Tuesday 30 October 2012

လူထုမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအား ရဲမှပစ်ခတ်၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ


Kyauk Ni Maw 30-10-12ယနေ့ နံနက်(၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေမျောက်ဝကျေးရွာ၌ လူထုမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအား
ရဲပစ်ခတ်မှုကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်သူမှာ ကျောက်နီမော်ရဲစခန်းမှ ဒုရဲအုပ်-ကျော်လွင်ဖြစ်ပြီး ပစ်ခတ်ခံရသူများမှာ ရေမျောက်ဝကျေးရွာမှ အဘ ဦးကျော်ဟန်၏သား ဦးဟန်တင်(၅၇)နှစ်နှင့် သပြေချောင်းကျေးရွာမှ ဦးချမ်းတင်၏သား မောင်သန်းရွှေ (၄၂)နှစ်တို့ဖြစ်ကြသည်။ ဦးဟန်တင်မှာ ညာဖက်ရင်ဘတ်တွင် ကျည်ထိကာ ချက်ချင်းသေဆုံးသွားပြီး မောင်သန်းရွှေမှာ ပေါင်တွင်ကျည်ထိပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်းနှင့် ရမ်းဗြဲမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံတစ်ဦးအား မေးမြန်းရာ " ဒီနေ့ မနက် (၈)နာရီမှာ ရေမျောက်ဝကျေးရွာမှ ချောင်းဝရွာနှင့် ကျောက်ထရံရွာကြားမှာ ရွာသူရွာသား (၂၀၀)ခန့််လောက်က လက်နက်မပါပဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ထိုင်နေကြတုန်းမှာ ရဲစခန်းက ဒုရဲအုပ်-ကျော်လွင်က အသိမပေးပဲ ဘာမှမပြောပဲနဲ့ လူအုပ်ရှေ့ကို ပစ်ထည့်ခဲ့ပါတယ်။ အဲဒီမှာရှေ့ကထိုင်နေတဲ့ ဦးဟန်တင်ရဲ့ ညာဖက်ရင်ဘတ်ကို ကျည်ဆံဝင်ပြီးတော့ နောက် ကျောကို ဖောက်ဝင်သွားပါတယ်။ ဦးသန်းရွှေမှာကတော့ ပေါင်မှာဒဏ်ရာရသွားပြီးတော့ ရမ်းဗြဲဆေးရုံကို ထော်လာဂျီနဲ့ ယူသွားပါတယ်။ အခုကြားရတာကတော့ ကျောက်ဖြူဆေးရုံကိုတောင် ပို့ရမယ်လို့ ကြားပါတယ်။ " ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဆက်လက်မေးမြန်းရာ " ကျွန်တော်တို့အနေနဲ့ ဘင်္ဂလီတွေနဲ့ အတူနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကြောင့် အခု ရခိုင်ပြည်အတွင်းမှာ ဆူပူမှုတွေ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မလုံခြုံတော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကို ကျွန်တော်တို့ရွာတွေမှာ မထားဖို့အတွက် ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ဦးဟန်ရွှေကို တရားလက်လွတ် ပစ်ခတ်လိုက်တဲ့ ဒုရဲအုပ်-ကျော်လွင်ကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်ကို တောင်းဆိုထားပါတယ်။ သူကလည်း နယ်စပ်ရေးရာ ဝန်ကြီးကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။ အခု ကျွန်တော်တို့ဖက်မှာ လူထုအင်အားက (၅၀၀)ခန့ှ်နှင့် ကျောက်နီမော်ရဲစခန်း ထောက်ချိန်ရွာဘက်မှလာတဲ့ ဟုန်းဝရွာဖက်မှ (၁၀၀၀)ကျော်လောက်က ဆန္ဒထုတ်ဖော် နေကြတယ်လို့ ကြားပါတယ်။ လုံခြုံရေးအင်အား(၆၀)ခန့်က စောင့်ကြည့်နေကြပါတယ်။ " ဟု ပြောသည်။

ယခု ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေကို မဏ္ဍိုင်ထားပြီး ဘက်လိုက်မှုမရှိဘဲ ဖြေရှင်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အင်အားစုများကလည်း ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

By Arakan Times

No comments:

Post a Comment