Tuesday 30 October 2012

သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ခိုးကြီးစေတီတော်များ၊ ဘုရားများနှင့် အပန်းဖြေ ဥယျာဉ်များတွင် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကား


30mt2သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ခိုးကြီးစေတီတော်များ၊ ဘုရားများနှင့် အပန်းဖြေဥယျာဉ် များတွင် လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။


သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီးစေတီတော်များ၊ ဘုရားများတွင် ယခင်နှစ်များထက် လာရောက် ဘုရားဖူးသူများ ပိုမိုများပြားလာပြီး နယ်ဒေသအသီးသီးမှ လာရောက်ဖူးမြော်ကြသူ များပြားကြောင်း တွေ့ရှိရသည်။

30mt3

လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်(ကျောက်တော်ကြီးဘုရား)အား လာရောက်ဖူးမြှော်သည့် ပြည်သူများအား တွေ့ရစဉ်
ရွှေတိဂုံစေတီတော်၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးစေတီတော် စွယ်တော်မြတ်စေတီတော်၊ မဟာဝိဇယ စေတီတော်၊ ငါးထပ်ကြီးဘုရား၊  စသည့် တန်ခိုးကြီးဘုရား စေတီတော်များတွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားပြီး စေတနာရှင်များ၏ စတုဒီသာ အလှူအတန်းများ၊ ရွှေသင်္ကန်း ကပ်လှူပူဇော်သူများဖြင့် အထူးများပြားလျက်ရှိကြောင်း သိရှိရသည်။

30mt4

စွယ်တော်မြတ်စေတီအား ဖူးတွေ့ရစဉ်
'' ဘုရားပေါ်မှာ လူအရမ်းများတော့ ပင်တော့ပင်ပန်းတယ်။ ဒါပေမယ့် ရွှေတိဂုံဘုရားကြီးကို ဖူးချင်တဲ့  ဆန္ဒနဲ့ဆိုတော့ မောတာတောင် မသိတော့ပါဘူး။ သွားရ လာရတာတော့ အရမ်းခက်ခဲတယ်။ လူတွေ၊ ကားတွေက အရမ်းများတော့ နေရာတိုင်းမှာ ပြည့်နေတာပဲ။ တစ်နေရာနဲ့တစ်နေရာသွားရတာ အရမ်းခက်ခဲတယ်။ အခု ဘုရားမှာ ထိုင်စရာနေရာတောင် တော်တော်ရှားနေတယ်'' ဟု သုံးခွမြို့နယ်မှ လာရောက်ဖူးမြော်သူ အသက် ၆၅ နှစ် အရွယ် ဒေါ်ခင်ပြုံးမှ ပြောကြားခဲ့သည်။

30mt5

ကျိုက်ခေါက်စေတီတော်သို့ လာရောက်ဖူးမြှော်သည့် ပြည်သူများအား တွေ့ရစဉ်
ဘုရားမုဒ်ဦးဝတိုင်းတွင်လည်း ဈေးသည်များ၊ အလှူခံများ၊ ၀ယ်ယူ စားသောက်သူများဖြင့် အထူးစည်ကားသော်လည်း ငါးလွှတ်သူ၊ ငှက်လွှတ်သူ၊ ငါးစားကျွေးသူများမှာမူ အနည်းငယ်သာရှိကြောင်း တွေ့ရ သည်။

ထို့ပြင် သန်လျင်မြို့နယ်အတွင်းရှိ ကျိုက်ခေါက်စေတီတော်နှင့် ကျောက်တန်းမြို့နယ်ရှိ ကျိုက် မှော်ဝန်း ရေလယ်စေတီတို့တွင်လည်း ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားခဲ့ပြီး ကျိုက်ခေါက်စေတီတော်တွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီးတစ်သောင်းကျော် ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) တွင်လည်း မြတ်ကုသိုလ် တံမြတ်လှည်းအသင်းမှ ဆီမီးသုံးထောင်ကို သီတင်းကျွတ်လပြည့်ညတွင် ဘုရားရင်ပြင်တော်ပေါ်တွင် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

