Wednesday 17 October 2012

စစ်ဗိုလ်များ အရေခွံထူဖို့ လိုသေးသည်


လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အပိုင်ယူထားတဲ့အပြင်  မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေတဲ့အတွက် စစ်ဗိုလ်တွေလည်း
နိုင်ငံရေးသမား ဖြစ်လာပါပြီ။

နိုင်ငံရေးသမား ဖြစ်လာရင်  အရေထူဖို့လိုအပ်တာ အသေအချာပါပဲ။

မကြာသေးခင်က မြန်မာတိုင်းမ်ဂျာနယ်ကာတွန်းတကွက်ကြည့်ပြီး  စစ်အရာရှိနိုင်ငံရေးသမားတို့က မကျေမနပ်ဖြစ်နေကြတယ်လို့ ဆိုတယ်။
စစ်တပ်အာဘော်သတင်းစာကနေလည်း ဂျာနယ်ကို ခြိမ်းခြောက်တဲ့ ဆောင်းပါးတစောင် ဖော်ပြတဲ့နည်းနဲ့ တုန့်ပြန်ပါတယ်။
အရေခွံပါးရင်တော့ ဒီမိုကရေစီခေတ်ကို ဘယ်လိုအရောက်သွားကြမလဲ။ အရပ်သားအရေခြုံထားတဲ့အစိုးရလို့ ပြောဆိုတာ မခံချင်ရင်တော့ ဒီမိုကရေစီနိုင်ငံတခုမှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ ဆင်ခြင်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံဟာ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီး ဒီနေ့အချိန်အထိ  ဘယ်လိုနိုင်ငံအမျိုးအစားကို ရောက်နေပြီလဲ။ နိုင်ငံ မွဲပြာကျသွားတာဟာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ပြီး တလွဲ စီမံမှုတွေကြောင့်မဟုတ်ဘူးလား။

စစ်ဗိုလ်တွေအုပ်ချုပ်တဲ့ကာလတလျှောက်လုံး မြို့ပေါ်မှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိပါတယ်လို့ အခုချိန်ထိ ၀န်ခံတာ၊ ထုတ်ဖော်ပြောဆိုတာ မရှိသေးဘူး။

တိုင်းရင်းသားဒေသများမှာ နှစ်ပေါင်းများစွာ အနိုင်ကျင့်မှုမျိုးစုံ ဖြစ်ပွားခဲ့တာတွေကလည်း လက်နက်အားကိုးပြီး ဗိုလ်ကျစိုးမိုးခဲ့တာပါပဲ။
တပ်မတော်အတွင်းမှာလည်း ဘာလူမျိုးဖြစ်နေလို့ ရာထူးကြီးကြီး မပေးဘူး၊ ဘယ်ဘာသာကိုးကွယ်လို့ ရာထူး မတက်ပေးဘူး ဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရုပ်ဆိုးပါတယ်။ ဒီလို အမြင်မတော်တာတွေ ဖြစ်နေရင်တော့ ပြောဆို ရေးသား ဝေဖန်ခံရမှာပါ။

အခုနောက်ဆုံး -  အရပ်သားအစိုးရအုပ်ချုပ်တာ တနှစ်ကျော်လာပေမယ့် နိုင်ငံရေးအကျဉ်းသားတွေအကုန်လွတ်မလာသေးတာ၊ ဓားစာခံတွေအဖြစ် ဆက်ဖမ်းထားတာဟာ အင်မတန်မှ ရုပ်ဆိုးပါတယ်။
ဒီလူတွေဟာ ရာဇ၀တ်သားတွေဖြစ်တယ် စသဖြင့် အရှက်မရှိ ပြောရဲ ဆိုရဲတာကို နိုင်ငံရေးသမားတယောက်ရဲ့အရည်အချင်းလို့ ထင်ရင် မှားပါလိမ့်မယ်။
ဟိုတလောကတော့ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်က အင်တာဗျူးတခုမှာ ပြောပါတယ် - ရာဇ၀တ်မှုကျူးလွန်သူ၊ ဖောက်ခွဲရေးနဲ့ဆက်နွယ်သူတို့ကို မလွှတ်ပေးဘူး တဲ့။
ဒါဆို ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့တာ ဘာသဘောလဲ။ နာမည်ပျက် ထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးသမားတချို့ကို ဖောက်ခွဲမှုနဲ့ဆက်နွယ်သူလို့ စွပ်စွဲထောင်ချတာနဲ့ပဲ ဒီလူတွေဟာ အကြမ်းဖက်သမားတွေလို့
ဗိုလ်ချုပ်ကြီးဟောင်းသမ္မတက တကယ် ယုံနေသလား။

မြန်မာ့တပ်မတော်ဟာ KMT တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ဖယ်ရှားပေးခဲ့တာမျိုးလို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုများအတွက် မြန်မာ့သမိုင်းမှာ အင်မတန် နာမည်ကောင်း ရခဲ့ပါတယ်။
ကျေးဇူးတင်စရာ အင်မတန်ကောင်းပါတယ်။ သို့သော်လည်း နာမည်ကောင်း ဆိုတာ ကိုယ်အနေအထိုင်ဆင်ခြင်ပါမှ ဆက်ပြီး တည်တံ့မှာပါ။

မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ၀င်ရောက်ဆောင်ရွက်တာ၊ တည့်တည့်ပြောရရင် စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်တာဟာ သင့်တော်ရဲ့လား၊  သဘာဝကျရဲ့လား၊ အနာဂတ်အတွက် ဘယ်လို သက်ရောက်မှုရှိမလဲ ဆိုတာ တခြားသူကိုလည်းမေး၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆင်ခြင်သင့်ပါတယ်။

လောလောဆယ် အခြေခံဥပဒေပြဋ္ဌာန်းချက်များကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများသာမက ဌာနဆိုင်ရာများမှာလည်း စစ်အရာရှိတွေ ရောက်နေပါတယ်၊  စစ်အရာရှိနိုင်ငံရေးသမား အများအပြား ပေါ်ထွန်းနေပါတယ်။
အဝေဖန်မခံနိုင်ရင်၊ အရေ မထူရင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားသင့်ပါဘူး။

ဒီမိုကရေစီနိုင်ငံ ဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုကြတဲ့ဒေသကို ခေါ်ဆိုတာဖြစ်ကြောင်းသတိထားမိကြမယ်လို့ ယူဆပါတယ်။

By Irrawaddy

No comments:

Post a Comment