊ ဆရာမ ၅၀၀၀၀ ကျော်၏ လစာကို ၂၀၀၄ မှစ၍ ယနေ့အထိ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ဆက်တိုက်လှူဒါန်းခဲ့သည်။
သို့သော် ကျန်းမာရေးနှင့်သက်ဆိုင်သော ထုတ်ကုန်များကို MLM စနစ်ဖြင့် ဖြန့်ဖြူးရောင်းချသော ရှိုင်းဟုပ်ကုမ္ပဏီကလည်း လစာငွေလှူဒါန်းခြင်းကို လာမည့်ပညာသင်နှစ်မှစ၍ ရပ်တော့မည်ဖြစ်၍ ကျောင်းအချို့မှ ဦးဆောင်ဆရာတော်များမှာ လစာအတွက် ပူပန်နေရပြီဖြစ်၏။
“လကုန်ရင် ပိုပင်ပန်းတဲ့သဘောရှိတယ်”ဟု အရှင်စန္ဒာဝရကမိန့်သည်။ စန္ဒာရာမကျောင်းတွင် တစ်လအသုံးစရိတ် ကျပ်ကိုးသိန်းဝန်းကျင်ရှိရာ ဆရာ၊ ဆရာမ ၁၁ ဦးအတွက် လစာက အဓိကကုန်ကျစရိတ်ဖြစ်သည်။
“အရမ်းအရေးကြီးတာက ဆရာ၊ ဆရာမတွေ လစာပဲ”ဟု ကျောင်းသား၊ ကျောင်းသူ ၁၉၀၈ ဦး ပညာသင်ကြားပေးနေသော တေဇာရာမဘကကျောင်းမှ ကျောင်းအုပ်ဆရာတော် အရှင်ဂမ္ဘီရဗုဒ္ဓိကလည်း မိန့်ကြားသည်။ ၁၉၆၄ ခုနှစ်ကတည်းကပင် လှိုင်မြို့နယ်၌ စဖွင့်ခဲ့သော တေဇာရာမဘကကျောင်းကို ၁၉၉၉ခုနှစ်တွင် ရွှေပြည်သာမြို့နယ် ၁၆ ရပ်ကွက်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ဆရာ၊ ဆရာမ ၃၂ ဦးက ကျောင်းသား ၁၉၀၀ ကျော် သင်ကြားနေရ၍ ဆရာ၊ ဆရာမ ထပ်မံတိုးချဲ့လိုသော်လည်း လစာအခက်အခဲရှိကြောင်း ဆရာတော်ကမိန့်၏။
ဘကကျောင်းများတွင် ဆရာ၊ ဆရာမများကို လစာကျပ်သုံးသောင်းမှ ကျပ်ခြောက်သောင်းထိ ချီးမြှင့်လေ့ရှိပြီး ကျောင်းအများစုက ကျပ်လေးသောင်း၊ ငါးသောင်းနှုန်းကို အများဆုံးချီးမြှင့်ကြသည်။ ကလေးငယ်တို့ ပညာဖြန့်ဝေသော ဆရာ၊ ဆရာမများ ဖြစ်နိုင်လျှင် အနိမ့်ဆုံးလစာ ကျပ်တစ်သိန်းချီးမြှင့်လိုကြောင်း အရှင်စန္ဒာဝရကမိန့်သည်။
“တစ်ခါတလေ ဆိုက်ကားဆရာတွေကတောင် ဆရာမတို့ ဘယ်လောက်ရလဲ မေးတယ်။ ဆိုက်ကားနင်းတာ တစ်ရက်သုံးထောင်ဆိုလည်းဟုတ်၊ လေးထောင်ဆိုလည်းဟုတ်လို့ပြောတာ ကြုံရဖူးတယ်”ဟု စန္ဒာရာမကျောင်းတွင် ပညာသင်ပေးနေသော မဆွေဝေလွင်က သူ၏အတွေ့အကြုံကို ဖွင့်ဟသည်။ ကိုယ်တိုင်အခြေခံလူတန်းစားမှ မွေးဖွားခဲ့၍ မပြည့်စုံသော ကလေးငယ်များကို ဖေးမလိုသောကြောင့် လစာနှစ်သိန်း၊ သုံးသိန်းပေး၍ ပုဂ္ဂလိကကျောင်းများတွင် ဆရာမလုပ်ရန် ခေါ်ယူမှုများကို သူငြင်းဆန်ခဲ့သည်။
ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အဓိကပြဿနာမှာ အစိုးရ၏ ပညာရေးအသုံးစရိတ် နည်းပါးလွန်းခြင်းဖြစ်သည်။ ယခုဘဏ္ဍာရေးနှစ် (၂၀၁၂-၁၃)တွင် ဘတ်ဂျက်၌ ပညာရေးအသုံးစရိတ်မှာ ၄ ဒ သမ ၀၃ ရာခိုင်နှုန်းသာရှိသည်။ ထိုနှုန်းက ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် များလာသော်လည်း ကာကွယ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်လျှင် ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။
နိုင်ငံဖွံ့ဖြိုးရန် ဖွံ့ဖြိုးဆဲနိုင်ငံတွင် ပညာရေးအသုံးစရိတ် မဖြစ်မနေ တိုးမြှင့်ရမည်ဖြစ်သော်လည်း အစိုးရ၏ ပညာရေးအသုံးစရိတ်မှာ နည်းပါးလွန်းသည့်အတွက် အစိုးရအခြေခံကျောင်းများကိုပင် ပြည့်စုံအောင် မထောက်ပံ့နိုင်။ ထို့အခြေအနေကြောင့် ဘကကျောင်းများကို အစိုးရကထောက်ပံ့ရန် မလွယ်ကူကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။ ဒေါက်တာမြတ်ဉာဏစိုးက ကျင်းပပြီးခဲ့သော လွှတ်တော်များတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်ပေးနေကြောင်း ပထမဆုံးမေးမြန်းခဲ့သူပင်။ သို့သော် တိုးတက်မှုမှာ ယခုပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနက ဘကကျောင်းများမှ မူလတန်းကျောင်းသူ၊ ကျောင်းသားများကို မသင်မနေရ အခမဲ့မူလတန်းစနစ်အရ စာရေးကိရိယာနှင့် ဗလာစာအုပ်ခြောက်အုပ် အခမဲ့ဖြန့်ဝေခဲ့သည်။ ဘကကျောင်းများအတွက် အစိုးရ၏ ရှားရှားပါးပါးပံ့ပိုးမှုပင်။
အခြားတိုးတက်မှုတစ်ခုမှာ သာသနာရေးဝန်ကြီးဌာနက ဘကကျောင်းများ တရားဝင်ဖွင့်လှစ်နိုင်ရန် ပိုမိုပူးပေါင်းဆောင်ရွက်လာသည်။ မြို့နယ်တိုင်း တစ်မြို့နယ် အနည်းဆုံး ငါးကျောင်းဖွင့်ရန် ဆရာတော်ကြီးများကလည်း တိုက်တွန်းထားသည်။ (မှတ်ချက်- ယခုဆောင်းပါးအတွက် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက 7Day News ၏ မေးမြန်းမှုများကို ပြန်လည်မဖြေဆိုပါ။)
အစိုးရက ပညာရေးအသုံးစရိတ်နည်း၍ ပံ့ပိုးမှုအားနည်းချိန်တွင် ဆရာ၊ ဆရာမများ၏လစာကို မြန်မာနိုင်ငံ၏ အချမ်းသာဆုံး တိုင်းရင်းသားလုပ်ငန်းရှင်များက လူမျိုး၊ ဘာသာ၊ ပညာအတွက် ပံ့ပိုးခဲ့လျှင်မူ တစ်ခဏအတွင်း ပြေလည်နိုင်ကြောင်း ပညာရေးကူညီဆောင်ရွက်နေသူများက ပြောသည်။ ရှိုင်းဟုပ်ကုမ္ပဏီတစ်ခုတည်းပင်လျှင် ဆယ်နှစ်ခန့်အတွင်း ဆရာ၊ ဆရာမ ငါးသောင်းကျော်အတွက် လစာများ လှူဒါန်းပေးနိုင်၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဋ္ဌေးကြီးများအတွက် မတတ်နိုင်စရာမရှိ။
