Tuesday 30 October 2012

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင် ၁၃ ဦး သေဆုံး


ဧရာမ ဟာရီကိန်းမုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မနေ့က အနည်းဆုံး
လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယားအနောက်ပိုင်းနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီးမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့်မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုရွန်တို ရဲတပ်ဖွဲ့ ပြောကြားချက်အရ ကနေဒါအမျိုးသမီးတဦးကတော့ လွင့်ပျံလာတဲ့ အပျက်အစီးတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ်ကမ်းခြေဒေသတွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂလန်မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။

မုန်တိုင်းကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီးဆုံးရှူံးနိုင်တယ်လို့ ဘေးအန္တရာယ်ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။

By DVB TV News

No comments:

Post a Comment