Wednesday 17 October 2012

လယ်မြေအသိမ်းခံရခြင်း၏ အဓိကအကြောင်းရင်းပေါ်ပေါက်

လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်အရ ကုမ္ပဏီများအပြင်
တပ်မတော်နှင့် ဒေသအာဏာပိုင်တို့က စီမံကိန်းများအတွက် လယ်မြေအများဆုံး သိမ်းယူဟုဆို


ရန်ကုန်၊ အောက်တိုဘာ-၁၂

လယ်ယာမြေစုံစမ်းရေးကော်မရှင် အဖွဲ့ခွဲများ၏ ကွင်းဆင်းတွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် တပ်မတော်စီမံကိန်းများနှင့် ဒေသအာဏာပိုင်တို့၏ လယ်မြေသိမ်းဆည်းခြင်းများမှာ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်မူ ကုမ္ပဏီများ၏ သိမ်းယူမှုမှာ အများဆုံးဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်မတော်စီမံကိန်းများကြောင့် သိမ်းဆည်းခံရခြင်းများနှင့် စပ်လျဉ်း၍ “မကွေးတိုင်းဒေသကြီးမှာဆိုရင် ၇၅ ရာခိုင်နှုန်းကို ကပစတပ်က သိမ်းထားတာတွေ့ရတယ်”ဟု အဖွဲ့ခွဲ(၅)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းကပြောသည်။

အချို့စီမံကိန်းများတွင် သက်ဆိုင်ရာတပ်များက သိမ်းဆည်းထားသော လယ်မြေများ၌ စိုက်ပျိုးခွင့်ပေးထား၍ ဒေသခံလယ်သမားများ ကျေနပ်ကြကြောင်း သိရသည်။

“ဆိတ်ဖြူ ကပစ(၂၁)က လယ်သမားတွေကို သိမ်းထားတဲ့ လယ်မြေတွေမှာ လုပ်ကိုင်ခွင့်ပေးထားတော့ ကျေနပ်ကြတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကဆိုသည်။

မကွေးတိုင်း ၈ - မြို့နယ်တွင် စုံစမ်းတွေ့ရှိချက်များအရ မလိုအပ်ဘဲ လယ်ဧကများစွာ မသိမ်းရန်၊ သိမ်းယူသော လယ်မြေဧကများကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေပေးရန်၊ ကန်သင်းရိုး၊ ရေမြောင်းများနှင့် အစားထိုးမြေ ဖော်ထုတ်ပေးရန်၊ အသုံးမပြုသော လယ်မြေများတွင် ၀င်ရောက်လုပ်ကိုင်ခွင့်ပေးရန်၊ လုံခြုံရေးအရ မပေးနိုင်ပါက လျော်ကြေးငွေပေးရန်တို့ကို ကော်မရှင်ထံ တင်ပြသွားမည်ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက်များအရ ကုမ္ပဏီများ၏ သိမ်းယူမှုမှာ အများဆုံးဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

ဒဂုံစက်မှုအထူးဇုန် သုံးခုတွင် စက်မှုလယ်ယာစီမံကိန်းများအတွက် လယ်မြေသိမ်းဆည်းမှုများကို ကွင်းဆင်းစုံစမ်းခဲ့ပြီး ကုမ္ပဏီ ၁၆ ခုနှင့် လယ်သမားများကို တွေ့ဆုံခဲ့ကြောင်း၊ အများစုမှာ ဆွေးနွေးညှိနှိုင်းပါက ပြေလည်နိုင်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ(၁)မှ အဖွဲ့ဝင်တစ်ဦးက ၎င်း၏အတွေ့အကြုံကိုပြောသည်။

“လယ်မြေအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဖို့ ဆန္ဒရှိကြတာကို တွေ့ရတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးရာတွင် ဒေသခံအာဏာပိုင်များနှင့် ဌာနဆိုင်ရာအချို့၏ တားဆီးမှုများ ကြုံတွေ့နေရသည်ကို ကော်မရှင်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်အများစုက သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ရရှိကြောင်း၊ ကျေနပ်မှုရှိကြောင်း 7Day News သို့ ပြောသည်။

“ဒေသခံအာဏာပိုင်တွေက ကွင်းဆင်းတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တွေ့တာကတော့ မူလလက်ငုပ်နဲ့ လက်ရှိ လက်ငုတ်ပြဿနာကများတယ်”ဟု ဖျာပုံမြို့နယ်တွင် ကွင်းဆင်းစစ်ဆေးခဲ့သော ဦးမန်းမောင်မောင်ဉာဏ်ကပြောသည်။

ရခိုင်ပြည်နယ်တွင် ကုမ္ပဏီများနည်းပါးကြောင်း၊ လယ်မြေသိမ်းဆည်းခံရမှု အများစုမှာ တပ်မတော်စီမံကိန်းများနှင့် ဒေသအာဏာပိုင်အချို့၏ သိမ်းယူမှုများဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောသည်။

လက်ရှိ စုံစမ်းရေးကော်မရှင် ကွင်းဆင်းမှုများကို တောင်သူလယ်သမားများက ကြိုဆိုကြပြီး မျှော်လင့်ချက်များစွာ ထားရှိကြသည်။ ကော်မရှင်သည် အဆုံးအဖြတ်ပေးနိုင်သည့် အဖွဲ့အစည်းမဟုတ်ဘဲ ကွင်းဆင်းတွေ့ရှိချက်များ၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များကပြောသည်။

လက်ရှိတွင် ကော်မရှင်၏ ကွင်းဆင်းမှုများကို ပါတီညီလာခံများ၊ လွှတ်တော်အစည်းအဝေးများကြောင့် ရပ်နားထားဖွယ်ရှိသော်လည်း လွှတ်တော်ပိတ်ရက်များတွင်ပါ မရောက်သေးသည့် ဒေသများသို့ ကွင်းဆင်းရန် ဥက္ကဋ္ဌနှင့်တိုင်ပင်ထားကြောင်း အဖွဲ့ဝင်တစ်ဦးကဆိုသည်။

မိမိတို့၏ နစ်နာချက်များကို အမှန်အတိုင်းဖြစ်စေရန် စုံစမ်းရေးကော်မရှင်ကို မျှော်နေကြကြောင်း လယ်သမားတစ်ဦးက 7Day News သို့ ပြောသည်။

“ကော်မရှင်အမြန်ဆုံးလာဖို့ ဘယ်သူ့ကို ဆက်သွယ်ရမလဲမသိဘူး”ဟု သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ လယ်သမားကြီး ဦးလှမြင့်ကပြောသည်။

By 7Day News Journal

No comments:

Post a Comment