“သူဋ္ဌေးကြီးတွေ မလှူဘူး။ နိုင်ငံတော်အကြီးအကဲတွေလာမှ သူဋ္ဌေးတွေလာတာ။ ဘကကျောင်းတွေကို နိုင်ငံတော်အကြီးအကဲတွေ သွားလေ့မရှိဘူး”ဟု အရှင်ဂမ္ဘီရဗုဒ္ဓိကမိန့်သည်။
နိုင်ငံတစ်ဝန်းရှိ ကလေးများ စာတတ်မြောက်ရန် ဘကကျောင်းများမှာ အဓိကကျကြောင်း ပညာရေးသုတေသီ ဒေါက်တာသိန်းလွင်နှင့် ဆရာကိုတာတို့ကပြောသည်။ အဆိုပါကျောင်းများမှာ ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် တစ်ခုတည်းသော အားထားရာ ကျောင်းတော်ကြီးများဖြစ်ပြီး အစိုးရကျောင်းများပင် မဖွင့်နိုင်သော ဝေးလံခေါင်ဖျားနေရာများတွင်လည်းရှိ၍ ဖြစ်သည်ဟု ဒေါက်တာသိန်းလွင်ကရှင်းပြသည်။
သို့သော် အခြေခံလူတန်းစားများ အားထားရာ ကျောင်းတော်ကြီးများမှာ ရပ်တည်လည်ပတ်နိုင်ရေး အခက်အခဲများလှပါသည်။ ဆရာ၊ ဆရာမများအတွက် လစာချီးမြှင့်ငွေ ပုံမှန်ရရှိရန်အပြင် ထူးချွန်သော ဆရာ၊ ဆရာမများကို ဆက်ထိန်းထားရန် မလွယ်ကူ။ လစာနည်းသည့်အပြင် ဆရာချင်းတူသော်လည်း ဘကဆရာ၊ ဆရာမဆိုလျှင် အထင်သေးတတ်ကြ၍ အလုပ်ပြောင်းရွှေ့မှုများ မကြာခဏကြုံရသည်။
မေတ္တာ၊ စေတနာ၊ အနစ်နာတို့ကို အရင်းတည်၍ ဘကကျောင်းများတွင် ဆရာ၊ ဆရာမများ ပညာသင်ပေးကြသော်လည်း ၎င်းတို့၏ သင်ကြားမှုစွမ်းရည်မြှင့်တင်ရေးကလည်း ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ ဆရာ၊ ဆရာမများတွင် ဘကကျောင်းများမှာပင် ပညာနို့စို့ခဲ့ပြီး ကလေးငယ်များကို ပညာဖြန့်ဝေသူများရှိသလို၊ အစိုးရကျောင်းများတွင် လုပ်လိုသော်လည်း မရသူ ဆရာ၊ ဆရာမ လုပ်လို၍ အတွေ့အကြုံရှာလိုသည့် အနေဖြင့် လုပ်သူများရှိသည်။ တစ်ခါတစ်ရံ အထက်တန်းကျောင်းတက်နေဆဲသူများကပင် ဆရာ၊ ဆရာမ အခက်အခဲကြောင့် အောက်မှအတန်းများကို သင်ပေးနေရသူများလည်း ရှိသည်။ သေချာသည်မှာ ၎င်းတို့ထဲမှ အများစုမှာ ပညာသင်ကြားနည်းစနစ်များ စနစ်ကျစွာသင်ယူရခြင်း၊ တတ်မြောက်ခြင်းမရှိပါ။