30mt7

ရွှေတိဂုံစေတီတော်တောင် ဘက်မုဒ် တွင်စတုဒီသာလှူဒါန်းနေစဉ်
သီတင်းကျွတ် လပြည့်နေ့တွင်  ရန်ကုန်တိရစ္ဆာန် ဥယျာဉ်နှင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်တို့၌လည်း လာရောက် အပန်းဖြေသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

'' ဒီနေ့မှာ အပန်းဖြေသူတွေများတာကြောင့် လုံခြုံရေးကိုလည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ တိရစ္ဆာန်ဥယျာဉ်က လုံခြုံရေးအယောက် ၂၀ အပြင် မင်္ဂလာတောင်ညွှန့် ရဲစခန်းကိုလည်း အကူအညီတောင်းထားလို့ လာရောက်ကူညီပေးပါတယ်'' ဟု ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

30mt1

မယ်လမုစေတီတော်သို့ လာရောက်ဖူးမြှော်သည့် ကလေးငယ်များအား တွေ့ရစဉ်
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် သတင်းကျွတ်လပြည့်နေ့ အထူးအစီအစဉ်အနေဖြင့် ပြကွက်ပေါင်း ၄၀ ကျော်ပါဝင်သည့် တိရစ္ဆာန်လိမ္မာပြပွဲကို နေ့လည် ၂ နာရီမှ ၄ နာရီအထိ ပြသပေးလျက်ရှိကြောင်း သိရသည်။

30mt6

ကျိုက်မှော်ဝန်း စေတီတော်(ရေလယ် ကျောက်တန်း) တွင် ဘုရားဖူးပြည်သူများမှ ငါးစာကျွေးနေသည်ကို တွေ့ရစဉ်
'' ဒီနေ့က ကျောင်းပိတ်ရက်လည်း ဖြစ်တယ်။ သီတင်းကျွတ်လပြည့်နေလည်း ဖြစ်တာကြောင့်  ကလေးတွေကို တိရစ္ဆာန်ဥယျာဉ်နဲ့ ရွှေတိဂုံဘုရားတို့ကို လိုက်ပို့ဖြစ်တယ်။ တိရစ္ဆာန်ဥယျာဉ်က ၀င်ကြေး  တစ်ထောင်ဆိုပေမယ့်လည်း ကလေးတွေအတွက် တခြား အပန်းဖြေနေရာ ရှားတာကြောင့် တရိစ္ဆာန်ဥယျာဉ်ကိုပဲ လိုက်ပို့ဖြစ်တယ်။ ဒီနေ့မှာတော့ အရင်နှစ်တွေထက် လူလည်းပိုစည်လာသလို ကားတွေလည်း ပိုကြပ်လာတယ် '' ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော မဟေမာက ပြောပါသည်။

30mt

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် အပန်းဖြေနေကြသူများအား တွေ့ရစဉ်
ထို့ပြင် ကန်တော်မင်္ဂလာပန်းခြံနှင့် တိရစ္ဆာဥယျာဉ် ပတ်လမ်းတစ်လျောက်၌ တစ်နိုင်တစ်ပိုင် ဈေးရောင်းသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

30mt9

ကန်တော်ကြီးဥယျာဉ်တွင် အပန်းဖြေနေကြသူများအား တွေ့ရစဉ်
'' ကျွန်တော်က ကမာရွတ်မြို့နယ်မှာ နေတာပါ။ ပုံမှန်ရောင်းနေကျကတော့ ဘားလမ်းမှာပါ။ ဒီလို အခါကြီး ရက်ကြီးတွေဆိုရင်တော့ လာရောင်းဖြစ်တယ်။ ပုံမှန်ထက် နှစ်ဆလောက်ပိုရောင်းရတယ်။ ဒါပေမယ့် ဘားလမ်းကနေ ဒီအထိ ထမ်းလာရတာဆိုတော့ ပိုပင်ပန်းတယ်'' ဟု ကန်တော်ကြီး ပတ်လမ်းတွင် ရွှေရင်အေးရောင်းချသူ ဈေးသည်တစ်ဦးက ပြောပါသည်။

By Eleven Media Group

No comments:

Post a Comment