ထိုပြဿနာကို ပြင်ပမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၊ လူငယ်ပညာတတ်များ အခမဲ့ကူညီပေးမှုများ ရှိသလို ပြည်တွင်းပြည်ပ အဖွဲ့အစည်းမျိုးစုံကလည်း သင်ကြားနည်းပညာများ သင်တန်းပေး၍ ဖြေရှင်းနေသည်လည်း ရှိပါသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အဆင့်မြှင့်တင်ရေးအဖွဲ့ - CPME ကို ဖောင်တော်ဦးဆရာတော်နှင့် ပညာရေးနှင့်
သက်ဆိုင်သော ပရဟိတများ လုပ်ကိုင်နေသော ဆရာကိုတာတို့က ပူးပေါင်း၍ ၂၀၀၇ ခုနှစ်မှစကာ ဘကဆရာ၊ ဆရာမများကို အရည်အသွေးမြှင့် သင်တန်းများ ပေးနေသည်လည်းရှိသည်။ စာသင်ကြားနည်း၊ ကိုယ်တိုင်ဆန်းစစ်ဝေဖန်၍ ယုံကြည်မှု တည်ဆောက်ပေးခြင်း၊ အသက်မွေးဝမ်းပညာများ စသည်တို့ကို အဓိကသင်ပေးသည်။ တစ်ကျောင်းလျှင် ဆရာ၊ ဆရာမ လေးဦးနှုန်းဖြင့် သင်တန်းပေးခဲ့ရာ၊ ဆရာ၊ ဆရာမ၊ ဆရာတော် ၆၀၀ ၀န်းကျင် သင်တန်းပေးခဲ့ပြီးဖြစ်သည်။ သင်တန်းတက်ခဲ့သော ဆရာ၊ ဆရာမ၊ ရဟန်းနှင့် သီလရှင်များက ရက် ၇၀ ကြာ CPME တက်ရောက်ပြီးပါက သင်ကြားမှုစွမ်းရည်နှင့် ယုံကြည်မှုများစွာ တိုးလာကြောင်း ပြောသည်။
ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန် မင်္ဂလာဒုံမြို့နယ်ရှိ တောတိုက်ဓမ္မရိပ်သာ အပါအ၀င် အခြားကျောင်းတိုက်နှင့် အဖွဲ့အစည်းအချို့ကလည်း သင်တန်းပေးသည်။ ပြည်ပသို့ ပို့ဆောင်သင်တန်းပေးသည်များ ရှိသော်လည်း တစ်နိုင်ငံလုံးတွင် သောင်းနှင့်ချီသော ဆရာ၊ ဆရာမများထဲတွင် အများစုမှာ ယနေ့အထိ သင်ကြားမှုနည်းစနစ်များ တက်ရောက်ရန် လက်လှမ်းမမီသေး။
“ဟိုးရှေးခေတ်ကလို ပြန်ဖြစ်နေတာ။ လေးတန်းအောင် တော်ရော့ပေါ့ဆိုတာမျိုး ဖြစ်နေတယ်”ဟု ကြီးလေးက မျိုးဆက်သစ်လူငယ်များနှင့် ၎င်းတို့၏မိဘများ ပညာရေးရည်မှန်းချက် နည်းလာမှုကို ပြောသည်။
“တော်တော်များများ မိသားစုက စာဖတ်တတ်ရင်ရပြီ။ ၁၀ နှစ် ၁၅ နှစ်ဆို မိဘတွေက ကျောင်းကထွက်ပြီး အလုပ်လုပ်ခိုင်းချင်တယ်။ မိဘတွေကိုပြောရင် ဒီခေတ်မှာက မိသားစုငါးယောက်ရှိရင် ငါးယောက်လုံးလုပ်မှ အဆင်ပြေတယ်လို့ ပြောတယ်”ဟု ကျောင်းသားများ စာသင်ခန်းတွင် ရှိနေရန် ကြုံရသော အခက်အခဲကို မဆွေဝေလွင်ကမျှဝေသည်။
အစိုးရကျောင်းများတွင် ကျောင်းထွက်နှုန်းများသည်ထက် ဘကကျောင်းများက ပိုများသည်။ မူလတန်းမှ ၉ တန်း၊ ၁၀ တန်း အထိ ဆက်လက်ပညာသင်သူ ရာခိုင်နှုန်းက နည်းလွန်းလှသည်။ ထိုအချက်က အဓိကအခက်အခဲတစ်ခုဖြစ်၏။
“ဒို့တိုင်းပြည်ကို ဒို့တိုးတက်အောင် ဘယ်လိုလုပ်မလဲ တွေးတဲ့အခါ ပညာရေးကို လုပ်မှရမယ်လို့ ခံယူတယ်”ဟု ဆရာတော်စန္ဒာဝရက ပညာဖြန့်ဝေသော အလုပ်လုပ်ဖြစ်ရခြင်း၏ အကြောင်းရင်းကို မိန့်သည်။
ကြီးလေးကတော့ စာသင်ရသည်ကို ၀ါသနာပါ၍ မပြည့်စုံသူများကို ကူညီမြေတောင်မြှောက်သည်ဟုမိန့်သည်။
“နိုင်သလောက် ကောက်သင်းကောက်ပြီး လုပ်ပေးတာပါ။ ဆန်ကောင်းလေးတွေ ထွက်လာမှာပဲလို့ မျှော်လင့်တယ်”။
ထိုကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ဆရာတော်နှင့် သီလရှင်များက မေတ္တာတရားကို အရင်းတည်၍ နွမ်းပါးကလေးငယ်များကို ပြုစုပျိုးထောင်နေချိန်တွင် ဘကကျောင်းများကို အသုံးချ၍ လိမ်လည်အလှူခံသူ အချို့လည်းရှိသည်။ ထို့သို့ အလှူခံသူများကြောင့် စေတနာရှင်များ အထင်မှားသည်များလည်းရှိ၏။ ယင်းမှာ အခက်အခဲတစ်ခုလည်းဖြစ်သည်။
ပညာရေးမှာ အမြဲဖွံ့ဖြိုးနေသည့်အတွက် အဆိုပါကျောင်းများ၏ ဦးဆောင်ဆရာတော်များ အမြင်ကျယ်ရန်မှာ အလွန်အရေးကြီးသည်။ ဦးဆောင်သူများ အမြင်မကျယ်ပါကလည်း ဘကပညာရေး မဖွံ့ဖြိုးနိုင်ပေ။
ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးရန်မှာ ဘဏ္ဍာငွေတောင့်တင်းရန်၊ သင်ကြားနည်းစနစ်များ မြှင့်တင်ပေးရန်၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ပေးရန် စသည်တို့မှာ အရေးကြီးဆုံးအချက်ပင် ဖြစ်နေသည်။
“အစိုးရဘတ်ဂျက်က ဘကဆရာ၊ ဆရာမတွေကို လခပေးနိုင်ရင် အရမ်းကောင်းမယ်”ဟု ပညာရေးသုတေသီ ဒေါက်တာသိန်းလွင်ကအကြံပြုသည်။
တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်က အစိုးရအနေဖြင့် ဆရာ၊ ဆရာမများအတွက် လစာမပေးနိုင်လျှင်ပင် ကျောင်းအသီးသီး၌ ပညာပဒေသာပင် စိုက်ပေးရင် များစွာသင့်လျော်မည်ဟု မိန့်သည်။
ကလေးငယ်များကို မည်သည့်အချိန်ထိ ပြုစုပျိုးထောင် ပညာသင်ကြားရန် အစီအစဉ်ရှိသလဲဟု အမေးကို ကြီးလေးက “မပြည့်စုံတဲ့ ကလေးတွေ ရှိနေသရွေ့ သင်ပေးမယ်”ဟု ဖြေသည်။
ဆရာတော်စန္ဒာဝရကတော့ CPME မှ သင်ယူခဲ့ရသော နည်းလမ်းဖြင့် အလှူရှင် အမြဲမရှိနိုင်သည့်အတွက် ကျောင်းစရိတ်အဆင်ပြေရန် ဆပ်ပြာဆီထုတ်၍၊ မှိုစိုက်၍ ကျောင်းဝင်ငွေရှာနိုင်ရန် ပြင်ဆင်နေလေသည်။ ။
By 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment